News @ M-Media

Blog

  • လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ကမ္ဘာတစ်ဝှမ်း ၃ သန်းကျော်ရှိ

    လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ကမ္ဘာတစ်ဝှမ်း ၃ သန်းကျော်ရှိ

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    air

    – လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ တစ်နှစ်လျှင် လူပေါင်း ၃ သန်းကျော် သေဆုံးနေပြီး အိုဇုန်းနှင့် အမှုန်အမွှားများကဲ့သို့ လေထုညစ်ညမ်းစေသည့် အရာများကို လျော့ချရေး မဆောင်ရွက်ပါက ၂၀၅၀ ခုနှစ်တွင် သေဆုံးသူ အရေအတွက်မှာ ၂ ဆ တိုးလာမည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    လေ့လာမှုမှ တွေ့ရှိချက်များကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့သည့် Nature ဂျာနယ်တွင် ဖော်ပြထားပြီး အာရှနိုင်ငံများတွင် လေထုညစ်ညမ်းရသည့် အကြီးမားဆုံး အကြောင်းအရင်းမှာ နေအိမ်များအား အပူပေးရန်နှင့် ဟင်းချက်ရန်အတွက် အသုံးပြုသည့် မီးသွေးများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ အမေရိကန်နှင့် ဥရောပတွင်မူ လယ်ယာလုပ်ငန်းများမှ
    ညစ်ညမ်းသော အမှုန်များ ထုတ်လုပ်ခြင်းမှာ အဓိက အကြောင်းအရင်းဖြစ်သည်။

    “ဒီအရေအတွက်က အံ့သြတုန်လှုပ်စရာပါပဲ။ တစ်ချို့နိုင်ငံတွေမှာ လေထုညစ်ညမ်းမှုဟာ သေဆုံးမှုရဲ့ ထိပ်တန်း အကြောင်းအရင်း ဖြစ်နေပါတယ်။ နိုင်ငံတော်တော်များများမှာတော့ ဒါက အဓိက ပြဿနာပါပဲ” ဟု ဂျာမနီ Max Planck ဓာတုဗေဒတက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်ခဲ့သူ ဂျို့စ် လီလီဗဲလ်ဒ်က ပြောကြားခဲ့သည်။

    သေဆုံးသူများမှ ၇၅ ရာခိုင်နှုန်းမှာ လေထဲတွင် မျောလွင့်နေသော အမှုန်များကို ရေရှည် ရှူသွင်းမှုကြောင့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများဖြစ်ပွားကာ သေဆုံးကြခြင်းဖြစ်ပြီး၊ ကျန်သူများမှာ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြင့် သေဆုံးကြခြင်းဖြစ်သည်။

    လေ့လာမှုအရ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ လေထုညစ်ညမ်းမှုအတွက် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများ ပြဌာန်းခြင်းမရှိလျှင် အဆိုပါ သေဆုံးမှုမှာ လာမည့် ၃၅ နှစ်အတွင် ၆.၆ သန်းအထိ ရောက်ရှိသွားမည်ဟု သိရသည်။

    “လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှု မြင့်တက်လာတာကို ရှောင်ရှားဖို့ဆိုရင် ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကို နှံ့နှံ့စပ်စပ်လုပ်ဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် တောင်အာရှနဲ့ အရှေ့အာရှတွေမှာပေါ့” ဟု လီလီဗဲလ်ဒ်က ပြောကြားခဲ့သည်။

    အဆိုပါသုတေသနကို လေထုအရည်အသွေး တိုင်းတာခြင်း၊ လူဦးရေနှင့် ကျန်းမာရေး ကိန်းဂဏန်း အချက်အလက်များ ကောက်ယူခြင်းတို့ဖြင့် ပေါင်းစပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: PressTV

  • သီရိလင်္ကာ စစ်ရာဇ၀တ်မှုအတွက် နိုင်ငံတကာ ခုံရုံးဖွဲ့ရန် ကုလ တိုက်တွန်း

    သီရိလင်္ကာ စစ်ရာဇ၀တ်မှုအတွက် နိုင်ငံတကာ ခုံရုံးဖွဲ့ရန် ကုလ တိုက်တွန်း

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    sri

    – သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း ကြောက်စရာကောင်းသည့် ကျူးလွန်မှုများ ရှိခဲ့ပြီး နိုင်ငံအတွင်း ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ရန်အတွက် အဆိုပါရာဇ၀တ်မှုများကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးနိုင်ရန် နိုင်ငံတကာ အကူအညီ လိုအပ်သည်ဟု ကုလမှ ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

