News @ M-Media

Blog

  • ကုရ်အာန်ကျမ်းမြတ်ဆိုင်ရာ ပြခန်းတစ်ခု မဒီနာတွင် ဖွင့်လှစ်

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    quran

    – ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းကြောင်း၊ ထိန်းသိမ်းမှုများနှင့် ကျမ်းတော်မြတ်နှင့် ပတ်သက်ဆက်နွယ်မှုများကို စုံလင်စွာ ပြသထားသည့် ပြခန်းတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့တွင် ဖွင့်လှစ်ခဲ့ပြီး မဒီနာ အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    အဆိုပါပြပွဲကို မဒီနာရှိ အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနနှင့် Simaya Group တို့ပူးပေါင်းကာ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၁၅၀၀ စကွဲယားကီလိုမီတာရှိသည့် ပြပွဲနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းနှင့် အရေးပါမှုကို စနစ်ကျစွာ ပြသထားသည်။

    ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်လည်း ပြပွဲတွင် ပါဝင်ပြီး၊ အသံများ၊ ဂရပ်ဖစ် နည်းပညာများဖြင့်လည်း ကျမ်းတော်မြတ်၏ အဓိကကျမှုကို ဖော်ပြထားသည်။ ထို့ပြင် သမိုင်းကြောင်း၊ ပြန်ဆိုချက်များ၊ ဖတ်ရွတ်သရဇ္ဈာယ်မှု၊ တစ်ဦးချင်း၊ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် ကျမ်းတော်မြတ်၏ လွှမ်းမိုးမှုများအကြောင်းကိုလည်း ထည့်သွင်း ပြသထားသည်။

    ထို့ပြင် အဆိုပါပြခန်း၌ မဒီနာရှိ ဘုရင် အဗ်ဒူလ် အဇစ် စာကြည့်တိုက်နှင့် တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော် စာကြည့်တိုက်မှ ရှားပါးပြီး တန်ဖိုးကြီးသည့် ကုရ်အာန်လက်ရေးမူများကိုလည်း ပြသထားသည်။ ကအ်ဘာ ကျောင်းတော်အား လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀ ခန့်က ဖုံးလွှမ်းခဲ့သည့် အ၀တ်အစိတ်အပိုင်းကိုလည်း ထိုပြခန်း၌ တွေ့မြင်နိုင်သည်။

    မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ်ကမူ ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ထိုကဲ့သို့ ပြည့်စုံစွာ ပြသနိုင်ရန် အားထုတ်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။

    ထိုပြခန်းများကို နေ့စဉ် မနက်မှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး၊ သောကြာနေ့တွင်မူ နေ့လည်ပိုင်းမှ ည ၉ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

    Ref: Arabnews

  • တင်းနစ်ကျော်မာရေး ဥရောပရောက် ဒုက္ခသည်များအတွက် စပေးဘောတစ်လုံးလျှင် ပေါင် ၅၀ လှူမည်

    တင်းနစ်ကျော်မာရေး ဥရောပရောက် ဒုက္ခသည်များအတွက် စပေးဘောတစ်လုံးလျှင် ပေါင် ၅၀ လှူမည်

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    mry

    – ယခုမှစ၍ နှစ်ကုန်အထိ တင်းနစ်ပြိုင်ပွဲများ၌ ကစားသည့်အခါ မိမိရိုက်သည့် စပေးဘော တစ်လုံးချင်းစီအတွက် စတာလင်ပေါင် ၅၀ နှုန်းဖြင့် ဒုက္ခသည်များကို လှူဒါန်းသွားမည်ဟု ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးက ပြောကြားလိုက်သည်။

    ကမ္ဘာ့အဆင့် ၃ စကော့တစ်ရှ် တင်းနစ်သမား အန်ဒီမာရေးမှာ Davis Cup တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗြိတိန်ကိုယ်စားပြု၍ သြစတေးလျနှင့် ယနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များ၏ ပုံရိပ်များကို သတင်း၌ မြင်ခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    ၎င်း၏ စပေးဘောတစ်လုံး ပေါင် ၅၀ အစီအစဉ်တွင် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ချုပ် ATP၊ Lawn တင်းနစ်အသင်းနှင့် မာရေး၏ စပွန်ဆာတစ်ဦးတို့က ပူးပေါင်းပါဝင်မည်ဖြစ်သောကြောင့် မာရေး၏ စပေးဘောတစ်လုံးမှာ ပေါင် ၂၀၀ ရှိမည်ဖြစ်သည်။

    “အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သန်းနဲ့ချီတဲ့ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တစ်ခုခုလုပ်ရမယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။ ကျွန်တော်ရိုက်တဲ့ စပေးဘော တစ်လုံးချင်းဆီမှာ နည်းနည်းပိုပြီး ကျေနပ်ရမှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။

