News @ M-Media

Blog

  • မော်ရင်ဟိုနှင့် ချယ်ဆီးတွင် ပြန်လည် လက်တွဲချင်သည်ဟု လူကာကူပြော

    မော်ရင်ဟိုနှင့် ချယ်ဆီးတွင် ပြန်လည် လက်တွဲချင်သည်ဟု လူကာကူပြော

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    luka

    – အနာဂတ်တွင် မော်ရင်ဟိုနှင့် ပြန်လက်တွဲကာ ချယ်ဆီးအသင်းအတွက် ကစားချင်သည်ဟု အဲဗာတန် တိုက်စစ်မှူး ရိုမဲလူ လူကာကူက ပြောကြားလိုက်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူမှာ မော်ရင်ဟို ချယ်ဆီးသို့ပြန်ရောက်သည့် ၂၀၁၃ ခုနှစ်တွင် ချယ်ဆီးကစားသမား ဖြစ်သော်လည်း မော်ရင်ဟိုက ၎င်းအား အဲဗာတန်အသင်းသို့ ၁၂ လတာ အငှားချကာ နောက်ပိုင်းတွင် အပြတ်ရောင်းချခဲ့သည်။

    “မော်ရင်ဟိုဟာ ကျွန်တော်အလုပ်လုပ်ချင်တဲ့ နည်းပြတစ်ယောက်ပါ။ သူပြီးရင်တော့ ပက်ဂွာဒီယိုလာနဲ့ အာဆင်ဝင်းဂါးတို့ပေါ့” ဟု လူကာကူက ပြောကြားခဲ့ပြီး ရူနီကိုလည်း လေးစားအားကျကာ ၎င်းနှင့်လည်း တွဲကစားချင်သည်ဟု ဆိုသည်။

    “၀ိန်းရူနီနဲ့ ကျွန်တော် တွဲကစားချင်ပါတယ်။ သူက တော်တော်လေးကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါ။ ခေါင်းတိုက်ကောင်းတယ်။ ပြီးတော့ ဂိုး Luck လည်းရှိပါတယ်။ ကျွန်တော်တို့ မကြာခဏ ရင်ဆိုင်ဖူးပါတယ်။ ဖာဂူဆန်ကို ဂုဏ်ပြုပွဲမှာ သူနဲ့တွဲကစားဖို့ အခွင့်အရေးရခဲ့ပေမယ့် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်တော် နောင်တရနေတုန်းပါပဲ”

    Ref: Goal

  • မန်ယူဂန္တ၀င်နှစ်ဦး လာမည့်လတွင် ပြန်လက်တွဲမည်

    မန်ယူဂန္တ၀င်နှစ်ဦး လာမည့်လတွင် ပြန်လက်တွဲမည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    fgs

    – နိုင်ဝင်ဘာ ၁၄ က်နေ့တွင် အိုးထရက်ဖို့ဒ်၌ ကစားမည့် ယူနီဆက်ဖ်၏ ရန်ပုံငွေဘောလုံးပွဲတွင် မန်ယူ ဆရာတပည့်နှစ်ဦးဖြစ်သော ဖာဂူဆန်နှင့် ဒေးဗစ်ဘက်ခမ်းတို့မှာ ပြန်လည်လက်တွဲရဖွယ် ရှိနေသည်။

    ဖာဂူဆန်မှာ ဂရိဗြိတိန်နှင့် အိုင်ယာလန်မှ ကစားသမားများပါဝင်သော အသင်းကို ကိုင်တွယ်ရမည်ဖြစ်ပြီး ထိုအသင်းတွက် ဘက်ခမ်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ၎င်းတို့နှင့် ယှဉ်ပြိုင်မည့်အသင်းမှာ အန်ဆယ်လော့တီကိုင်တွယ်ပြီး ဇီဒိန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်း ဖြစ်သည်။

    အဆိုပါပွဲအတွက် လက်မှတ်ရောင်းချမှုမှ ရရှိသည့် ငွေများနှင့် အလှူငွေများကို ကမ္ဘာ့အချို့တဲ့ဆုံး ကလေးငယ်များအား ကူညီရန်အတွက် ယူနီဆက်ဖ်သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

    “ကလေးတွေဟာ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတွေမှုနဲ့ တားဆီးလို့ရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးထားပြီး ကြီးပြင်းနိုင်တဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော် လိုချင်ပါတယ်။ ဒီပွဲက အသိပညာပေးဖို့နဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့ ကလေးတွေကို ကူညီရေး ရန်ပုံငွေရဖို့အတွက် ကျွန်တော့်အတွက် အပြည့်စုံဆုံး အခွင့်အလမ်းပါပဲ” ဟု ဘက်ခမ်းက ထိုပွဲအတွက် ပြောကြားခဲ့သည်။

    Ref: Goal

  • မာစီဒီးစ်အသင်း ဖော်မြူလာဝမ်းပြိုင်ဘက် Manor Marussia အသင်းကို အင်ဂျင်ထောက်ပံ့မည်

    မာစီဒီးစ်အသင်း ဖော်မြူလာဝမ်းပြိုင်ဘက် Manor Marussia အသင်းကို အင်ဂျင်ထောက်ပံ့မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    f1

    – ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွင် အားအနည်းဆုံးဖြစ်ပြီး အမှတ်ပေးဇယားတွင် အောက်ဆုံးရောက်နေသည့် Manor Marussia အသင်းအား ချန်ပီယံအသင်းဖြစ်သော မာစီဒီးစ်က လာမည့်နှစ်တွင် အင်ဂျင်များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

    ၎င်းတို့ ပြိုင်ကားအသင်းနှစ်ခုမှာ ယမန်နေ့က သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ အင်ဂျင်ထောက်ပံ့ပေးမှုမှာ တစ်နှစ်သက်တမ်းသာ ရှိမည်ဖြစ်သည်။ မာစီဒီးစ်၏အင်ဂျင်များမှာ အလွန်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အင်ဂျင်များဖြစ်ပြီး Force India နှင့် ချန်ပီယံဟောင်း ၀ီလီယံအသင်းတို့ကလည်း ထိုအင်ဂျင်များကို အသုံးပြုနေသည်။ သို့သော်လည်း ပြိုင်ဘက် Red Bull
    အသင်းက တောင်းဆိုမှုကိုမူ မာစီဒီးစ်က လက်ခံခြင်း မရှိသေးပေ။

    Manor Marussia မှာ ပြီးခဲ့သည့် ရာသီအဆုံးပိုင်းက အုပ်ချုပ်ရေးပိုင်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးအချိန်မှ အဆင်ပြေခဲ့ခြင်းဖြစ်သည်။ ထိုအသင်းမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဖာရာရီအင်ဂျင်များကို အသုံးပြုခဲ့သည်။

    Ref: Dailymail

  • ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွက် ဆွေးနွေးမှုများ ဆက်လုပ်

    ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွက် ဆွေးနွေးမှုများ ဆက်လုပ်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    bus

    – ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဇုန် ဖန်တီးရေး နောက်ဆုံးအဆင့် ကွဲလွဲမှုများအတွက် ပစိဖိတ်နိုင်ငံ ၁၂ နိုင်ငံမှာ ယနေ့တွင် ဆက်လက်၍ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်။

    ၂ လတာ ကြာမြင့်နေပြီဖြစ်သည့် အဆိုပါဆွေးနွေးပွဲကို ယမန်နေ့က နောက်ဆုံး သတ်မှတ်ထားသော်လည်း အမေရိကန်က နိုင်ငံခြား ကားထုတ်လုပ်ရေးများ အထူးသဖြင့် ဂျပန်ကားလုပ်ငန်းများကို မည်ကဲ့သို့ ဈေးကွက်ဖွင့်ပေးမည်၊ ကနေဒါနိုင်ငံကလည်း နို့ထွက်ပစ္စည်းဈေးကွက်ကို သြစေတေးလျနှင့် နယူးဇီလန်ုတို့အား မည်ကဲ့သို့ဖွင့်ပေးမည် စသည်တို့အပါအ၀င် အချို့သောကိစ္စများတွင် သဘောတူညီချက် မရခဲ့ပေ။

    ထိုဆွေးနွေးမှုတွင် ပါဝင်သည့် ပစိဖိတ် ၁၂ နိုင်ငံမှာ ကမ္ဘာ့စီးပွာရေး၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး သဘောတူညီချက်ရရှိပါက စံနှုန်းသတ်မှတ်ချက်များမှာ ကျယ်ပြန့်မည်ဖြစ်သည်။ အဆိုပါ ကုန်သွယ်မှုဇုန် ဖြစ်လာပါက ၎င်းတို့ ၁၂ နိုင်ငံမှာ အကျိုးကျေးဇူးများ ရနိုင်သော်လည်း အခြားသော နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်လာနိုင်သောကြောင့် ထိုဆောင်ရွက်ချက်ကို ဆန့်ကျင်မှုများလည်း ရှိနေသည်။

    Ref: Channelnewsasia

  • အစ္စရေးကပိတ်ဆို့ထားသည့် အနောက်ဖက်ကမ်းတွင် ဂျူး ၂ ဦး အသတ်ခံရ

    အစ္စရေးကပိတ်ဆို့ထားသည့် အနောက်ဖက်ကမ်းတွင် ဂျူး ၂ ဦး အသတ်ခံရ

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင်းနက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းတွင် ကားမောင်းသွားသည့် အစ္စရေး အခြေချနေထိုင်သူ ဇနီးမောင်နှံ ၂ ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု အစ္စရေးစစ်တပ်က ပြောကြားလိုက်သည်။

    နဘ်လုပ်စ် အရှေ့တောင်ဘက် ၅ မိုင်အကွာ ဘီအစ်ဖူရစ်ရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ် ထိုကားပေါ်၌ ပါလာခဲ့သည့် ကလေးငယ် ၄ ဦးမှာလည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

    တိုက်ခိုက်သူမှာ ဘေးမှ ကားဖြင့်မောင်းစဉ် ပစ်ခတ်သွားခြင်းဖြစ်ပြီး အစ္စရေးစစ်တပ်က ထိုရွာ၌ ၀င်ရောင်စီးနင်းကာ ရှာဖွေမှုများ ပြုလုပ်နေသည်။ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ပိတ်ဆို့ထားပြီး တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ကာ ဂျူးများအား နေရာချထားပေးခြင်းအတွက် ပါလက်စတိုင်း ပြည်သူများမှာ ကျေနပ်ခြင်းမရှိဘဲ မကြာခဏဆိုသလို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနှင့်
    တရားမ၀င်အိမ်ယာများ၌ အခြေချ နေထိုင်သူများကို တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

    Ref: Aljazeera