    သီရိလင်္ကာ၏ ၂၆ နှစ်တာ ပြည်တွင်းစစ်အတွင်း လူထောင်ပေါင်းများစွာမှာ ပျောက်ဆုံးခဲ့ပြီး၊ အင်အားသုံး၍ သုတ်သင်ပစ်မှုမှာ စနစ်တကျ ကျူးလွန်သည့် ပေါ်လစီမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ကုလ၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ပြည်တွင်း တရားရုံးတွေရဲ့ လုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်နဲ့ချီတဲ့ ဥပဒေချိုးဖောက်မှုတွေ၊ မှန်မှန်ကန်ကန် မဆောင်ရွက်မှုတွေ၊ ကတိဖျက်မှုတွေကနေ ဖြစ်လာတဲ့ ကျယ်ပြန့်ပြီး အကျိုးအကြောင်းခိုင်လုံတဲ့ သင်္ကာမကင်းမှုတွေကို ကျော်ဖြတ်ဖို့ အခြေအနေ
    မရှိပါဘူး” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇီအစ်ဒ် ရာအဒ် အလ် ဟူစိန်က ပြောကြားခဲ့ပြီး နိုင်ငံတကာမှ တရားသူကြီးများ၊ ရှေ့နေများနှင့် စုံစမ်းစစ်ဆေးသူများ ပါဝင်သော အထူးပူးတွဲခုံရုံးတစ်ခု ဖွဲ့စည်းရန်လည်း တိုက်တွန်းခဲ့သည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီက အင်အားသုံး သုတ်သင်ရှင်းလင်းမှုမှာ ၂၀၀၉ ခုနှစ်က အဆုံးသတ်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ၏ အခြေအနေအားလုံးအတွင်း သီရိလင်္ကာပြည်သူ ထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံ၏ ပြည်တွင်းစစ်ပွဲ ကာလအတွင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးမည်ဟု သီရိလင်္ကာကလည်း ကတိပြုထားသည်။

    သို့သော်လည်း ဆိုးရွားစွာ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် အစိုးရတပ်ဖွဲ့ဝင်များနှင့် တမီလ်ကျားသူပုန်များကို တရားစွဲဆိုရေး ခုံရုံးဖွဲ့ရန်အတွက် ကုလ၏ အဆိုပြုချက်အား တိုက်ရိုက်ဖြေရှင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • နိုင်ပွဲအရသာကို မေ့နေပြီဟု မော်ရင်ဟို အရွှန်းဖောက်

    နိုင်ပွဲအရသာကို မေ့နေပြီဟု မော်ရင်ဟို အရွှန်းဖောက်

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    mrh

    – ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မော်ရင်ဟိုက မိမိမှာ နိုင်ပွဲအရသာကိုပင် မေ့သွားပြီဟု အရွှန်းဖောက် ပြောကြားလိုက်သည်။

    ယနေ့မနက်က မက်ကာဘီ တဲလ်အဗီးနှင့် ကစားခဲ့သည့်ပွဲတွင် ၀ီလီယံ၊ အော်စကာ၊ ဒီယေဂိုကော်စတာနှင့် ဖာဘရီဂက်စ်တို့၏ ဂိုးများဖြင့် ၄ ဂိုးပြတ် ချယ်ဆီးက အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၃ ပွဲတွင် ချယ်ဆီး၏ ပထမဆုံးနိုင်ပွဲ ဖြစ်ခဲ့သည်။ မော်ရင်ဟိုကမူ မိမိမှာ နိုင်ပွဲ၏ အရသာကို မေ့နေပြီဟု ဆိုသည်။

    “နိုင်ပွဲဆိုတဲ့ ခံစားမှုကို ကျွန်တော် မေ့နေပြီ။ မနိုင်တာ တော်တော်ကြာနေပြီကိုး။ သိပ်ကောင်းပါတယ်။ သိပ်ကောင်းတဲ့ ခံစားမှုပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပွဲအစ စောစောပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီကို ကွင်းလယ်ကစားသမား ဟဇာ့ဒ်က လွဲချော်ခဲ့ပြီး မော်ရင်ဟိုကမူ ထိုလွဲချော်ခြင်းမှာ စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပင်နယ်တီ လွဲချော်ခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် စမ်းသပ်မှုကြီးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အနီကဒ်တွေ၊ ပင်နယ်တီတွေ၊ ဆုံးဖြတ်ချက်၊ ကံတရား၊ ဒဏ်ရာတွေ အားလုံးက ခင်ဗျားကို ဆန့်ကျင်နေတဲ့အခါ၊ ခင်ဗျားကလည်း အနိုင်ရဖို့ လိုနေတယ်။ ပြီးတော့ ၅ မိနစ်လောက်မှာ ပင်နယ်တီလွဲခဲ့တယ်။ ဒါက အသင်းအခြေအနေရဲ့ အကြီးကျယ်ဆုံး
    စမ်းသပ်မှုဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး မော်ရင်ဟိုက အနိုင်ရရှိရန်မှာ အလွန်အရေးကြီးသည်ဟု ဆိုသည်။

    Ref: Goal

  • ချီလီအင်အားပြင်းငလျင် ကနဦးသေဆုံးသူ ၅ ဦးရှိပြီး ထပ်မံ တိုးလာနိုင်

    ချီလီအင်အားပြင်းငလျင် ကနဦးသေဆုံးသူ ၅ ဦးရှိပြီး ထပ်မံ တိုးလာနိုင်

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    chili

    – တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ချီလီနိုင်ငံတွင် ပြင်းအား ၈.၃ မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်တစ်ခု ယမန်နေ့ညပိုင်းက လှုပ်ခတ်ခဲ့ပြီး ကနဦးသတင်းများအရ ၅ ဦးသေဆုံးကာ ငလျင်ကြောင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားသည်။

    မြို့တော် ဆန်တီယာဂိုမြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာရှိ ဒေသသို့ ဗဟိုပြု၍ ဒေသစံတော်ချိန် ည ၇ နာရီ ၅၄ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချီလီတက္ကသိုလ်မှ ငလျင်သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

    သမ္မတ မီရှဲလီ ဘာချီလက်က မိမိအနေဖြင့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားရသည့် ဒေသများသို့ သွားရောက်မည်ဟု နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။ ပြည်ထဲရေ၀န်ကြီး မဟ်မွဒ် အယ်လ်ဝေးက ကနဦး အချက်အလက်များရ ငလျင်ကြောင့် သေဆုံးသူမှာ အနည်းဆုံး ၅ ဦးရှိလာပြီး လူပေါင်း ၁ သန်းခန့်ကို ကယ်ဆယ်ပြောင်းရွှေ့ ပေးခဲ့ရသည်ဟု ဆိုသည်။

    ကမ်းရိုးတမ်းမြို့အချို့တွင် ဆူနာမီ လှိုင်းအသေးစားများကြောင့် ရေလွှမ်းမှုများ ရှိနေပြီး၊ နောက်ဆက်တွဲ လှုပ်ခတ်မှုများလည်း ရှိနေကာ ငလျင်ဗဟိုချက်နှင့်နီးသည့် ကမ်းရိုးတန်းဒေသများတွင် ဆူနာမီ သတိပေးချက်လည်း ထုတ်ပြန်ထားသည်။

    ဆန်တီယာကို မြောက်ပိုင်း ကီလိုမီတာ ၂၈၀ အကွာတွင် တည်ရှိသော ကုန်တွင်းပိုင်း အီလာပဲလ်မြို့ရှိ မြေစိုက်အိမ်ငယ် အချို့မှာ ပြိုကျပျက်ဆီးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုမြို့မှ အာဏာပိုင်များကလည်း သေဆုံးသူများမှာ ၈၆ ဦး ရှိနေပြီဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

    ဖရန့်ခ်ျပိုလီနီစီယာ ကမ်းရိုးတမ်းတစ်လျှောက် ဆူနာမီလှိုင်းများမှာ ၃ မီတာခန့် ရှိနိုင်သည်ဟု ဟာဝိုင်ယီရှိ ပစိဖိတ်ဆူနာမီစင်တာ PTWC မှ သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါ ဆူနာမီလှိုင်းများမှာ ဂျပန်၊ အန်တာတိကနှင့် နယူးဇီလန်၊ ဖီဂျီ၊ တွန်ဂါ၊ ဗနူအာတူ၊ ဆော်လမွန်ကျွန်းများအပါအ၀င် တောင်ပစိဖိတ်ရှိ နိုင်ငံများအထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၀.၃ မီတာမှ၊ ၁ မီတာအထိ ရှိနိုင်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • နာရီတီထွင်သည့် အမေရိကန်မွတ်စလင် အထက်တန်းကျောင်းသားတစ်ဦး ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံရ

    နာရီတီထွင်သည့် အမေရိကန်မွတ်စလင် အထက်တန်းကျောင်းသားတစ်ဦး ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံရ

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    us

    – ကျောင်းမှ ဆရာများအား ပြသရန် ရည်ရွယ်ကာ အိမ်တွင်းလုပ် နာရီတစ်လုံးကို တီထွင်ခဲ့သော အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ မွတ်စလင်ဆယ်ကျော်သက် ကျောင်းသားတစ်ဦးမှာ ဗုံးလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    “ဆရာမက ဗုံးလို့ ထင်သွားတာပါ။ ကျွန်တော်က “ကျွန်တော့်အတွက်တော့ ဒါဟာ ဗုံးနဲ့မတူပါဘူး” လို့ ပြောခဲ့ပါတယ်” ဟု ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် အဟ်မဒ် မိုဟာမက်က စက်တင်ဘာ ၁၅ ရက်နေ့တွင် Dallas Morning သတင်းစာသို့ ပြောကြားခဲ့သည်။ အဟ်မဒ်မှာ တက္ကဆက်ပြည်နယ် အာရ်ဗင်းတွင် နေထိုင်သူဖြစ်သည်။

