News @ M-Media

Blog

  • အရှေ့တောင်အာရှ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေ

    အရှေ့တောင်အာရှ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေ

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    – အရှေ့တောင်အာရှရှိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအများဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာတွင် ရှိနေသည်ဟု ဒေသတွင်း ယာဉ်တိုက်မှုအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ WHO ၏ ကနဦးတွေ့ရှိချက်များအရ သိရသည်။

    အချက်အလက်အတိအကျကို ရရှိခြင်း မရှိသေးသော်လည်း WHO ၏ အရှေ့တောင်အာရှ ရုံးမှ ဒဏ်ရာရရှိမှု၊ ထိခိုက်မှု တားဆီးရေးနှင့် မသန်စွမ်းမှုဆိုင်ရာ အကြံပေး ဒေါက်တာ ချာမိုင်ပန် ဆန်တီကာန်က ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်မည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုအများဆုံး စာရင်း၌ ထိုင်းနိုင်ငံ၏နောက် ဒုတိယနေရာတွင် ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများ၏ ယာဉ်အန္တရာယ်ကင်းရှင်းရေး WHO ၏ နောက်ဆုံး စစ်တမ်းကောက်ယူတွင် မြန်မာနိုင်ငံမှ လမ်းများမှာ နိုင်ငံ ၁၁ နိုင်ငံတွင် ဆဌမမြောက် အန္တရာယ်အရှိဆုံး လမ်းများအဖြစ် သတ်မှတ်ခြင်းခံရပြီး လူတစ်သိန်းတွင် ၁၅ ယောက်နှုန်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

    “ကနဦးတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုတိယမြောက်လိုက်နေတယ်ဆိုတာကို ကျွန်မတို့ အသိပေးချင်ပါတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာကို ကျွန်မတို့ ပြောနိုင်ပေမယ့် လတ်တလောမှာတော့ ဘာ့ကြောင့်လဲဆိုတာ ပြောလို့မရသေးပါဘူး” ဟု ဒေါက်တာ ဆန်တီကာန်က ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီးကတည်း များပြားလာသည့် ကားအရေတွက်ကလည်း ယာဉ်တိုက်မှုဖြစ်ခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ပြီး၊ ယာဉ်မောင်းလိုင်စင်ပေးခြင်းနှင့် ကားများ၏ အရည်အသွေးတို့မှာ ထိုပြဿနာနှင့် ဆက်စပ်နေသည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    ဒေါက်တာမှာ မြန်မာနိုင်ငံရှိ ကားလမ်းများတွင် ယာဉ်တိုက်မှုအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေသူများ၊ မြန်မာအစိုးရ တာဝန်ရှိသူများ၊ WHO မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီနှင့် မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာအသင်းမှ ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်၌ ပြုလုပ်ခဲ့သည့် လပတ်တွေ့ဆုံဆွေးနွေးမှုအတွင်း ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါအစည်းအဝေးအတွင်း WHO မှ ထောက်ပံ့ရန် ရှိနေသည့် ကန်ဒေါ်လာ တစ်သောင်းခန့်ကို ရန်ကုန်နှင့် မန္တလေးတို့အား ဆက်သွယ်ထားသည့် အဝေးပြေးလမ်း အန္တရာယ်ကင်းရှင်းရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် မည်ကဲ့သို့ သုံးစွဲရမည်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

    WHO ၏ အချက်အလက်များအရ မြန်မာအစိုးရမှာ ယာဉ်မောင်းများ၊ ဆိုင်ကယ်မောင်းသူများသာမက လမ်းသွားလမ်းများကိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများစာရင်းတွင် ၄ ပုံ ၁ ပုံမှာ လမ်သွားလမ်းလာများ ဖြစ်သည်။

