News @ M-Media

Blog

  • စတိုင်ကျသည့် ဟီဂျဘ်နှင့် အိနြေ္ဒရှိသည့် အစ္စလာမ့်ဖက်ရှင်များ မလေးရှားတွင် တောင်းဆိုမှုမြင့်မား

    စတိုင်ကျသည့် ဟီဂျဘ်နှင့် အိနြေ္ဒရှိသည့် အစ္စလာမ့်ဖက်ရှင်များ မလေးရှားတွင် တောင်းဆိုမှုမြင့်မား

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    malay

    – ဟိဂျဘ်ဝတ်ဆင်သည့် မွတ်စလင်အမျိုးသမီး အများအပြားရှိသည့် မလေးရှားနိုင်ငံတွင် စတိုင်ရှိပြီး ဖက်ရှင်ကျသည့် ဟီဂျဘ်များအား တောင်းဆိုမှုများမှာလည်း မြင့်မားလာသည်ဟု သိရသည်။

    “မိမိရဲ့ ဦးခေါင်းကို ဖုံးအုပ်တာဟာ အမျိုးသမီးတွေအပေါ် စိတ်ဖိစီးမှုတွေ ဖန်တီးတာမျိုး မဟုတ်ပါဘူး” ဟု ဒီဇိုင်နာတစ်ဦးဖြစ်ပြီး Mimpikita ဖက်ရှင်ဆိုင်ကို တည်တောင်ထားသည် နူရူလ် ဇူလ်ကီဖလီက ပြောကြားခဲ့သည်။

    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇူလ်ကီဖလီက မလေးရှားတွင် လူကြိုက်များသော အိနြေ္ဒသိက္ခာရှိသည့် ဖက်ရှင်များက ဟီဂျဘ်ဝတ်ဆင်သည့် အမျိုးသမီးများအတွက် အထောက်အကူဖြစ်စေပြီး စွန့်စားတီထွင်လိုသူများအတွက်လည်း ကောင်းမွန်သောဈေးကွက်တစ်ခုကို ဖန်တီးပေးသည်ဟု ပြောကြားခဲ့သည်။

    မလေးရှားရှိ အစ္စလာမ်ဘာသာဝင်အမျိုးသမီး ၅ သန်းခန့်မှာ အစ္စလာမ်ကနည်းကျ အိနြေ္ဒသိက္ခာရှိရှိ ၀တ်ဆင်ကြပြီး ဟီဂျဘ်များကိုလည်း ဆင်ယင်ကြသည်ဟု Moslema In Style ဖက်ရှင်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ အီမီ ယုဇ်လီဗာ ယဟ်ယာက ပြောကြားခဲ့သည်။

    “ကျွန်မတို့မှာ ဟီဂျဘ်နဲ့ မွတ်စလက်ဖက်ရှင်ပေါင်း ၅၀၀ လောက်ရှိပါတယ်” ဟု အီမီ ယုဇ်လီဇာက ဆိုပြီး ၎င်းတို့ ကုမ္ပဏီမှာ အစ္စလာမ့်ဖက်ရှင်ရှိုးများကို စီစဉ်ကျင်းပပေးနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယခုနှစ်နိုဝင်ဘာလတွင် ကွာလာလမ်ပူ၌ Moslema In Style Fashion Forward 2015 ဖက်ရှင်ရှိုး ကျင်းပရန်ရှိနေပြီး ယူကေ၊ ဥရောပ၊ တူရကီ၊ အရှေ့အလယ်ပိုင်း၊ ဘရူးနိုင်း၊ အီဂျစ်နှင့် အင်ဒိုနီးရှားတို့မှ အစ္စလာမ့် ဖက်ရှင်ဒီဇိုင်နာများ ပါဝင်ပြသကြမည် ဖြစ်သည်။