    မာရေး၏ နောက်ဆုံး တစ်ဦးချင်းပြိုင်ပွဲဖြစ်သော ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကီဗင်အန်ဒါဆန်နှင့်ပွဲတွင် ၎င်းမှာ စပေးဘော ၁၉ လုံး ရိုက်ခဲ့ရသည်။

    Ref: Dailymail

  • ဘာကီနာဖာဆိုတွင် စစ်တပ်အာဏာသိမ်းမှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ၊ ၃ ဦးသေဆုံး

    ဘာကီနာဖာဆိုတွင် စစ်တပ်အာဏာသိမ်းမှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ၊ ၃ ဦးသေဆုံး

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    bur

    – ဘာကီနာဖာဆိုတွင် စစ်တပ်အာ အာဏာသိမ်းသည်ကို မကျေနပ်သောကြောင့် ဆန္ဒပြသည့် ပြည်သူများနှင့် စစ်သားများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

    မြို့တော် အိုဂါဒူဂူတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း စစ်သားများမှာ လူအုပ်စုအား လူစုခွဲရန် သတိပေး ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

    ဘာကီနာဖာဆိုတွင် လာမည့်သီတင်းပတ်အနည်းငယ်၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး စစ်တပ်ကမူ နိုင်ငံအား ၎င်းတို့က ထိန်းချုပ်လိုက်ပြီဟု ယမန်နေ့မနက် စောစောပိုင်းက ကြေညာခဲ့ကာ အာဏာသိမ်းမှုကို ဗုဒ္ဓဟူးနေ့ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုကဲ့သို့ အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး စစ်တပ်နေဖြင့် နိုင်ငံရေးနှင့် ဝေးဝေးနေရန် တိုက်တွန်းခဲ့သည်။ အာဏာသိမ်းမှုကို ဖြုတ်ချခံလိုက်ရသည့် ခေါင်းဆောင်ဟောင်း ဘလိုင်စီ ကွန်မ်ပိုရီ၏ မဟာမိတ်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “အာဏာသိမ်းမှုနဲ့ နောက်ပိုင်း အကျိုးဆက်တွေအတွက် တာဝန်ရှိတဲ့သူတွေဟာ တာဝန် ယူကို ယူရပါလိမ့်” ဟု ဘန်ကီမွန်က ၎င်း၏ ကြေညာချက်တွင် ပြောကြားခဲ့သည်။

    အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဇန်ရိုက်ကလည်း အာဏာသိမ်းသူများအနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသူများကို ချက်ခြင်း ပြန်လွှတ်ပေးရန်၊ တပ်ဖွဲ့များအား အင်အားသုံးခြင်းမပြုရေး အမိန့်ပေးရန်၊ ပြည်သူများ၏ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လေးစားရန်နှင့် လာမည့်အောက်တိုဘာလ ၁၁ ရွေးကောက်ပွဲ လမ်းကြောင်းပေါ်သို့ နိုင်ငံအား ပြန်တင်ပေးရန် တောင်းဆိုခဲ့သည်။

    အာဏာသိမ်းအစိုးရမှ ထုတ်ပြန်သော အစိုးရပြန်တမ်းတွင် ယခင်သမ္မတဟောင်း ကွန်မ်ပိုရီ၏ ပါတီဝင်များအား ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ကန့်သတ်ထားမှုကို ဝေဖန်ခဲ့သည်။ အခြေခံဥပဒေကို ပြင်ဆင်၍ နောက်ထပ်သက်တမ်း ထမ်းဆောင်ရန် ကြိုးစားသည့် ကွန်မ်ပိုရီ၏ ဆောင်ရွက်မှုကို ထောက်ခံသည့် မည်သူမှ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိချေ။

    အာဏာသိမ်းအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး မာမာဒူ ဘမ်ဘာကမူ ယခုကဲ့သို့ အာဏာသိမ်းခြင်းမှာ အာလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲသို့ ဦးတည်မည့် အဆင်ပြေချောမွေ့၍ ညီတူမျှတူဖြစ်သည့် လုပ်ငန်းစဉ်ကို အစပျိုးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမှာ နိုင်ငံ၏ ဒီမိုကရေစီကို ပိုမို ခိုင်မာစေလိမ့်မည်ဟု အများစုက မျှော်လင့်နေကြသည်။

    Ref: Aljazeera

  • ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

    ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်များကို ဈေးတင်းရောင်းချခြင်းမှ အကျိုးအမြတ်ရယူရန် ကြိုးစားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

    အဆိုပါ ချစားမှုသတင်းမှာ ယမန်နေ့က ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ ညာလက်ရုံးဖြစ်သူ ဗော့လ်ကီမှာ ၂၀၁၄ ကမ္ဘာ့ဖလား လက်မှတ်များ ရောင်းချရမှု၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း (ယူရို ၂သန်းခန့်) ကို ရယူရန် JB Marketing ကုမ္ပဏီနှင့် သဘောတူခဲ့သည်ဟု ဆိုသည်။