    Ref: frontiermyanmar.net

  • ဒုက္ခသည် လက်မခံသည့် နိုင်ငံများကို အီးယူမှ ငွေဒဏ်ဖြင့် အရေးယူသင့်ဟု ဂျာမနီပြော

    ဒုက္ခသည် လက်မခံသည့် နိုင်ငံများကို အီးယူမှ ငွေဒဏ်ဖြင့် အရေးယူသင့်ဟု ဂျာမနီပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    ger

    – နယ်စပ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့သော်လည်း ဒုက္ခသည် ၀င်ရောက်လာမှုမှာ လျော့ပါးသွားမည့် လက္ခဏာ မတွေ့ရချိန်တွင် ဒုက္ခသည်ခွဲတမ်းများကို လက်မခံသော ဥရောပနိုင်ငံများကို ဥရောပသမဂ္ဂက ငွေဒဏ်များ ချမှတ်ရေး စဉ်းစားရန် ဂျာမနီက တိုက်တွန်းလိုက်သည်။

    ဥရောပတိုက်အတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များကို သမဂ္ဂအောက်ရှိ နိုင်ငံများက ခွဲဝေလက်ခံရန် သတ်မှတ်ထားသော်လည်း ဥရောပနိုင်ငံငယ်အချို့က ထိုအစီအစဉ်ကို သဘောမတူကြပေ။ ထို့ကြောင့် ဂျာမန် ပြည်ထဲရေးဝန်ကြီး သောမက်စ် ဒီ မိုင်ဇီရီက အဆိုပါနိုင်ငံများမှာ သမဂ္ဂမှ ငွေကြေအထောက်အပံ့ယူထားသည့် နိုင်ငံများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဒုက္ခသည်များကို ရေရှည်ခွဲတမ်းဖြင့် လက်ခံရေး သဘောတူညီရန် ဆောင်ရွက်ရာ၌ ဥရောပသမဂ္ဂတွင် နည်းလမ်းတစ်ချို့ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    “ဒါ့ကြောင့် ကျွန်တော်တို့ ဖိအားပေးဖို့ နည်းလမ်းတွေအကြောင်း မဖြစ်မနေ ပြောရပါမယ်” ဟု ဒီ မိုင်ဇီရီက ဆိုပြီး ဒုက္ခသည်များအား လက်မခံသည့်နိုင်ငံများကို ဥရောပသမဂ္ဂမှ ပေးထားသည့် ထောက်ပံ့ငွေများဖြတ်တောက်ပစ်ရမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုကိစ္စကို နိုင်ငံအချို့က သဘောမတူကြဘဲ ဥရောပသမဂ္ဂဆိုင်ရာ ချက်နိုင်ငံခြားရေးဝန်ကြီး သောမက်စ် ပရူဇာက ထိုသို့ ထောက်ပံ့ကြေး ဖြတ်တောက်ခြင်းမှာ ဥပဒေနှင့်မညီဟု ပြောကြားခဲ့သည်။

    “အလယ်ဥရောပနိုင်ငံတွေကို ရန်ပုံငွေဖြတ်တောက်ပြီး အရေးယူဖို့ ဂျာမနီရဲ့ ခြိမ်းခြောက်မှုဟာ အလုပ်မဖြစ်ဘဲ အားလုံးအတွက် ပျက်ဆီးမှုပဲ ဖြစ်သွားပါလိမ့်မယ်”

    စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုကလည်း မတူညီသော သဘောထား ရှိခြင်းအတွက် နိုင်ငံတစ်နိုင်ငံကို အပြစ်ပေးမှုမှာ ယခင်က မရှိခဲ့ဘဲ ထိုသို့ ဆောင်ရွက်ပါက ဥရောပသမဂ္ဂ အဆုံးသတ်သွားမည်ဟု ဆိုသည်။

    ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၈ သိန်းကို လက်ခံရန် ရာထားသော်လည်း တစ်သန်းခန့်အထိ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    Ref: Reuters

  • ချန်ပီယံလိဂ်အရှုံးအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ဗန်ဂါးလ်ပြော