    “မလေးရှားဟာ ပိုရိုးရှင်းပြီး၊ အိနြေ္ဒရှိပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    Reuters သတင်းဌာနက ထုတ်ပြန်သည့် ၂၀၁၄-၁၅ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး အစီရင်ခံစာတွင် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်စားသုံးသူများ အ၀တ်အစားနှင့် ဖိနပ်တို့တွင် သုံးစွဲမှုမှာ ၂၀၁၉ ခုနှစ်အရောက်တွင် ကန်ဒေါ်လာ ၄၇၄ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး ထိုပမာဏက ၂၀၁၃ ခုနှစ်ကထက်စာလျှင် ၈၂ ရာခိုင်နှုန်း တက်လာခြင်း ဖြစ်မည်ဖြစ်သည်။

    မွတ်စလင်မဟုတ်သူများလည်း ကြိုက်နှစ်သက်

    အိနြေ္ဒသိက္ခာရှိပြီး သက်တောင့်သက်သာဖြစ်ကာ ဖက်ရှင်ကြသည့် အဆိုပါ ဒီဇိုင်များကို မွတ်စလင်မဟုတ်သူများလည်း နှစ်ခြိုက်ကြသည်။

    “aere ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါ ကျွန်မအတွက် အဓိကထားကြည့်တာက သက်တောင့်သာရှိတာ၊ အသုံးဝင်တာ ပြီးတော့ တကယ့်ကို စတိုင်ကျတာမျိုးပါပဲ။ ကျွန်မဟာ များသောအားဖြင့် ပွပွတွေ၊ ချောင်ချောင်ချိချိရှိတာတွေ၊ လက်ရှည်၊ စကတ်အရှည်၊ ဘောင်းဘီအရှည်တွေနဲ့ ဖန်တီးပါတယ်။ ဒါတွေက လက်ရှိအချိန်မှာ ရှာဖွေဖို့ ခက်တဲ့ ဒီဇိုင်းတွေပါ။ ပြီးတော့ aere ဖက်ရှင်က လူတွေကို
    တော်တော်ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု aere ဖက်ရှင်ကို စတင်ဖန်တီးခဲ့သူ ရာဂျာ နာဒီယာ ဆာဘရီနာက ပြောကြားခဲ့သည်။

    aere ဖက်ရှင်မှာ သဘာဝကျမှုနှင့် မျှတမှုတို့ကို ကျက်သရေ၊ အိနြေ္ဒရှိမှုတို့ဖြင့် ပေါင်းစပ်ကာ တီထွင်ထားသည့် ဖက်ရှင်ဒီဇိုင်းမျိုး ဖြစ်သည်။

    အနောက်တိုင်း ဒီဇိုင်နာများနှင့် မင်းသမီးများမှာ အိနြေ္ဒရှိသည့် အ၀တ်အစားများကို ပိုမိုကြိုက်နှစ်သက်မှုအား ထောက်ပြက ၎င်းက “ဒါဟာ မွတ်စလင်သီးသန့် ဈေးကွက်မဟုတ်တော့ပါဘူး။ မွတ်စလင်မဟုတ်သူတွေက aere ဒီဇိုင်းတွေကို ၀ယ်ယူဝတ်ဆင်ခြင်းအားဖြင့် ဒီ ဖက်ရှင်ကို အားပေးလာတာ မြင်ရတဲ့ ကျွန်မ ပျော်ရွှင်မိပါတယ်။ aere ဒီဇိုင်းတွေဟာ သင်တို့ရဲ့ အ၀တ်ဘီရိုတွေမှာ ရှိနေပြီးတဲ့ အ၀တ်အထည်တွေနဲ့ တော်တော်လေး လိုက်ဖက်အောင် ဖန်တီးထားတာပါ” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    ခေတ်ပေါ်ဟီဂျဘ်များကို ပိုမိုရွေးချယ်လျက် အမျိုးသမီးငယ်များမှာ အာရပ်ခြုံထည်ဖြစ်သော ဂျူဘာဟ်အစား ရှည်လျား၍ ပွယောင်းသည့် လက်ရှည်ဘလောက်စ်အင်္ကျီများ၊ ခြေမျက်စိဖုံးသည့် စကတ်အရှည်များ ၀တ်ဆင်ရသည်ကို ပိုမို နှစ်သက်ကြသည်။

