အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– ဥရောပတွင် ဂျူးဆန့်ကျင်ရေးနှင့် အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုအတွက် ဥရောပကော်မရှင်က ကြာသာပတေးနေ့တွင် သတိပေး ပြောကြားလိုက်ပြီး၊ ထိုသို့မြင့်တက်လာမှုကို တိုက်ဖျက်သွားမည်ဖြစ်ကာ ဒေသအတွင်းရှိ မွတ်စလင်လူ့အဖွဲ့စည်းမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဟုလည်း ပြောကြားခဲ့သည်။
ကော်မရှင်၏ ဥပဒေစိုးမိုးရေးဆိုင်ရာ ဒုတိယဥက္ကဌ ဖရန်စ် တင်မာမန်စ်က ထိုကဲ့သို့ မြင့်တက်မှုမှာ ဒုက္ခသည်များ ၀င်ရောက်ခြင်းကြောင့်ဖြစ်ပြီး အကြမ်းဖက်ဝါဒအတွက် ကြောက်ရွံ့မှုများ၊ ဥရောပလူ့အဖွဲ့အစည်းအတွင်း အသစ်ဖြစ်မှုများအတွက် စိုးရိမ်မှု ဖြစ်ပေါ်လာခြင်းမှာ အံ့သြစရာမဟုတ်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံရေးသမားများ၏ တာဝန်မှာ ထိုကိစ္စကို ထည့်သွင်းစဉ်းစားရန်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအား ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြောဆိုခြင်းကို ရပ်တန့်ရန်ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဥရောပက မွတ်စလင်လူ့အဖွဲ့အစည်းတွေအများစုဟာ လုံးဝခြိမ်းခြောက်မှု မဟုတ်ဘဲ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကို ယခင်ကထက် ပိုမိုတောင့်တင်းစေတာပါ” ဟု တင်မာမန်စ်က ပြောကြားခဲ့သည်။
“ဒီကြောက်ရွံ့မှုတွေကို ဖြိုဖျက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းတစ်ခုဟာ ကျန်လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ အနေအထားမျိုး စွပ်စွဲသတ်မှတ်တာမျိုး မလိုအပ်ပါဘူး”
အစ္စလာမ်ကြောက်ရောဂါမှာ ဥရောပလူ့အသိုင်းအ၀ိုင်းအတွက် အသစ်ဖြစ်လာပြီး တူညီသော အမုန်းအကျိုးဆက်များနှင့် ခွဲခြားမှုများ ရှိနေသည့် ဂျူးဆန့်ကျင်ရေးနှင့်လည်း ဆက်စပ်နေသည်ဟု တင်မာမန်စ်က ဆိုသည်။
“ကျွန်တော်တို့ဥရောပသားတွေဟာ ပြဿနာဖြစ်လာတဲ့အခါတိုင်း ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ လိုက်ရှာကြပါတယ်” ဟု ၎င်းက ထောက်ပြခဲ့ပြီး ရာစုနှစ်ချီ၍ ရှိနေသည့် ဂျူးဆန့်ကျင်ရေးမှာလည်း ပြန်လည်ခေါင်းထောင်လာသည်ဟု ပြောကြားခဲ့သည်။
ဂျူးဆန့်ကျင်ရေးနှင့် အစ္စလာမ်ကြောက်ရောဂါများ မြင့်တက်လာသော်လည်း ဥရောပနိုင်ငံများမှာ ထိုကိစ္စကို ဖြေရှင်းရန် အနည်းငယ်သာ လုပ်ဆောင်နိုင်သေးသည်။
ဥရောပသမဂ္ဂ တရားရေးကော်မရှင်နာဖြစ်သူ ဗီရာ ဂျူရိုဗာက အမုန်းစကား၊ ပြည်သူလူထုအတွင်းလှုံ့ဆော်မှု၊ လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားကြောက် လှုံ့ဆော်မှုများပါသော အမုန်းရာဇ၀တ်မှုများအား အပြစ်ပေးရန် ဥရောပသမဂ္ဂ၏ မူဘောင်ဆုံးဖြတ်ချက်ကို ဥရောပ ၁၃ နိုင်ငံကသာ ဥပဒေအဖြစ် ပြဌာန်းထားသည်ဟု ဆိုသည်။
လာရောက်တိုင်တန်းခြင်းမရှိသော အမုန်းရာဇ၀တ်မှုများလည်း ရှိနေပြီး အာဏာပိုင်များအပေါ် ယုံကြည်မှုမှာ ယခုထက်ပို၍ မဖြစ်မနေ တိုးတက်ရမည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
ဂျူရိုဗာမှာ ယမန်နေ့က IT ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး အမုန်းစကားများ ဖြန့်ဖြူးသော ၀ဘ်ဆိုက်များကို ဖြုတ်ချခြင်းနှင့် ၎င်းတို့၏ လုပ်ကြံရေးသားမှုများကို ဖော်ထုတ်၍ တန်ပြန်ရေးသားခြင်းတို့ဖြင့် အမုန်းစကားများကို မည်ကဲ့သို့ တွန်းလှန်သွားမည်ဆိုသည့် အကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။
အမုန်းရာဇ၀တ်မှုများအတွက် ထိခိုက်ခံစားရသူများ၏ အခွင့်အရေးကို ဥရောပအဖွဲ့ဝင်နိုင်ငံများက နိုင်ငံ၏ ဥပဒေတစ်ရပ်အဖြစ် ယခုနှစ်နိုဝင်ဘာလတွင် ပြောင်းလဲပေးရမည်ဖြစ်ပြီး ထိုဥပဒေက ထိခိုက်ခံစားရသူများအား ကူညီခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပိုမိုခိုင်မာစေမည်ဟု ဂျူရိုဗာက ထပ်လောင်းပြောကြားခဲ့သည်။
Ref: euobserver