    ချန်ပီယံလိဂ်အရှုံးအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ဗန်ဂါးလ်ပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    mu

    – ချန်ပီယံလိဂ်အဖွဲ့ပွဲစဉ်တွင် ရှုံးနိမ့်မှုအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဖြစ်ပြီး မိမိတို့အသင်းမှာ အနိုင်ရလောက်အောင် ကောင်းမွန်ခဲ့သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် တစ်နှစ်တာ ဝေးကွာခဲ့ရသည့် မန်ယူမှာ ယခုနှစ်တွင်မှ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ယနေ့မနက်က ကစားခဲ့သည့် ပီအက်စ်ဗီအသင်းနှင့် ချန်ပီယံလိဂ်အဖွင့်ပွဲ အဝေးကွင်းပွဲစဉ်တွင် ဒီပိုင်းက ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    ထို့ပြင် အားထားရသည့် ကစားသမား လုခ်ရှောမှာလည်း ခြေထောက်ကျိုးဒဏ်ရာ ရသွားခဲ့သည်။ ဗန်ဂါးလ်ကမူ ထိုပွဲတွင် မိမိတို့မှာ အနိုင်ရလောက်အောင် ကောင်းမွန်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန် အပြစ်တင်ရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့လို့ပါပဲ။ စပါးနဲ့ပွဲအပြီးမှာ ပြိုင်ဘက်ထက် တစ်ဂိုး ပိုသွင်းရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ပီအက်စ်ဗီဟာ တော်တော်လေး ထိရောက်သွားပါတယ်။ ဘာမှမဟုတ်တဲ့ ထောင့်ကန်ဘောကနေ လူထိ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားတယ်။ ဒုတိယပိုင်းမှာလည်း
    သိပ်မကောင်းတဲ့ ဖြတ်တင်ဘောကနေ ဂိုးရသွားခဲ့ပါတယ်” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ပီအက်စ်ဂျီနှင့် ရာသီအစ ပွဲကလွဲ၍ ယခုရာသီ ကစားခဲ့သည့် ပွဲတိုင်းတွင် မိမိတို့မှာ လွှမ်းမိုးမှုရှိခဲ့ကာ၊ အခွင့်အရေးများစွာကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရှုံးနိမ့်မှုများ ရှိခဲ့ကြောင်း၊ ယခုအနိုင်မှာ ပီအက်စ်ဗီနှင့် ၎င်းတို့၏ ပရိသတ်များအတွက် အလွန်ကောင်းမွန်ခဲ့ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မဲဆွယ်ကာလ ဘာသာရေးကို ခုတုံးလုပ် ပဋိပက္ခများ ဖန်းတီးမည်ကို စိုးရိမ်ဟု  သံရုံး ၉ ခု ပူးတွဲ ကြေငြာချက်ထုတ်

    မဲဆွယ်ကာလ ဘာသာရေးကို ခုတုံးလုပ် ပဋိပက္ခများ ဖန်းတီးမည်ကို စိုးရိမ်ဟု သံရုံး ၉ ခု ပူးတွဲ ကြေငြာချက်ထုတ်

    စက်တင်ဘာ ၁၆၊ ၂၀၁၄
    M-Media
    မိုးစက်
    2015-Election

    ရန်ကုန်။    ။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလတွင် ဘာသာရေးကို  နည်းလမ်းတစ်ခု အနေနှင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိပါတယ်လို့ သံရုံးကိုးခုက စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါသည်။

    သြစထြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိသျှနှင့် အမေရိကန်သံရုံးများက ပူးတွဲထုတ်ပြန်လိုက်ကြခြင်းဖြစ်သည်။

    မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက်ပေးနိုင်သည့် ကောင်းမွန်သောယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး အတွက် အသိပေးနှိုးဆော်သည့် ကြိုးပမ်းအားထုတ်မှုများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အဆိုပါကြေငြာချက်တွင် ပါဝင်သည်။

    မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဘက်ပဋိပက္ခ ဖြစ်ခဲ့ဖူးသည့် သာဓကများရှိခဲ့ပါသဖြင့် ရွေးကောက်ပွဲများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှုရှိစေရန်  နှိုးဆော်ပေးရန် အဆိုပါကြေငြာချက်တွင် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များ နှင့် နိုင်ငံသားများ အားလုံးကို တောင်းဆိုထားပါသည်။

    ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများကို ကူညီရန် နိုင်ငံတကာက ဆုံးဖြတ်ထားပြီး ၂၀၁၆ ခု အစိုးရအသစ်တစ်ရပ် ထူထောင်သည့်ကာလ ဖြစ်စဉ်ကိုလည်း အနီးကပ်စောင့်ကြည့်သွားမည်ဟု ဆိုပါသည်။

    မြန်မာနိုင်ငံတွင် လက်ရှိအသက်ဝင်နေသော ၂၀၀၈ ဖွဲ့စည်းပုံ (၃၆၄) တွင်လည်း နိုင်ငံရေးအလို့ဌာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း အမျိုးမျိုးပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံနှင့်ဆန့်ကျင်သည်။ ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် ဟုပါရှိပါသည်။

  • အမေရိကန်ပြည်နယ်တစ်ခုတွင် ရေကြီး၍ လူသေဆုံးမှုများရှိ

    အမေရိကန်ပြည်နယ်တစ်ခုတွင် ရေကြီး၍ လူသေဆုံးမှုများရှိ

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် သေဆုံးသူ ၁၆ ဦး ရှိနေပြီဟု အာဏာပိုင်များက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ယူတာ-အရီဇိုးနားနယ်ခြားရှိ မြို့ငယ်တစ်ခုဖြစ်သော ဟီလ်ဒါလီမြို့ မြောက်ဘက် ၃၂ ကီလိုမီတာအကွာတွင် ရှိသည့် ဇီယွန်အမျိုးသားပန်းခြံတွင် တနင်္လာနေ့က ရေကြီးမှုကြောင့် သေဆုံးခဲ့သူမှာ ၁၂ ဦး ရှိခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသူမှာ ၄ ဦး ရှိသည်ဟု ပန်းခြံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    တနင်္လာနေ့က ရေကြီးမှုကြောင့် ကားနှစ်စီးနှင့်အတူ မျောပါသွားသည့် အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၁၃ ဦးအုပ်စုတွင်၊ ယမန်နေ့က ကလေးငယ် ၃ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ရကာ တစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု အာဏာပိုင်များက ဆိုသည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။

    ယူတာ-အရီဇိုးနား နယ်စပ်ရှိ ဟီဒါလီမြို့နှင့် ကိုလိုရာဒိုမြို့များကို ဆက်သွယ်သည့် လမ်းများမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး ရှင်းလင်းမှုများကို ပြုလုပ်နေသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်သားများကလည်း ရဟတ်ယာဉ်ဖြင့် ရှာဖွေမှုများ ပြုလုပ်နေသည်။

    ဒေသခံများကမူ အဆိုပါရေကြီးမှုမှာ ၎င်းတို့ သိရှိခဲ့သမျှ သက်တမ်းတစ်လျှောက်တွင် အဆိုးဝါးဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမျိုးသား မိုးလေ၀သဌာနကလည်း အဆိုပါ ဒေသများတွင် ရေကြီးမည်ဟု ကြိုတင်အသိပေးမှုများ ပြုလုပ်ခဲ့ပြီး ကုန်းမြင့်သည့်နေရာတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

    ယူတာပြည်နယ်အုပ်ချုပ်ရေးမှူး ဂယ်ရီဟားဘတ်က မိမိတို့မှာ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုအပ်သည်များကို ထောက်ပံ့ပေးနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera