အောက်တိုဘာ ၅၊ ၂၀၁၅
M-Media
– မိမိအသင်း၏ အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုထက် ပိုကောင်းသူမှာ မက်ဆီနှင့် ရော်နယ်ဒိုသာ ရှိတော့သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်ရာသီက ဂိုးအများဆုံးသွင်း၍ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရခဲ့သည့် အဂူရိုမှာ စနေနေ့က နယူးကာဆယ်အား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၅ ဂိုး သွင်းယူပေးခဲ့ပြီး ယခုနှစ် ဂိုးအများဆုံးသွင်းသူများ စာရင်းတွင် ၆ ဂိုးဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
“အဂူရိုဟာ တကယ့်ကို အဲဒီအဆင့်မှာရှိတယ်ဆိုတာ (နယူးကာဆယ်နဲ့ပွဲမှာ) ကျွန်တော့်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပြီးတဲ့နောက်မှာတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ သူ့တစ်ယောက်တည်း အတွက်သာမက အသင်းအတွက် အရေးကြီးတာက ကျွန်တော်တို့ မဖြစ်မနေ ဆက်လက်တိုးတက်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ဗိုလ်စွဲဖို့လိုအပ်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အဲဒီပြိုင်ပွဲမှာ အမြဲလိုလိုပါနေပြီး
ကစားသမားတစ်ယောက်အတွက်လည်း အရမ်းအရေးကြီးပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.