News @ M-Media

Blog

  • ဘာကီနာဖာဆိုတွင် စစ်ခေါင်းဆောင်မှ ကြားဖြတ်အစိုးရထံ အာဏာလွှဲပြောင်းရေး စတင်

    ဘာကီနာဖာဆိုတွင် စစ်ခေါင်းဆောင်မှ ကြားဖြတ်အစိုးရထံ အာဏာလွှဲပြောင်းရေး စတင်

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Meida

    burkina

    – ဘာကီနာဖာဆိုတွင် အာဏာသိမ်းတပ်ဖွဲ့ထံမှ လက်နက်သိမ်းရန်နှင့် ကြားဖြတ်အစိုးရကို အာဏာပြန်လွှဲပေးရေးအတွက် စစ်တပ်မှာ မြို့တော် အူဂါဒူဂူသို့ ယနေ့တွင် ၀င်ရောက်လာခဲ့ပြီး မည်သည့် ခုခံမှုမှ မရှိဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က အာဏာသိမ်းခဲ့သည့် သမ္မတ အထူးအစောင့်တပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီယန်ဒီရီက ၎င်းမှာ ကြားဖြတ်အစိုးရသို့ အာဏာပြန်လွှဲပေးမည်ဟု ပြောကြားခဲ့ပြီးနောက် ဘာကီနာဖာဆို စစ်တပ်ခေါင်းဆောင်များမှာ ထိုအဖွဲ့နှင့် ယမန်နေ့ညပိုင်းက လက်နက်ချရေး ဆွေးနွေးမှုများကို စတင်ခဲ့သည်။

    “(မြို့တော်အတွင်းချီတက်ရန် တပ်လှန့်ထားသည့်) တပ်ဖွဲ့တွေအားလုံး အူဂါဒူဂူကို ရောက်ရှိလာကြပါပြီ။ ပစ်ခတ်မှု၊ သွေးထွက်သံယိုမှုမရှိဘဲနဲ့ အာဏာသိမ်းခေါင်းဆောင်တွေ လက်နက်ချဖို့အတွက် အခု ကျွန်တော်တို့ အသေအချာ ဆောင်ရွက်သွားရမှာပါ” ဟု ဘာကီနာဖာဆို ရဲဌာနမှ ဒုတိယအကြီးအကဲ ဗိုလ်မှူး ဆာဂျီ အေလင် အူဒရာအိုဂိုက ပြောကြားခဲ့သည်။

    သမ္မတ အထူးအစောင့်တပ်ဖွဲ့က အာဏာသိမ်းပြီးနောက် ဘာကီနာဖိုဆိုပြည်သူများမှာ မြို့တော်တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြကာ အနည်းဆုံး လူ ၁၀ ဦး သေဆုံး၍ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    အာဏာသိမ်းခေါင်းဆောင် ဒီယန်ဒီရီကမူ ယမန်နေ့တွင် ပြည်သူလူထုအား တောင်းပန်ခဲ့ပြီး၊ စစ်တပ်က ၎င်း၏ တပ်ဖွဲ့များကို တစ်နေရာထဲတွင်စုကာ လက်နက်ချရမည်ဟု သတိပေးခဲ့ပြီးနောက်ပိုင်း ၎င်းက မိမိမှာ အာဏာကို အရပ်သား ကြားဖြတ်အစိုးရထံ ပြန်လည် လွှဲပြောင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံအတွင်း ၂၇ နှစ်ကြာ အာဏာရယူခဲ့ပြီး၊ ဖွဲ့စည်းပုံကိုဆန့်ကျင်ကာ ဆက်လက်၍ အာဏာကို ဆုပ်ကိုင်ထားရန် ကြိုးစားသည့် သမ္မတ ဘလိုင်စီ ကွမ်ပိုရီကို ပြီးခဲ့သည့်နှစ်အောက်တိုဘာလက ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဘာကီနာဖာဆိုတွင် ကြားဖြတ်အစိုးရက အုပ်ချုပ်နေပြီး လာမည့်လတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်။

    Ref: Aljazeera

  • အသင်းငယ်တွေ ခြေစွမ်းပြခဲ့တဲ့ လာလီဂါ ပွဲစဉ် ၎

    အသင်းငယ်တွေ ခြေစွမ်းပြခဲ့တဲ့ လာလီဂါ ပွဲစဉ် ၎

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    laliga 4

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၅ မှာတော့ ရှုံးပွဲမရှိသေးတဲ့ အသင်း ၇ သင်းက ၂ သင်းဟာ ရှုံးပွဲတွေ့ခဲ့ပြီး အသင်းကြီးတွေကတော့ ဆက်လက် ပန်းပန်လျက်ပါပဲ။

    နောက်ဆုံး ၃ ပွဲမှာ ၁၅ ဂိုးအထိ သွင်းထားတဲ့ ရီးယဲလ် အိမ်ကွင်းမှာ အသင်းငယ် ဂရာနာဒါကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ဘန်ဇီမာက ၅၅ မိနစ်မှာ အသည်းအသန် သွင်းယူခဲ့ရတာပါ။ ပထမပိုင်းမှာ ဧည့်သည်အသင်းရဲ့ တန်ပြန်တိုက်စစ်က ထိရောက်ခဲ့ပြီး၊ ဂိုးသမားကလည်း ရီးယဲလ်ရဲ့ အပိုင်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ မက်ဆီနဲ့ နေးမာတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ လီဗန်တေးကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့ပါတယ်။

    ပွဲစဉ် ၄ အထိ ရှုံးပွဲမရှိသေးတဲ့ ဒီပို့တီဗိုက နိုင်ပွဲမရှိသေးတဲ့ တန်းတက် စပို့တင်းဂီဂျွန်ကို အိမ်ကွင်းမှာ ပထမပိုင်းသွင်းဂိုးတွေနဲ့ အံ့ဖွယ် အရှုံးပေးခဲ့ရပါတယ်။ ဒီနှစ်မှာ တန်းတက်လာပြီး ခြေစွမ်းပြကာ ရှုံးပွဲမရှိတဲ့ အိုက်ဘာတို့လည်း အက်သလက်တီကို ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ လာလီဂါ ပထမဆုံးအရှုံးကို မြည်းစမ်းခဲ့ရပါတယ်။

    ရာသီသစ်မှာlaliga 3 ခြေပျက်ပြီး နိုင်ပွဲမရသေးတဲ့ ဆီးဗီးလားက အိမ်ကွင်းမှာ ရှုံးပွဲမရှိတဲ့ ဆဲလ်တာဗီဂိုကိုရှုံးကာ ဇယားအောက်ဆုံးကို ရောက်သွားခဲ့ပါတယ်။
    လာလီဂါပွဲစဉ် ၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဂီတာဖေး ၁-၀ မာလာဂါ
    ရီးယဲလ် ၁-၀ ဂရာနာဒါ
    ဗလင်စီယာ ၀-၀ ဘက်တစ်
    အိုက်ဘာ ၀-၂ အက်သလက်တီကို
    ဆိုစီဒက် ၂-၃ အက်စပန်ညို
    ဆီးဗီးလား ၁-၂ ဆလ်တာဗီဂို
    ဒီပို့တီဗို ၂-၃ စပို့တင်းဂီဂျွန်
    ဗီလာရီးယဲလ် ၂-၁ ဘီဘာအို
    ဘာစီလိုနာ ၄-၁ လီဗန်တေး
    လက်စ်ပါးလ်မက်စ် ၀-၁ ဗယ်လက်ကာနို

  • ဆော်ဒီတွင် ဟဂ်ျစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ထိန်းသိမ်းခံရသူ တစ်သောင်းကျော်ရှိ

    ဆော်ဒီတွင် ဟဂ်ျစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ထိန်းသိမ်းခံရသူ တစ်သောင်းကျော်ရှိ

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    hajj

    – ဟဂ်ျဘုရားဖူးခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအပါအ၀င် ဟဂ်ျဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုအတွက် ဖမ်းဆီးအရေးယူခဲ့သူ အရေအတွက်မှာ တစ်သောင်းကျော် ရှိသည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနမှ ယမန်နေ့က မီနာရှိ ပြည်သူ့လုံခြုံရေး အဆောက်အဦးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီမှ ပြန်ကြားရေးအကြီးအကဲ ဗိုလ်မှူး ဆာမိ အလ်-ဆွာအီရက်ခ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဟဂ်ျခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအတွက် ဖမ်းဆီးခဲ့ရသူမှာ ၁၂၉၅ ဦး ရှိပြီး၊ ၎င်းတို့အသုံးပြုသည့် ယာဉ် ၃၅၉၀၀ စီး ကိုလည်း ထိန်းသိမ်းခြင်း၊ သို့မဟုတ် လှည့်ပြန်ခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ နိုင်ငံတစ်ဝှမ်းတွင် ဟဂ်ျရုံးခန်းအတု ၅၈ ခုကိုလည်း တွေ့ရှိခဲ့သည်ဟု ဆွာအီရက်ခ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဟဂ်ျဘုရားဖူးများအတွက် လုံခြုံရေးနှင့် သွားလာရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားပြီး မက္ကာ၊ အလ်-ဟရမ် အလ်-ရှရစ်ဖ်တို့တွင် ဟဂ်ျပြုရန် လာရောက်သူများအား နေရာချထားပေးရာတွင် မည်သည့်အခက်အခဲမှ မဖြစ်ခဲ့ဟု ၎င်းက ဆိုသည်။

    မီနာနှင့် အာရာဖတ်တောင်များတွင် ဟဂ်ျပြုသူများနေထိုင်ရန် စခန်းများမှာ အဆင်သင့်ဖြစ်နေပြီး ၉၅ ရာခိုင်နှုန်းကို နေရာချထားပေးခဲ့ပြီဟု ဟဂ်ျဝန်ကြီးဌာနမှ ဒုတိယအတွင်းရေးမှူး ဟာတင်မ် ကွာဒီက ပြောကြားခဲ့သည်။ ဟဂ်ျဘုရားဖူးခရီးသည်များ အချိန်နှင့်အမျှ သတင်းပေးပို့နိုင်ရန် အခမဲ့ဖုန်းလိုင်းတစ်ခုကိုလည်း ၀န်ကြီးဌာနက စီစဉ်ထားပြီး နံပါတ်မှာ ၈၀၀၄၃၀၄၄၄၄ ဖြစ်သည်။

    Ref: Arabnews

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၁၊ ၂၀၁၅)

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ရုရှား ထောက်လှမ်းရေးအရာရှိ ထောင် ၁၄ နှစ် ချမှတ်ခံရ
    ……………………………….
    ရုရှား၏ အဓိက ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်သော GRU မှ တာဝန်ရှိသူဟောင်း ကရက်ဗ်စတော့ဗ်အား နိုင်ငံ၏ အာကာသ ထောက်လှမ်းရေး အချက်အလက်များကို ဆွီဒင်နိုင်ငံသို့ ပေါက်ကြားစေမှုဖြင့် မော်စကိုတရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်ဟု ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆွီဒင်ကာကွယ်ရေးဝန်ကြီးဌာနရှိ ရေဒီယိုနည်းပညာဌာနသို့ အီးမေးလ်ဖြင့် လျှို့ဝှက်အချက်အလက်များကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရုရှား၏ လုံခြုံရေးကို ထိခိုက်စေသည့်
    ဆောင်ရွက်မှုဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ ကရက်ဗ်စတော့ဗ်အား မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကြားနာမှုများကို တံခါးပိတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဗြိတိန်ဆိုင်ရာ အီရန်သံအမတ် ခန့်အပ်
    ……………………………..
    ဗြိတိန်နိုင်ငံဆိုင်ရာ အီရန်အမြဲတမ်းသံတမန်အဖြစ် မိုဟာမက် ဟာဆန် ဟဘီဘွလ္လာဟ်ဇာဒါကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ခန့်အပ်လိုက်သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ကြေညာလိုက်သည်။ ဟာဆန်မှာ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ထိုရာထူးကို ဗြိတိန်တွင် အခြေချမနေဘဲ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခင်က ရုရှားနှင့် ဆွစ်ဇာလန် နိုင်ငံများ၌လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်တွင် တီဟီရန်ရှိ ဗြိတိန်သံရုံးကို ဆန္ဒပြသူများက ၀င်ရာက်စီးနင်းခဲ့ပြီးနောက် လေးနှစ်အကြာ ယခုနှစ် သြဂုတ်လတွင် အီရန်နှင့် ဗြိတိန်တို့မှာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘိုကိုဟရမ် ဗုံးခွဲ
    …………………………
    နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ရှိ ညနေဈေးတစ်ခုကို ပစ်မှတ်ထားကာ ဘိုကိုဟရမ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကို ယနေ့တွင် ပြုလုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုနေသူများနှင့် ရုပ်သံမှ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှုနေသူများ အပါအ၀င် အနည်းဆုံး ၅၄ ဦး သေဆုံးခဲ့သည်။ စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကမူ ဖောက်ခွဲရေးပစ္စည်းများကို အိမ်တွင်းသုံး ကိရိယာများဖြင့်
    ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဒေသတွင်း ရဲတပ်ဖွဲ့က အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: News Agencies

  • လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရှိနေ

    လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရှိနေ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    mm

    – ကမ္ဘာတစ်ဝှမ်း လူမျိုးတုန်းသတ်ဖြတ်မှုအန္တရာယ် ရှိနေသော နိုင်ငံများစာရင်းကို အမေရိကန် ဟိုလိုကော့စ် အောက်မေ့ဖွယ် ပြတိုက်မှ တတ်သိပညာရှင်များအဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံမှာ ထိပ်ဆုံး၌ ရှိနေသည်ဟု ၀ါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

    လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး Simon-Skjodt စင်တာမှ ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရက ဦးဆောင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအန္တရာယ်ကို ကြိုတင်ခန့်မှန်းရန် ရည်ရွယ်သည့် ဆောင်ရွက်မှုလည်းဖြစ်သည်။

    အဆိုပါ စင်တာမှာ Early Warning Project အမည်ဖြင့် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီး ထိုစီမံကိန်းမှာ နိုင်ငံတစ်ခုအတွင်း လူနည်းစုများအပေါ် စနစ်တကျ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ကျူးလွန်မှု အလားအလာအတွက် ထင်ရှားသည့် လက္ခဏာများကို ခြေရာကောက်ခြင်း ဖြစ်သည်။

    တွေ့ရှိချက်များကို နိုင်ငံရေးသိပ္ပံပညာရှင်များက ဆောင်ရွက်သည့် လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေကို ဆန်းစစ်လေ့လာသော မော်ဒပုံစံ ၃ ခုအား အခြေခံကာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ နှစ်စဉ် အန္တရာယ်ရှိမှုဖြစ်နိုင်ချေကို ဆန်းစစ်မှုနှင့် ဒေသတွင်း ကျွမ်းကျင်သူများ၏ လူထုအမြင် စစ်တမ်းကောက်ယူမှုများကို ပေါင်းစပ်ကာ တွက်ချက် ထုတ်ပြန်ခြင်းဖြစ်သည်။

    အနာဂတ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုကို ကြုံတွေ့ရနိုင်သည့် အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံမှာ မြန်မာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်၊ ဗဟိုအာဖရိက၊ အီဂျစ်၊ ကွန်ဂို၊ ဆိုမာလီယာ၊ ပါကစ္စတန်၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်တို့ ဖြစ်ကြသည်။

    ယခုနှစ်အစောပိုင်းက ၀ါရှင်တန်ပို့စ်မှာ Simon-Skjodt စင်တာ၏ ဒါရိုက်တာဖြစ်သူ ကင်မရွန်း ဟဒ်ဆန်နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဟဒ်ဆန်မှာ မြန်မာနိုင်ငံမှ အချက်အလက်များကို ရှာဖွေသည့်လုပ်ငန်းတွင် ပါဝင်ပြီး ဆယ်စုနှစ်များစွာကြာ ခွဲခြားဆက်ဆံမှု ပေါ်လစီအောက်တွင် နေထိုင်ရကာ နိုင်ငံမဲ့ဖြစ်နေ၍ သောကပင်လယ်ဝေနေသော ရိုဟင်ဂျာလူနည်းစုများ ရင်ဆိုင်နေရသည့် အန္တရာယ်များကို လေ့လာခဲ့သည်။

    အဆိုပါ အစီရင်ခံစာတွင် ရိုဟင်ဂျာများမှာ ထပ်မံ၍ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုကိုပင် ခံစားရနိုင်သည့် အလွန်အန္တရာယ်ရှိနေသော လူ့အဖွဲ့အစည်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။

    “လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းကို ရည်ညွှန်းသုံးစွဲတဲ့အခါ ကျွန်တော်တို့ တော်တော်လေး သတိထားပါတယ်။ ပြီးတော့ ဒီလိုအသုံးအနှုန်းဟာ အစွန်းနှစ်ဖက်ကို ဖြစ်စေပြီး တစ်ခါတစ်ရံမှာ အကူအညီ မဖြစ်ပါဘူး။ ဒါပေမယ့် ၁၉၃၀ ခုနှစ်တွေအတွင်း ဂျာမနီနဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ရ၀မ်ဒါတို့မှာ ခင်ဗျားတို့ တွေ့ရှိသိမြင်ဖူးတဲ့ အကြောင်းအချက်တွေဟာ (မြန်မာနိုင်ငံမှာ) စုပေါင်းပြီး ဖြစ်နေပါတယ်။ ဒါဟာ သိပ်ပြီး စိုးရိမ်စရာ ကောင်းပါတယ်” ဟု ဟဒ်ဆန်က ၀ါရှင်တန်ပို့စ်သို့ ထိုအချိန်က ပြောကြားခဲ့သည်။

    ထိုတွေ့ရှိချက်များကို အမေရိကန်ရှိ ဟိုလိုကော့စ်ပြတိုက်တွင် ပြသထားပြီး အနာဂတ်တွင် ဖြစ်လာနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ရေးနှင့် တာဆီးရေး ပညာပေးရန် ဖြစ်သည်ဟု ယခင် အမိမြေလုံခြုံရေး အကြီးအကဲဟောင်းဖြစ်ပြီး၊ ယခုလက်ရှိတွင် ပြတိုက်၏ ဝေဖန်ပိုင်းခြားရေးကော်မတီ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော မိုက်ကယ် ချာတော့ဖ်က အီးမေးဖြင့် ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

    “အစိုးရတွေဟာ သူတို့ရဲ့ လစ်လျူရှုမှုကို ဖုံးကွယ်တဲ့အနေနဲ့ “ကျွန်တော်တို့ မသိပါဘူးဗျာ” လို့ ပြောလို့ မရတော့ပါဘူး”

    Ref: washingtonpost