News @ M-Media

Blog

  • မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး

    မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    mu

    – မန်ယူအတွက် ပထမဆုံးပွဲတွင် ခြေစွမ်းပြ ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း လူငယ်တိုက်စစ်မှူး အန်သိုနီ မာရှယ်အပေါ် ပရိတ်သတ်များအနေဖြင့် မျှော်လင့်ချက် အလွန်အကျွံ မထားရန် နည်းပြဗန်ဂါးလ်က သတိပေး ပြောကြားလိုက်သည်။

    ယမန်နေ့က လီဗာပူးလ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် အသက် ၁၉ နှစ်အရွယ် မာရှယ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

    သို့သော်လည်း ဗန်ဂါးလ်ကမူ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းတန် တိုက်စစ်မှူးအပေါ် အလွန်အကျွံ မျှော်လင့်မနေရန် သတိပေးခဲ့ပြီး ၎င်းအသက်အရွယ်နှင့် ပွဲတိုင်းတွင် ကောင်းနေမည်ဟု မျှော်လင့်၍ မရကြောင်း ပြောကြားခဲ့သည်။

    “အရမ်းကောင်းတဲ့ ဂိုးပါပဲ။ ဒါကိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သူက ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဓလေ့ထုံးတမ်းအသစ်နဲ့ နေသားကျရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ရပါမယ်။ လီဗာပူးလ်က ဂိုးလိုနေတဲ့အချိန်မှာ သူ့ကို ပွဲထုတ်ဖို့ နည်းပြတစ်ယောက်အတွက် ကောင်းမွန်တဲ့ အချိန်ပါပဲ။ ဒါမှသာ သူက ကစားဖို့ နေရာရမှာပါ။ သူ့ရဲ့ အဆုံးသတ်မှုကတော့ လက်ဖျားခါလောက်ပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းက မာရှယ်အတွက် တွန်းအားဖြစ်သော်လည်း ၎င်း၏ အသက်အရွယ်နှင့် ခြေစွမ်းကောင်းကို ထိန်းထားမည်ဟု မျှော်လင့်၍မရကြောင်း၊ အသက် ၁၉၊ ၂၀၊ ၂၁ အရွယ်ရှိ ကစားသမားများမှာ အတက်အကျ ရှိမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် မန်ယူမှာ ရာနှုန်းပြည့် နိုင်ပွဲရထားသည့် မန်စီးတီးအသင်း၏အောက် ဒုတိယနေရာတွင် ရှိနေပြီး ဗန်ဂါးလ်ကလည်း အသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်နေသည်။

    Ref: Goal

  • အိန္ဒိယတွင် ဂက်စ်အိုးမှ ပေါက်ကွဲမှုကြောင့် လူ ၈၀ ကျော် သေဆုံး

    အိန္ဒိယတွင် ဂက်စ်အိုးမှ ပေါက်ကွဲမှုကြောင့် လူ ၈၀ ကျော် သေဆုံး

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာဧ် ပရာဒက်ရှ်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူပေါင်း ၈၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ နှစ်အနည်းငယ်အတွင်း အိန္ဒိယ၏ အဆိုးဝါးဆုံး အဖြစ်အပျက်လည်း ဖြစ်ခဲ့သည်။

    ပတ်လာဝဒ်မြို့ရှိ အဆိုပါ စားသောက်ဆိုင် အဆောက်အဦးမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား တရားမ၀င် သိုလှောင်ထားပြီး ဂက်စ်အိုးပေါက်ကွဲသည့်အခါ ထိုပစ္စည်းများကြောင့် ပိုမိုကြီးမားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အဦးများပါ ပျက်ဆီးခဲ့သည်။

    ပေါက်ကွဲမှုမှာ ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများနှင့် ကျောင်းသားများမှာ အဆိုပါ စားသောက်ဆိုင်တွင် နံနက်စာ စားသောက်နေကြချိန် ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ဖုန်များပေနေသော အလောင်းများ၊ ပေါက်ကွဲပျက်ဆီးသွားသော ယာဉ်များနှင့် ပြန့်ကျဲနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ဓာတ်ပုံများမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည်။

    ရဲတပ်ဖွဲ့က သေဆုံးသူမှာ အနည်းဆုံး ၈၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးခန့်ကို အနီးရှိ ဆေးရုံးများ၌ ဆေးကုသမှုပေးနေသည်ဟု ပြောကြားခဲ့သည်။

    အာဏာပိုင်များကမူ အဆိုပါ စားသောက်ဆိုင်အတွင်း မိုင်းလုပ်ငန်းလုပ်ရာတွင် အသုံးပြုသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် သိုလှောင်ထားသည်ဟု ဆိုသည်။ အခြား ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပေါက်ကွဲသည့်အချိန်တွင် ဆိုင်ရှေ့၌ လူအပြည့်ပါသော ဘတ်စ်ကားတစ်စီး ရပ်နေသောကြောင့် သေဆုံးဒဏ်ရာရမှုစာရင်းမှာ ထိုကဲ့သို့ များပြားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဘေးအန္တရာယ်ကင်းရှင်းရေး သတ်မှတ်ချက်များ အားနည်းသည့် အိန္ဒိယနိုင်ငံတွင် ဂက်စ်အိုးပေါက်ကွဲမှုများမှာ ပုံမှန်လိုလို ဖြစ်နေသည့် ကိစ္စတစ်ခုဖြစ်သည်။ သို့သော်လည်း ယခုပေါက်ကွဲမှုမှာ အသေအပျောက်များသည့် ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

    Ref: Channelnewsasia

  • ယူအက်စ်အိုးပင်းတွင် အီတလီတင်းနစ်မယ် ပန်နတ္တာ ဗိုလ်စွဲပြီး မှတ်တမ်းသစ် ရေးထိုး

    ယူအက်စ်အိုးပင်းတွင် အီတလီတင်းနစ်မယ် ပန်နတ္တာ ဗိုလ်စွဲပြီး မှတ်တမ်းသစ် ရေးထိုး

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    us

    – ယမန်နေ့က ကစားခဲ့သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး နောက်ဆုံး ဗိုလ်လုပွဲတွင် အီတလီတင်းနစ်မယ် ဖလာဗီယာ ပန်နတ္တာက တစ်နိုင်ငံတည်းသူ ရော်ဘတ်တာ ဗင်ချီကို အနိုင်ရကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    နိုင်ခြေအဆင့် သတ်မှတ်ခြင်းမခံရသည့် ဗင်ချီမှာ ပွဲစဉ်တစ်လျှောက်လုံး လက်စွမ်းပြခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံကို ဖြုတ်ချနိုင်ခဲ့ကာ ဖိုင်နယ်သို့ တက်ရောက်လာခြင်း ဖြစ်သည်။

    ဗိုလ်လုပွဲတွင်လည်း ကမ္ဘာအဆင့် ၂၆ ပန်နတ္တာကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့သော်လည်း ၇-၆၊ ၆-၂ ဖြင့် ရှုံးနိမ့်ခဲ့ကာ ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရသည်။

    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ပန်နတ္တာမှာ ယူအက်စ်အိုးပင်းတွင် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တင်းနစ်သမိုင်းတွင် အဓိက ဆုဖလားတစ်ခုကို ပထမဆုံးရရှိသည့် အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။ ဆုဖလား လက်ခံရယူခဲ့ပြီးနောက် ကျေဇူးတင်စကား ပြောကြားရာတွင် ပန်နတ္တာက ၎င်းမှာ တင်းနစ် ကစားသမားဘ၀မှ အနားယူတော့မည်ဟု ကြေညာခဲ့သည်။

    “ဒီလိုနဲ့ပဲ တင်းနစ်လောကကို ကျွန်မ နှုတ်ဆက်ချင်တာပါ။ ဒီကိုမလာခင် ကျွန်မ ဆုံးဖြတ်ချက်ကြီးတစ်ခု ချခဲ့ပြီး ဒါက အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာတာပါပဲ” ဟု ပန်နတ္တာက ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် နှစ်များစွာ အတူတွဲကစားခဲ့ပြီး ယခုပွဲကိုလည်း အီတလီဝန်ကြီးချုပ် မက်တီယို ရန်ဇီကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်။

    အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပြင်သစ်အတွဲဖြစ်သော နီကိုလက်စ် မာဟတ်နှင့် ပီယာရီ ဟူးဂ်ျ ဟာဘာ့တ်တို့အတွဲက ဗြိတိန်မှ ဂျာမီမာရေးနှင့် ဂျွန်ပီးယားစ်တို့အတွဲကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။ အဆိုပါ ဗြိတိန်အတွဲမှာ ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့ရသည်။

    Ref: Dailymail

  • ဒုက္ခသည်များကို လက်ခံရေး ဥရောပပြည်သူများ တောင်းဆို

    ဒုက္ခသည်များကို လက်ခံရေး ဥရောပပြည်သူများ တောင်းဆို

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    ref

    – စစ်ဘေးစစ်ဒဏ်ကြောင့် ဥရောပသို့ ပြောင်းရွှေ့လာခဲ့ရသည့် ဒုက္ခသည်များအပေါ် အစိုးရ၏ သဘောထားကို မကျေနပ်သည့်အတွက် ဒိန်းမတ်နှင့် ယူကေတို့တွင် ပြည်သူများက ဆန္ဒပြကာ ဒုက္ခသည်များအား ပိုမိုလက်ခံရေး တောင်းဆိုခဲ့ကြပြီး ဂျာမနီ၊ စပိန်၊ ပြင်သစ်နှင့် အခြား ဥရောပနိုင်ငံများတွင်လည်း ထိုကဲ့သို့ ဆန္ဒပြရန် စီစဉ်နေကြသည်ဟု သိရသည်။

    ဒိန်းမတ်ပြည်သူများမှာ ယမန်နေ့က မြို့တော် ကိုပင်ဟေဂင်ရှိ ပါလီမန်အဆောက်အဦးရှေ့၌ စုရုံးခဲ့ကြပြီး “ဒုက္ခသည်များကို ကြိုဆိုပါတယ်” ဟု ကျွေးကြော်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြမှုတွင် လူပေါင်း သုံးသောင်းခန့် ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    မိမိတို့မှာ ဒုက္ခသည်များကို ခွဲတမ်းအတိုင်း လက်ခံပြီးသွားပြီ ဖြစ်သောကြောင့် နောက်ထပ် ဒုက္ခသည် ၁၆၀၀၀၀ ကို မျှဝေယူရန် ဥရောပ သမဂ္ဂ၏ အဆိုပြုချက်ကို လက်ခံမည်မဟုတ်ဟု သောကြာနေ့က ဒိန်းမတ်အစိုးရမှ ပြောကြားခဲ့ပြီးနောက် ပြည်သူများက ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

    ဗြိတိန်တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူများမှာ လန်ဒန်မြို့လယ်ကောင်၌ ချီတက်ခဲ့ကြပြီး ဆီးရီးယားဒုက္ခသည်များကို ကူညီရန် အစိုးရအား တိုက်တွန်းခဲ့ကြသည်။ ပြည်သူများမှာ လန်ဒန်မြို့လယ်ကောင်မှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ရုံးခန်းသို့ ချီတက်ခဲ့ကြပြီး “နယ်စပ်တွေ ဖွင့်ပေး” “ဒုက္ခသည်တွေ ၀င်ပါစေ။ တိုရီ (ကွန်ဆာဗေးတစ်) များ ထွက်သွား” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဝှေ့ယမ်း ခဲ့ကြသည်။

    ဗြိတိန်အစိုးရမှာ စောစောပိုင်းတွင် ဒုက္ခသည်များကို လက်မခံတော့ဟု ပြောကြားခဲ့သော်လည် ပြီးခဲ့သည့် သီတင်းပတ်များက ဥရောပတွင် ဒုက္ခသည်ပြဿနာ ကြီးထွားလာခြင်းကြောင့် ဒုက္ခသည် ၂၀၀၀၀ ကို ၅ နှစ်အတွင်း ခေါ်ယူသွားမည်ဟု ကင်မရွန်းက သဘောတူညီခဲ့သည်။

    ဒုက္ခသည်များအား နေရာချထားပေးရေးကို ထောက်ခံသည့် ပြည်သူများ၏ ချီတက် ဆန္ဒပြမှုများကို အိုင်ယာလန်ရှိ ဒက်ဗလင်မြို့၊ ဟန်ဂေရီရှိ ဘူဒါပတ်စ်မြို့နှင့် နယ်သာလန်ရှိ သယ်ဟေ့ဂ်မြို့များတွင် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဥရောပရှိ အခြားသော နိုင်ငံများတွင်လည်း ပြုလုပ်သွားရန် အစီအစဉ်ရှိနေသည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ

    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ

    စက်တင်ဘာ-၁၂ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်-ညီညီလင်းဇော်
    Untitled
    **2012 မေလတွင် M-Media မှာ  တင်ခဲ့သော ဆောင်းပါး ကို ဆောင်းပါးရှင်မှ နိဒါန်းပြင်ဆင်ပြီး ပြန်တင်ခြင်းဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲအတွက် မွတ်စလင်မ် အမတ်လောင်းတွေအားလုံးကို NLD က ပယ်ချလိုက်လို့ ဆိုပြီး မွတ်စလင်မ်တွေ တော်တော် စိတ်ဆိုးနေကြတယ်။

    ရွေးကောက်ပွဲမဲဆွယ်ကာလစလို့  NLD က ပြည်သူ့ ပါတီဆိုပြီး မင်းသားမင်းသမီးတွေရော၊ လူ့ အခွင့်အရေးလှုပ်ရှား သူတွေ ရော အုံလိုက်ကျင်းလိုက် မဲဆွယ်တာ တွေ့ ရတယ်။ မြန်မာမွတ်စလင်မ်တွေက NLD ကို ဘယ်လောက်ပဲ ၀ိုင်းရံခဲ့ ၀ိုင်းရံခဲ့၊ ကိုလိုနီခေတ်ကစလို့  ၁၉၈၈၊ ၂၀၀၇ အရေးတော်ပုံတွေမှာ ပြည်သူတွေဖက်က ဘယ်လောက်ပဲ ၀ိုင်းရံခဲ့ ၀ိုင်းရံခဲ့  ခုချိန်မှာ “ပြည်သူ့ ပါတီ” ဆိုတဲ့ ပါတီက မွတ်စလင်တွေကို လုံးဝဥသုံ လျစ်လျစ်ရှုခဲ့တဲ့ အတွက်  ခံပြင်းနေကြတယ်။

    တကယ်တော့ NLD ကို အပြစ်တင်ရမှာမဟုတ်ပါ။ ကျောအကြိမ်ကြိမ်ချ ခံရပြီးတာတောင် ဓားပြမှန်းမသိတဲ့ ကိုယ့်ကို ကိုယ်သာ အပြစ်တင်ရမှာပါ။ ဘယ်သူမပြု မိမိမှုပါ။ ဘာကြောင့်လဲ?

    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စ လင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။

    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်း လိုပေမယ့် Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့ အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကိုဆုံးဖြတ်ဖို့   အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။

    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ (၂၀၁၂ ခုနှစ် က တင်ဆက်ခဲ့သည့် မူရင်းဆောင်းပါး)
    ——————————————-
    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စလင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။

    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်းလိုပေမဲ့  Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကို ဆုံး ဖြတ်ဖို့  အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။

    ကိုယ်မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က နိုင်ငံရေးနဲ့  မကင်းပါဘူး။ မိသားစုတွေ ဆွေမျိုး ရင်းချာတွေက နိုင်ငံ ရေးနဲ့  ပတ်သက်ကြတယ်။ ဒါပေမဲ့ မွတ်စလင်မ်အဖွဲ့  အစည်းတွေရှိပါ လျက်၊ မြန်မာမွတ်စလင်မ်အများစုက ဆင်းရဲ ပြီး ပညာရေးနှိမ့်ပါးတဲ့ အလုပ်သမား လူတန်း စားဖြစ်နေလို့ သီးသန့်  ကြိုးစားစရာများ လိုအပ်ပါလျက်၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးသ မားတွေက အစ္စလာမ်ဘာသာဝင်တွေ ခံစားနေရတာတွေကို မသိ ကျိုးကျွံပြုနေပါလျက် မြန်မာ မွတ်စလင်မ်တွေဟာ မွတ်စလင်မ်အရေးထက် တတိုင်းပြည်လုံးရဲ့  အရေးဆိုပြီးတော့သာ ဦးစားပေးနေ ကြတာကို တွေ့ ရတယ်။ လက်တွေ့  လိုအပ်ချက်ကို ဘေးချပြီး မွတ်စလင်မ်တွေ သဘောထားကြီးတယ် ဆိုတဲ့ လက်တွေ့ အ ကျိုးသက်ရောက်မှုမရှိတဲ့ မျက်နှာကောင်း (Symbolic အဓိပ္ဗါယ်) ရဖို့  သဘောထားကြီးပြနေသလိုဖြစ်နေတယ်။

    ကိုလိုနီခေတ်ကတည်းက ခုထက်ထိ မြန်မာမွတ်စလင်မ်တွေ ဘာလုပ်ခဲ့လဲ ပြန်ကြည့်ပါ။ နိုင်ငံအတွက်၊ လွတ်လပ် ရေးအတွက်၊ ဒီမိုကရေစီအတွက် ဆိုပြီး ဘယ်တုန်းကမှ မွတ်စလင်မ်တွေအတွက် သီးသန့် မလုပ်ခဲ့ဘူး။

    မွတ်စလင်မ်အတွက်ချည်း ကွက်လုပ်ရင် တိုင်းပြည်အပေါ် သစ္စာမရှိရာရောက်မယ်၊ အမြင်ကျဉ်းရာကျမယ်၊ တ တိုင်းပြည်လုံးခံစားနေရခြင်းအတူတူ မွတ်စလင်မ်အရေးချည်း မလုပ်သင့်ဘူးလို့  ယူဆကြတယ်။ တချို့ ကလည်း မွတ်စလင်မ်အရေးလုပ်ရင် မြန်မာ့နိုင်ငံရေးမှာ မ၀င်ဆံ့မှာစိုးကြတယ်။ ဒါတွေကြောင့် Mainstream မြန်မာ့နိုင်ငံ ရေးထဲဝင်ပြီး ကိုယ့်အတွက်မပါတဲ့ NLD အနိုင်ရရှိရေး၊ တိုင်းရင်းသားအရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည် ရေး၊ ရွေ့ ပြောင်းအလုပ်သမားအရေး စတဲ့ အရေးပေါင်း သောင်းခြောက်ထောင်တွေကို အခမဲ့ ရှေ့ နေလိုက်ပေး ကြတယ်။

    စကားဖျက်ပြောချင်ပါတယ်။ မွတ်စလင်မ်တွေက မွတ်စလင်မ်ကိစ္စ ကွက်မလုပ်သင့်ဘူးဆိုရင် Mainstream နိုင်ငံ ရေးက မြန်မာတနိုင်ငံလုံးအတွက် လုပ်နေတာဟုတ်လို့ လား။ ဟုတ်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေ ဒီ လောက်တိုက် ခိုက်စော်ကားခံနေရတာ၊ ကံမ္မနဲ့ ဖားကန့် မှာ ပလီဖျက် ပစ္စည်းလုခံရတာကို အားလုံး ဘာကြောင့် နှုတ်ပိတ်နေခဲ့ တာလဲ။ ကံမ္မမှာ ပလီဖျက်ပြီး မြန်မာမွတ်စလင်မ်တွေရဲ့  အိမ်တွေဖျက်ဆီးလုယက်တော့ ဘယ်ရှေ့  နေ၊ ဘယ်တရားသူကြီး၊ ဘယ်နိုင်ငံသမား၊ ဘယ်လူ့ အခွင့်အရေးသမားက ၀င်ပြောပေးလဲ။ ကျနော်တို့  ဘယ်အ ဖွဲ့ မှာ ဘာပဲလုပ်လုပ် သူတို့  ပြောတဲ့ ဒီမိုကရေစီနဲ့  တရားဥပဒေစိုးမိုးရေးဆိုတဲ့ထဲမှာ ကျနော်တို့ အတွက် မပါဘူး ဆိုတာ သက်သေပဲ။

    သမိုင်းတလျှောက်မှာလည်း ဒီလိုပဲ။ မွတ်စလင်မ်တွေက မြန်မာ့လွတ်လပ်ရေးအတွက်ပဲ ဦးစားပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေ ဆင်းရဲတွင်းနက်လာ နေပြီး အမျိုးသားရေးဝါဒီများက ဘာသာရေး လူမျိုးရေး နှိပ်ကွပ်လာ နေသည့်တိုင် လွတ်လပ်ရေးအတွက်ဆိုပြီး နိုင်ငံရေးသမားတွေကို ထောက် ပံ့ပေးခဲ့တယ်။ ဆုတ်ယုတ်လာနေတဲ့ မွတ်စလင်မ်တို့ ရဲ့ ဘ၀ကို လျစ်လျူရှုခဲ့တယ်လို့  မစွပ်စွဲလိုပေမဲ့ မွတ်စလင်မ်တွေအတွက် ပေးရမဲ့အချိန်၊ အင် အားနဲ့  ကာယဥာဏတွေကို လွတ်လပ်ရေး အတွက်ဆိုပြီး နိုင်ငံရေးသမားတွေကိုပေးခဲ့တယ်။

    ဗိုလ်ချုပ်အောင်ဆန်း အားထားရတဲ့ ဆရာကြီး ဦးရာဇတ်တို့ ကိုကြည့်ပါ။ အင်္ဂလိပ်ကို ဆန့် ကျင်ဖို့  ဗမာဗုဒ္ဓဘာ သာ အမျိုးသားရေးစိတ်ဓာတ်ကို အစပျိုး အမြစ်တွယ်စေခဲ့တယ်။ ဒို့ ဗမာအစည်းအရုံးက ကပြားလို့ ဆိုတဲ့လူတွေ ကို ဗမာပြည်မှာမွေး ဗမာပြည်မှာကြီးလို့  ဗမာတွေဖြစ်တဲ့အတွက် သီး သန့် မနေပဲ ဗမာလို နေပြီး ဗမာ့လွတ်လပ် ရေးမှာ ပါဝင်ဖို့  တိုက်တွန်းခဲ့တယ်။ အယူအဆတူတဲ့ ဆရာကြီး မွတ်စလင်မ်တွေ တကွဲတပြား တိုင်းရင်းသား နာမည်များခံကြမဲ့အစား ဗမာလိုနေကြဆိုပြီး ဆရာကြီးက ဆုံးဖြတ်ပေးခဲ့တယ်။ ဗမာကို ယုံကြည်ခဲ့တယ်။

    အခုတော့ကြည့်ပါ။ ပသီ၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတွေဟာ မူလတိုင်းရင်းသားစာရင်းက လည်း ထုတ်ခံရ၊ ဗမာလို့ လည်း သတ် မှတ်မခံရ၊ ကုလားများအဖြစ်သာ နှိပ်ကွပ်တာ ခံနေရတော့တယ်။ အရင်တုန်းက အခြေအနေတွေအရ ဦးရာဇတ်မမှားခဲ့ပေမဲ့ အခုတော့ အစ္စလာမ်ဘာ သာကိုးကွယ်သူမှန်သမျှ ကုလား တွေတွေဆို ပြီး ဂျောင်ထိုးလိုက်ကြပြီ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုခြောက်ဆိုတဲ့ စကားပုံများလားလို့  စဉ်းစားကြည့်မိ တယ်။ ဦးရာဇတ်အပြင်ရှိပါသေးတယ်။

    အမျိုးသားနေ့ ဖြစ်လာတဲ့ ပထမကျောင်းသားသပိတ်ကို ကြည့်ကြည့်ပါ။ ကျောင်းသားခေါင်းဆောင် ၁၁ ယောက် ထဲက ၁ ယောက်က မွတ်စလင်မ် ကျောင်းသားခေါင်းဆောင် ကိုဘရှင်။

    ဗြိတိသျှ ဘုန်းတော်ဘွဲ့ “God Saves The King” ကို မဆိုဘို့ ပထမဆုံး အာခံခဲ့တာ ပထမဆုံး ရန်ကုန်တက္ကသိုလ် သမဂ္ဂ ဥက္ကဌ ကိုထွန်းစိန်။

    ခင်ဗျားလိုလူမျိုး တော်လှန်ရေးမှာ မရှိလို့ မဖြစ်ဘူးဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားထားရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌလည်းဖြစ် အင်္ဂလိပ်ကို အံတုပြီး အလုပ်သမားသမဂ္ဂကို ဦးဆောင်ထူထောင်ခဲ့တဲ့ ဦးရာ ရှစ်။

    ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံမှာ ဗမာမွတ်စလင်မ်တွေ လူနည်းစုယူမလား လူများစုယူမလားဆိုပြီး ဒီးဒုတ် ဦးဘချိုကိုယ်တိုင် ကြိုက်တဲ့အခွင့် ရေးရွေးချယ်ခွင့် ပေးခဲ့တာတောင် တိုင်းပြည်လွတ်လပ်ရေး အရေးကြီး နေချိန် တစည်းတလုံးထဲဖြစ်အောင် သီးသန့် ခွဲမနေဘူးဆိုတဲ့ မြန်မာမွတ်စ လင်မ်တွေ။

    ဒီနေ့ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာစေဖို့ အသက်သွေးကြောဖြစ်တဲ့ ပင်လုံ ဆိုတဲ့ ညီလာခံကြီး ဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တောင်တန်းနဲ့ ပြည်ပ ပူးပေါင်းရေးအဆိုကို စပြီးတင်သွင်းခဲ့ ဗ.မ.က (ဗမာမွတ်စလင်မ်ကွန် ဂရက်)။

    ပင်လုံညီလာခံ ပျက်တော့မဲ့ဆဲဆဲမှာ ညီလာခံမဖြစ်ဖြစ်အောင် ကြိုစားကယ်တင်ခဲ့တဲ့ သံအမတ်ဟောင်း မွတ်စ လင်မ် ဦးဖေခင်။

    ဒါပေမယ့် ဘုရားပြီးတော့ ငြမ်းဖျက်ဆိုတဲ့ထုံးစံအတိုင်း လွတ်လပ်ရေးရပြီးတော့ ဘာသာရေးနဲ့ နိုင်ငံရေးမရောရ ဘူးဆိုပြီး ဗ.မ.က ကို ဖိအားပေးပြီး ဖျက်ခိုင်းခဲ့တယ်။ သမိုင်းဖျောက်တာများ ၂၀၁၀ က ၀င်းတင့်ထွန်းပြုစုတဲ့ ဗမာပြည်နိုင်ငံရေး အသင်းအပင်းများ အညွန်းဆိုတဲ့စာအုပ်မှာ ဖဆပလရဲ့ လက်ရုံးတဆူဖြစ်ခဲ့တဲ့ ဗမာမွတ်စလင်မ် ကွန်ဂရက်ကို လုံးဝဥသုန် ပေါ်တင်ချန်ခဲ့တယ်။ နောက်ပိုင်းမှာလည်း မွတ်စလင်မ်နိုင်ငံရေးသမားတွေရှိပါသေး တယ်။

    ဒီမိုကရေစီတိုက်ပွဲမှာ အသက်သေခံသွားခဲ့တဲ့ NLD ရဲ့ ဇာတ်ဆရာလိုတင်စားခေါ်ခံခဲ့ရတဲ့ မောင်သော်က(ခ) ဗိုလ်မှူးဘသော်။

    ဘဝအပျက်ခံ ထောင်ဒဏ် ဆယ်စုနှစ်နဲ့ ချီပြီးကျခံပြီး မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုခဲ့တဲ့ ကိုအောင်ထွန်း။

    ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး။

    ဒီလူတွေ ပေးဆပ်ခဲ့သလောက် ဒီနေ့မှာတော့  သောက်ကုလား၊ နိုင်ငံခြားသားတွေဆိုပြီး ကျော်မကောင်း ကြားမကောင်းစကားလုံးတွေနဲ့ ဆဲတာပဲ ခံကြရပြီ။

    နိုင်ငံရေးနယ်ပယ်ရယ်မှ မဟုတ်ပါဘူး။ သတင်းမီဒီယာနယ်ပယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။  ပြည် တွင်းပြည်ပ သတင်းဌာနတွေမှာ မွတ်စလင်မ်သတင်းထောက်တွေရှိတယ်။ မွတ်စလင်မ်သတင်းဌာနထောင်ပြီး ကိုယ်တိုင်မလုပ်ပဲ Mainstream မီဒီယာတွေမှာ လုံးဝနီးပါး အချိန်ပေးနေကြတယ်။ ကိုယ့်ရွေးချယ်မှုဖြစ်တဲ့ အတွက် အပြစ်မတင်ပါ။

    နိုင်ငံတော်ကောင်းစားရေးမျှော်ကိုးပြီး အဲ့ဒီနိုင်ငံရေးအဖွဲ့ တွေ၊ ပါတီတွေ၊  မီဒီယာတွေမှာ အခြေချလိုက်ခြင်း ဖြင့်  မြန်မာမွတ်စလင်မ်တွေ ဘာဆုံးရှုံးလဲ?

    အဆဲခံ အခွဲခြားခံ အနှိပ်ကွပ်ခံအပြင် အချက် ၂ ချက် ကို ထောက်ပြပါမယ်။ အရည်အချင်းတူသည့်တိုင် (သို့ ) သာနေသည့်တိုင် အဲ့ဒီ Mainstream ထဲကလူတွေ ခွဲခြားမှုကို ကျော်လွန်ပြီး သင့်တော်တဲ့နေရာရောက်အောင် မနည်း ကြိုးစားနေရ လို့  နိုင်ငံရေးထက် အတိုက်အခိုက် အခွဲအခြားမှုအတွက် ရင်ဆိုင် အချိန်ပေးရတယ်။ အ ရည်အချင်းရှိသည့်တိုင် ခွဲခြားမှုတွေကို ရင်ဆိုင်ကျော်လွားနေရလို့ နေရာလည်းမရ၊ တဖက်မှာ မွတ်စလင်မ် အတွက်လုပ်ပေးနိုင်တဲ့ အချိန်နဲ့ အင်အားတွေလည်း အလဟသဖြစ်ကုန်တယ်။

    ခွဲခြားမှုမရှိဘူးလို့ မပြောပါနဲ့ ။ အဖွဲ့ အစည်းကြီးတခုဆီက မွတ်စလင်မ်ဖြစ်လို့  အတွင်းရေးမှုးပေးလုပ်လို့ မရဘူး ဆိုတဲ့ သက်သေ အခိုင်အမာရှိတယ်။ ABSDF ကျောင်းသားဟောင်းတွေ၊ ဗကသ ကျောင်းသားဟောင်းတွေ နဲ့  NLD သမားတွေ အွန်လိုင်းမှာ ပေါ်တင် ဆဲနေတာတော့ ထည့်ပြောစရာတောင် လိုမယ်မထင်ဘူး။

    နောက်တချက် – ကိုယ်က အဲ့ဒီ Mainstream အဖွဲ့ တွေ မီဒီယာတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး  အိပ်ကပ်စိုက်လုပ်ထားပေမဲ့ မွတ်စလင်မ်တွေ ခံရတဲ့အချိန် အဲ့ဒီအဖွဲ့ အစည်းတွေက အသိကျိုးကျွံပြုတာပဲခံရတယ်။ (ဘာအနစ်နာခံခဲ့လို့ လဲဆိုတာ မေးရင် အနစ်နာခံခဲ့တဲ့ ဦးလေးမိသားစုအကြောင်းပြောပြပါမယ်။)

    88 မှာ မွတ်စလင်မ်တွေ အများနည်းတူပါဝင်ခဲ့တယ်။ ၂၀၀၇ မှာ သံဃာတော်တွေကို ၀ိုင်းရံခဲ့တယ်။ ၈၈ တည်းက ခုထိ NLD နဲ့  အတိုက်အခံတွေဖက် ရပ်တည်ခဲ့တယ်။ သတင်းသမားတွေလည်း တောကြိုတောင်ကြားသွားပြီး သတင်းယူပေးခဲ့တယ်။ မြစ်ဆုံတုန်းကလည်း မြစ်ဆုံ အများနည်းတူ ပါဝင်ခဲ့တယ်။ အခုတော့ဘာရလဲ။? ဖားကန့် နဲ့  ကံမ္မမှာ ပလီတွေ ဖျက်ဆီးတော့ ဘယ်သူဘာကူပြောပေးလဲ။? အန်အန်လ်ဒီကိုထောက်ခံတဲ့ မိန်းခလေးငယ်တွေကို မဖွယ်မရာဆဲလို့  သွားပြောတာတောင် အလေးမထားဘူး။

    မီဒီယာသမားတယောက်က ကိုယ့်ကိစ္စ ၀င်မပြောပေးလို့  စိတ်ဆိုးတာလားလို့  ရိပြောပြောတယ်။ တာဝန်ယူမှု နည်းပါးပုံများ မှတ်သားလောက်ပါတယ်။ မွတ်စလင်မ်တွေက ကိုယ်တိုင်ပြောဖို့  အင်အားမရှိလို့  အင်အားရှိတဲ့ နိုင်ငံရေးပါတီတွေ အုပ်စုတွေ သတင်း ဌာနတွေ ကို အကူအညီတောင်းတာ အဲ့ဒီလို ပေါ့ပျက်ပျက် ပြန်ဖြေတာ စဉ်းစားကြည့်ပါ။

    ကိုယ်က အင်အားဘာကြောင့် မရှိ တာလဲ။ အင်အားမရှိရတဲ့အကြောင်းရင်းက အရည်အချင်းရှိတဲ့ မွတ်စလင်မ် တွေက စုပေါင်းပြီး ကိုယ့်အင်အား ကိုယ်ထောင်ရ မဲ့အစား Mainstream မှာပဲ ကြားကပ်ခံရမယ်ဆိုတာ သိလျက် နဲ့  ခုထက်ထိ ၀င်ရော နေသေးလို့ လို့ ပဲယူဆတယ်။ အရည်အချင်းရှိပေမဲ့ နေရာတိုင်းမှာ ဆိုဒ်လိုင်းလုပ်ခံ လာရ လို့  တဖြည်းဖြည်းနဲ့  အားနည်းလာတာ အင်အားရှိ နိုင်ငံရေးပါတီ မပြောနဲ့ သြဇာညောင်း နိုင်ငံရေးသမားတွေ ကို ချည်းကပ်နိုင်တဲ့ မွတ်စလင်မ်တွေတောင် ဘယ်နား သွားရှာရမှန်းမသိဘူး။ ကိုယ့်ကို တိုက်ခိုက်နေလို့  တိုက်ခိုက် နေပါတယ်လို့  ဖွင့်ပြောဖို့  သတင်း ဌာနလည်းမရှိပြန်။

    စုဆောင်းထားတဲ့ ငွေကြေးတွေလည်း သူများအသိအမှတ်ပြုအောင်ဆိုပြီး NLD ကို လှူလိုက်၊ ဟိုအဖွဲ့ လှူလိုက် ဒီ အဖွဲ့ လှူလိုက် မြန်မာမွတ်စလင်မ်အဖွဲ့  အတွက်ကျတော့ ထောက်ပံ့မှုမပေးနိုင်ဘူး။

    မွတ်စလင်မ်တွေက ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ရဲ့  အချိန်၊ ကာယ၊ ဥာဏ ငွေကြေး စတာတွေကို Mainstream မှာပဲ ပုံအောလိုက်ကြတယ်။ အဲ့ဒီ Mainstream တွေ အနိုင်ရပြီး တိုင်းပြည်ကောင်းစားရင် ငါတို့ အ တွက်လည်း ပါမယ်ဆိုပြီး အယူမှား အမှတ်မှားပြီး Mainstream တွေမှာပဲ ၀င်အားဖြည့် ကြတယ်။ အနစ်နာခံကြ တယ်။ ပေးဆပ်ကြတယ်။ မွတ်စလင်မ်အဖွဲ့ ထောင်ဖို့ ၊ အင်အားရှိတဲ့ မွတ်စလင်မ်အဖွဲ့  မီဒီယာအဖွဲ့  ဖွံ့ ဖြိုးရေး အဖွဲ့ တွေ ဖြစ်လာဖို့  အလေးမစိုက်မိတော့ဘူး။

    အခုလို မွတ်စလင်မ်တွေကို တိုက်ခိုက်လာတော့ ဘယ်မှာလဲ ကိုယ့်အဖွဲ့ အစည်း၊ ဘယ်မှာလည်း ကိုယ့်မီဒီယာ၊ ဘယ်မှာလည်း ကိုယ့်ခေါင်းဆောင်။ တခုမှ မရှိဘူး။ ကိုယ်တွေ ပါဝင်ပုံအောခဲ့တဲ့ ဒီမိုကရေအဖွဲ့ တွေ၊ လူ့ အခွင့်အ ရေးအဖွဲ့ အစည်းတွေလည်း အရေးကြုံလာရင် ကိုယ့်ကို ဂရုမစိုက်ဘူး။ ကိုယ့်ဖက်မှာ ကိုယ့်မိခင် အဖွဲ့ အစည်းတွေတောင်မရှိဘူး။ ဖွတ်မရ ဓားမဆုံး အစစ်ပဲ။

    ဒါကြောင့် အရင်က မွတ်စလင်မ်နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေရဲ့  သင်ခန်းစာယူပြီး အနာဂတ် မြန်မာမွတ် စလင်မ်တွေ အရင်ခေါင်းဆောင်တွေလို ပေးဆပ်တုန်းကပေးဆပ်ပြီး နောက်ဆုံးမှာ တော့ ကုလားလို့ ပဲ အဆဲခံ၊ အဖိခံရတဲ့ အဖြစ်ဆက်ခံအုံးမလားဆိုတာ စဉ်းစားဖို့ တိုက်တွန်းပါတယ်။ အနာဂတ် မှာ ဖွတ်မရချင်နေပါစေ၊ ဓားမ ထပ်ဆုံးလို့ တော့ မဖြစ်ဘူး။

    မှတ်ချက် – ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။

    ဆက်စပ်ဆောင်းပါးဖတ်ရန်
    ——————————-
    ဆရာ ဝင်းတင့်ထွန်းသို့ အိတ်ဖွင့်ပေးစာ
    http://www.m-mediagroup.com/news/2515