    လျှပ်စစ်ပတ်လမ်းဘုတ်၊ ပါဝါပေးစနစ်နှင် ဒစ်ဂျစ်တယ်စာလုံးပြ မျက်နှာပြင်တို့ ပါဝင်သည့် အဆိုပါနာရီကို အဟ်မဒ်က အိမ်တွင် ကိုယ်တိုင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတက်ရောက်နေသည့် မက်အာသာ အထက်တန်းကျောင်းမှ အင်ဂျင်နီယာ ဆရာအား သွားရောက်ပြသသည့်အခါ ၎င်းမျှော်လင့်ခဲ့သည့် တုန့်ပြန်မှုမျိုး မရခဲ့ပေ။

    “သိပ်ကောင်းတယ်လို့ ဆရာကပြောပါတယ်။ ဒါပေမယ့် တစ်ခြားဆရာတွေကို သွားမပြဖို့ အကြံပေးခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် အင်္ဂလိပ်သင်ခန်းစာအချိန်တွင် ထိုနာရီမှ အချက်အပေးအသံ မြည်လာခဲ့ပြီးနောက် ဆရာများက ဗုံးဟု ထင်မှတ်ကာ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီး အဟ်မဒ်မှာ အဖမ်းခံခဲ့ရသည်။ ရဲစခန်းတွင် တပ်ဖွဲ့ဝင် ၄ ဦးက ၎င်းအား စစ်ကြောခဲ့သည်ဟု အဟ်မဒ်က ဆိုသည်။

    “အဖေ့ကို ဖုန်းခေါ်ဖို့ ကြိုးစားပါသေးတယ်။ သူတို့က စစ်ကြောမှုလုပ်နေတဲ့အချိန် ဖုန်းခေါ်လို့မရဘူးလို့ ပြောပါတယ်။ မျှတတယ်လို့ ကျွန်တော် တကယ်မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်သူ့ကိုမှ မခြိမ်းခြောက်တဲ့ ပစ္စည်းတစ်ခု ကျွန်တော် ကျောင်းကို ယူလာတယ်။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တီထွင်တာကို ဆရာတွေဆီ ပြခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အဖမ်းခံရတာနဲ့ အဆုံးသတ်ခဲ့ပါတယ်” ဟု NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဒါးလက်စ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် မက်လဲလန်ကမူ အဟ်မဒ်၏ အိမ်တွင်းလုပ် အဆိုပါနာရီမှာ အန္တရာယ်ရှိသည်ဟု ယူဆရန် မည်သည့်အကြောင်းအရင်းမှ မရှိဟု ပြောကြားခဲ့သည်။

    စိတ်ပျက်

    သားဖြစ်သူ၏ နည်းပညာပါရမီကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည့် အဟ်မဒ်၏ ဖခင်ဖြစ်သူ မိုဟာမက် အလ်-ဟာဆန် မိုဟာမက်က ၎င်းမှာ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တုန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။

    “သူဟာ လူသားတွေအတွက် ကောင်းမွန်တဲ့အရာတွေကို တီထွင်ချင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ နာမည်ကြောင့်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် ကျွန်တော့်သားလေးဟာ စိတ်ကသိကအောက်ဖြစ်စရာ ဆက်ဆံမှုမျိုး ခံရတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အလ်-ဟာဆန်က ပြောကြားခဲ့သည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ကလည်း ထိုအဖြစ်အပျက်အား ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြီး တရားမျှတမှုကို လိုလားသည့် အမေရိကန်များကလည်း ထိုသတင်းအတွက် မကျေမနပ် ဖြစ်ခဲ့ကြပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရှုတ်ချခဲ့ကာ အဟ်မဒ်ကိုလည်း အားပေးခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် ကျောင်း ၃ ရက် နားခဲ့ရသည့် အဟ်မဒ်က မိမိ၏ တီထွင်မှုကို ထိုကျောင်းသို့ မည်သည့်အခါမှ ယူမသွားတော့ဟု ပြောကြားခဲ့သည်။

    “ဒုက္ခပေးဖို့အတွက် မဟုတ်ရင် ဒီလိုလူမျိုးက ဒါမျိုးကို ဘယ်လိုတီထွင်နိုင်မှာလဲ – လို့ သူတို့က ထင်ကြတယ်ဗျ” ဟု အဟ်မဒ်က ပြောကြားခဲ့သည်။

    Ref: Onislam