    “ဒီလိုဒီဇိုင်းမျိုး ဖန်တီးရတာ ပိုပြီး ပျော်စရာကောင်းတယ်လို့ ကျွန်မ ခံစားရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဟီဂျဘ်တွေ၊ အ၀တ်အစားတွေ၊ အခြားသော တောက်တိုမယ်ရ ပစ္စည်းတွေနဲ့ ထိတွေ့နေရလို့ပါပဲ” ဟု ဆာဘရီနာက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်မှာ ဟိဂျဘ်ကို မွတ်စလင်အမျိုးသမီးတိုင်း ဆင်ယင်ရမည့်အရာအဖြစ် သတ်မှတ်ထားသော်လည်း တစ်ဦးတစ်ယောက်၏ ဘာသာအယူဝါဒကို ဖော်ပြသည့်ပုံစံမျိုး မဟုတ်ချေ။

    မလေးရှားနိုင်ငံ၏ ၂၆ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၆၀ ရာခိုင်နှုန်းနီးပါး ရှိပြီး အများစုမှာ မလေးလူမျိုးများ ဖြစ်ကြကာ၊ အိန္ဒိယ၊ တရုတ်နှင့် အခြားလူမျိုး အစ္စလာမ်ဘာသာဝင်များလည်း ရှိကြသည်။

    Ref: Onislam

  • မက်ဆီနှင့် ရော်နယ်ဒိုပြီးလျှင် အဂူရိုအကောင်းဆုံးဟု ပယ်လီဂရီနီပြော

    မက်ဆီနှင့် ရော်နယ်ဒိုပြီးလျှင် အဂူရိုအကောင်းဆုံးဟု ပယ်လီဂရီနီပြော

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    manci

    – မိမိအသင်း၏ အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုထက် ပိုကောင်းသူမှာ မက်ဆီနှင့် ရော်နယ်ဒိုသာ ရှိတော့သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက ဂိုးအများဆုံးသွင်း၍ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရခဲ့သည့် အဂူရိုမှာ စနေနေ့က နယူးကာဆယ်အား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၅ ဂိုး သွင်းယူပေးခဲ့ပြီး ယခုနှစ် ဂိုးအများဆုံးသွင်းသူများ စာရင်းတွင် ၆ ဂိုးဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    “အဂူရိုဟာ တကယ့်ကို အဲဒီအဆင့်မှာရှိတယ်ဆိုတာ (နယူးကာဆယ်နဲ့ပွဲမှာ) ကျွန်တော့်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပြီးတဲ့နောက်မှာတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ သူ့တစ်ယောက်တည်း အတွက်သာမက အသင်းအတွက် အရေးကြီးတာက ကျွန်တော်တို့ မဖြစ်မနေ ဆက်လက်တိုးတက်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ဗိုလ်စွဲဖို့လိုအပ်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အဲဒီပြိုင်ပွဲမှာ အမြဲလိုလိုပါနေပြီး
    ကစားသမားတစ်ယောက်အတွက်လည်း အရမ်းအရေးကြီးပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာတစ်ဝှမ်း ဆင်းရဲမွဲတွေမှု ပထမဆုံးအကြိမ် ၁၀ ရာခိုင်နှုန်းအောက်ရောက်မည်

    ကမ္ဘာတစ်ဝှမ်း ဆင်းရဲမွဲတွေမှု ပထမဆုံးအကြိမ် ၁၀ ရာခိုင်နှုန်းအောက်ရောက်မည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    pover

    – ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ဆင်းရဲမွဲတေသူ အရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းမည်ဖြစ်သော်လည်း အာဖရိကတွင် သန်းနှင့်ချီ၍ ရှိနေခြင်းမှာ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဒါဟာ အကောင်းဆုံး ကိစ္စတစ်ခုပါ။ ဒီရလဒ်တွေက ကျွန်တော်တို့ဟာ လူ့သမိုင်းမှာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို အဆုံးသတ်နိုင်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်တယ်ဆိုတာ ပြသလိုက်တာပါပဲ” ဟု ကမ္ဘာ့ဘဏ်ဥက္ကဌ ကင် ဂျင်မ်ယန်က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘဏ်၏ ကိန်ဂဏန်းများအရ ယခုနှစ်တွင် ကမ္ဘာ့တစ်ဝှမ်းမှ လူဦးရေ ၇၀၂ သန်း (၉.၆ ရာခိုင်နှုန်း)မှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် ရှိနေမည်ဖြစ်ပြီး အများစုမှာ ဆဟာရဒေသနိုင်ငံများနှင့် အာရှနိုင်ငံများမှဖြစ်သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတွေသူများမှာ ၉၀၂ သန်း (၁၃ ရာခိုင်နှုန်း) ရှိခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင်မူ ၂၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

    ထိုကဲ့သို့ အလွန်အမင်း ဆင်းရဲမွဲတေမှု လျော့ကျခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီပွားရေးတိုးတက်မှု အရှိန်ရလာခြင်း၏ ရလဒ်ကြောင့်နှင့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ကင်က ပြောကြားခဲ့သည်။ ထို့ပြင် လူမှုလုံခြုံရေးကလည်း သန်းနှင့်ချီသောလူများကို ဆင်းရဲတွင်းထဲသို့ ပြန်ရောက်ခြင်းမှ တားဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

    ကုသမဂ္ဂ အထွေထွေညီလာခံမှ ချမှတ်သော ၁၅ နှစ်တာ ရည်ရွယ်ချက်များတွင် အလွန်းအမင်း ဆင်းရဲမွဲတွေမှုကို အဆုံးသတ်ရန်လည်း ပါဝင်ပြီး ကမ္ဘာ့ခေါင်းဆောင်များကလည်း အကောင်အထည်ဖော်ရန် ကတိပြုခဲ့ကြသည်။ ထို့ပြင် ဖွံဖြိုးရေး ရန်ပုံငွေကို ဒေါ်လာ ထရီလီယံနှင့်ချီ၍ ကုလက သတ်မှတ်ပေးခဲ့သည်။

    ကမ္ဘာ့ဘဏ်ကမူ ၂၀၃၀ ခုနှစ်တွင် ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး ရည်မှန်းချက်၌ အဓိက အခက်အခဲများရှိနေသည်ဟုလည်း သတိပေးခဲ့သည်။

    “ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုဟာ ဆာဟာရနိုင်ငံတွေမှာ သွားစုနေတာ တော်တော်စိုးရိမ်စရာပါပဲ။ တစ်ချို့သော အာဖရိကနိုင်ငံတွေက ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ သိသာတဲ့အောင်မြင်မှုတွေ တွေ့နေရပေမယ့် အာဖရိက ဒေသတစ်ခုလုံးကတော့ ဆင်းရဲမွဲတေမှု လျှော့ချရေး ခြေလှမ်းတွေမှာ ကျန်ကမ္ဘာ့နိုင်ငံတွေထက် နှေးကွေးနေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    အာဖရိကမှ မာဒါစကာနိုင်ငံနှင့် ကွန်ဂိုနိုင်ငံတို့ကို စိုးရိမ်စရာကောင်းသည့် နိုင်ငံများအဖြစ် ထိုကြေငြာချက်တွင် ဖော်ပြထားပြီး အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံတစ်ချို့မှာ ဆင်းရဲမွဲတေမှုများကြောင့် အချက်အလက်များ မရရှိဟု ဆိုသည်။

    Ref: Channelnewsasia

  • မလေးရှား Maybank မြန်မာနိုင်ငံတွင် ဖွင့်ပြီ

    မလေးရှား Maybank မြန်မာနိုင်ငံတွင် ဖွင့်ပြီ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    may

    – မလေးရှားအခြေစိုက် Malayan Banking Bhd (Maybank) ၏ မြန်မာနိုင်ငံ ဘဏ်ခွဲကို ယနေ့တွင် ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်လိုက်ပြီး ဘဏ်လုပ်ငန်းများ၊ ငွေချေးလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများကို ပေးအပ်သွာမည်ဟု သိရသည်။

    အဆိုပါဘဏ်ခွဲကို အသားတင်ငွေသားပမာဏ ကန်ဒေါ်လာ ၇၅ သန်းဖြင့် စတင်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစက်အောင်နှင့် မလေးရှားဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဒါတွတ် မိုဟာမက် အီဘရာဟင်မ်တို့ တက်ရောက်ခဲ့ကြသည်။

    ထို့ပြင် Maybank ဥက္ကဌ တန်ဆရီ မီဂတ် ဇာဟာရူဒင် မီဂတ် မိုဟာမက် နူရ်၊ စီအီးအို ပိုလီဆင်းမ်၊ မြန်မာ့စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် မိုဟာမက် ဟာနစ်ဖ် အဘ်ဒူလ် ရဟ်မန်တို့လည်း တက်ရောက်ခဲ့သည်။

    မီဂတ် ဇာရာရူဒင်က မိမိတို့မှာ မြန်မာနိုင်ငံနှင့် ဒေသတွင်းအလားအလာများကို ယုံကြည်သည်ဟု ပြောကြားခဲ့သည်။ Maybank မှာ အဆီယံဒေသ ၁၀ နိုင်ငံစလုံးတွင် ဖွင့်လှစ်ထားပြီး၊ ဒေသအတွင်း ဈေးကွက်တန်ဖိုးနှင့် ပိုင်ဆိုင်မှုအမြင့်ဆုံး ထိပ်တန်းဘဏ်လုပ်ငန်းလေးခုတွင် တစ်ခုအပါအ၀င်လည်း ဖြစ်သည်။

    ၁၉၉၄ ခုနှစ်မှစ၍ ကိုယ်စားလှယ်ရုံးခန်းတစ်ခုကို မြန်မာနိုင်ငံတွင် Maybank က ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ကူညီပံ့ပိုးပေးရာတွင် မိမိတို့မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု စီအီးအို အမျိုးသမီး ပိုလီဆင်းမ်က ပြောကြားခဲ့သည်။

    Ref: Thestar

  • ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    mrh

    – အသင်းက ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း ကစားသမားများထံမှ ယုံကြည်မှု ဆုံးရှုံးသွားပါက မိမိအနေဖြင့် ထွက်ခွာသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုနှစ် ပရီးမီးယားလိဂ်၌ ချယ်ဆီး၏ စတုတ္ထမြောက် ရှုံးပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၁၆ သို့ ရောက်ရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ထိုရလဒ်များအတွက် အလွန်အမင်း စိတ်ပျက်နေသော်လည်း မော်ရင်ဟိုအား ထုတ်ပယ်ရန် အလားအလာမရှိပေ။

    “ကစားသမားတွေဆီကို ဒဲ့သွားလိုက်ပါ။ တကယ်လို့များ သူတို့က ကျွန်တော့်ကို မယုံကြည်တော့ဘူးလို့ ပြောလာရင် ကျွန်တော်တစ်ခုတည်းသော လုပ်ရမှာက နှုတ်ထွက်ဖို့ပါပဲ။ ကစားသမားတွေကိုမေးပါ။ အလိမ်အညာသတင်းတွေနောက်ကို မလိုက်ပါနဲ့။ ကစားသမားက သူ့သူငယ်ချင်းကိုပြောတယ်။ သူ့သူငယ်ချင်းက အေးဂျင့်ကိုပြောမယ်။ ကျွန်တော်က သူ့ကစားသမားကိုမသုံးလို့ အေးဂျင့်က စိတ်မချမ်းမသာဖြစ်တယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်း၏ ရာထူးနေရာနှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်သက်တမ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail