စက်တင်ဘာ ၂၂၊ ၂၀၁၅
M-Media
– ဟဂ်ျဘုရားဖူးခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအပါအ၀င် ဟဂ်ျဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုအတွက် ဖမ်းဆီးအရေးယူခဲ့သူ အရေအတွက်မှာ တစ်သောင်းကျော် ရှိသည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။
ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနမှ ယမန်နေ့က မီနာရှိ ပြည်သူ့လုံခြုံရေး အဆောက်အဦးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီမှ ပြန်ကြားရေးအကြီးအကဲ ဗိုလ်မှူး ဆာမိ အလ်-ဆွာအီရက်ခ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဟဂ်ျခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအတွက် ဖမ်းဆီးခဲ့ရသူမှာ ၁၂၉၅ ဦး ရှိပြီး၊ ၎င်းတို့အသုံးပြုသည့် ယာဉ် ၃၅၉၀၀ စီး ကိုလည်း ထိန်းသိမ်းခြင်း၊ သို့မဟုတ် လှည့်ပြန်ခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ နိုင်ငံတစ်ဝှမ်းတွင် ဟဂ်ျရုံးခန်းအတု ၅၈ ခုကိုလည်း တွေ့ရှိခဲ့သည်ဟု ဆွာအီရက်ခ်က ထည့်သွင်းပြောကြားခဲ့သည်။
ဟဂ်ျဘုရားဖူးများအတွက် လုံခြုံရေးနှင့် သွားလာရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားပြီး မက္ကာ၊ အလ်-ဟရမ် အလ်-ရှရစ်ဖ်တို့တွင် ဟဂ်ျပြုရန် လာရောက်သူများအား နေရာချထားပေးရာတွင် မည်သည့်အခက်အခဲမှ မဖြစ်ခဲ့ဟု ၎င်းက ဆိုသည်။
မီနာနှင့် အာရာဖတ်တောင်များတွင် ဟဂ်ျပြုသူများနေထိုင်ရန် စခန်းများမှာ အဆင်သင့်ဖြစ်နေပြီး ၉၅ ရာခိုင်နှုန်းကို နေရာချထားပေးခဲ့ပြီဟု ဟဂ်ျဝန်ကြီးဌာနမှ ဒုတိယအတွင်းရေးမှူး ဟာတင်မ် ကွာဒီက ပြောကြားခဲ့သည်။ ဟဂ်ျဘုရားဖူးခရီးသည်များ အချိန်နှင့်အမျှ သတင်းပေးပို့နိုင်ရန် အခမဲ့ဖုန်းလိုင်းတစ်ခုကိုလည်း ၀န်ကြီးဌာနက စီစဉ်ထားပြီး နံပါတ်မှာ ၈၀၀၄၃၀၄၄၄၄ ဖြစ်သည်။
Ref: Arabnews
Leave a Reply
You must be logged in to post a comment.