    ဘရာဇီးလ်သတင်းဌာနဖြစ်သည့် Estadao မှာ ဗော့လ်ကီနှင့် JB Marketing ကုမ္ပဏီမှ အကြံပေး ဘန်နီ အေလွန်တို့အကြား ပေးပို့ခဲ့သော အီးမေးလ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ JB Marketing ကုမ္ပဏီမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ၂၄ ပွဲစာ၏ လက်မှတ်များကို ၀ယ်ယူရန် ၂၀၁၀ ခုနှစ် ဧပြီလက ဖီဖာနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

    စာချုပ်အရ အဆိုပါ ၂၄ ပွဲတွင် ၁၂ ပွဲကို JB Marketing မှ စိတ်ကြိုက်ရွေးရမည်ဖြစ်ပြီး အခြား ၁၂ ပွဲကို ဖီဖာမှ ရွေးပေးရမည် ဖြစ်သည်။ သို့သော်လည်း ဖီဖာမှ ရွေးပေးသည့် ပွဲများတွင် ပရိတ်သတ် စိတ်ဝင်စားမှုနည်းသည့် ပွဲများ ပါဝင်မည်ဖြစ်သောကြောင့် အေလွန်က ဗော့လ်ကီအား အကူအညီတောင်းကာ အိမ်ရှင်ဘရာဇီးလ်အသင်း ကန်မည့် ပွဲအားလုံးအပါအ၀င် ၂၄ ပွဲစလုံး ၎င်းတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရရန် ဆောင်ရွက်ခဲ့သည်။

    ထို့ပြင် လက်မှတ်များကို ရောင်းချသည့်အခါတွင် သတ်မှတ်ထားသည့်ဈေးထက် ၃ ဆပိုတင်၍ ရောင်းချရန် တောင်းဆိုမှုကိုလည်း ဗော့လ်ကီက ခွင့်ပြုခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် လက်မှတ်ဝယ်ယူရန် သဘောတူညီချက်ကို ဖျက်သိမ်းကာ ဖီဖာ၏ အခြားကိုယ်စားလှယ်ဖြစ်သော Match နှင့် ဆက်သွယ်၍ ၀ယ်ယူရန် JB Marketing သို့ ဗော့လ်ကီက ပြောကြားခဲ့သည်။

    ဗော့လ်ကီနှင့် အေလွန်တို့၏ ကနဦးသဘောတူညီချက်မှာ အကောင်အထည်ပေါ်မလာခဲ့ဘဲ လက်မှတ်များကို ဈေးတင်ရောင်းချခဲ့ခြင်းမရှိသလို၊ ဗော့လ်ကီမှာလည်း မည်သည့်ငွေကြေးမှ မရခဲ့ဟု အေလွန်က Sportsmail သို့ ပြောကြာခဲ့သည်။

    ဖီဖာကမူ အဆိုပါ သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် ဗော့လ်ကီအား ရာထူးအားလုံးမှ အနားပေးလိုက်ပြီး၊ စုံစမ်းစစ်ဆေးမှုများကို ချက်ခြင်းပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    “အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို အနားပေးလိုက်ပြီး နောက်ထပ် သတင်းမထုတ်ပြန်မချင်း တာဝန်းအားလုံးမှ ချက်ခြင်းရပ်ဆိုင်းလိုက်ပြီလို့ ဖီဖာက ယနေ့ ကြေငြာလိုက်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဗော့လ်ကီပါဝင်သည်ဟု စွပ်စွဲခံရသည့် ကိစ္စများအားလုံးကို မိမိတို့ သိရှိထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကျင့်ဝတ်ဆိုင်ရာ ကော်မတီကို တောင်းဆိုထားသည်ဟု ဆိုသည်။ ဗော့လ်ကီကမူ ထိုစွပ်စွဲမှုအားလုံးမှာ လုပ်ကြံမှုသာဖြစ်သည်ဟု ရှေ့နေမှတစ်ဆင့် ကြေညာခဲ့သည်။

    ဗော့လ်ကီ၏ ယခုကိစ္စမှာ ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဖီဖာအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် မေလ ဆွစ်ဇာလန်၌ ပြုလုပ်မည့် ဖီဖာ၏ နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ ဖီဖာမှ အကြီးတန်းအရာရှိများမှာ ဖမ်းဆီးခံခဲ့ရပြီး ချစားမှုများဖြင့် တရားစွဲဆိုခံထားရသည်။

    ထို့ပြင် ၂၀၁၈ နှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် အိမ်ရှင်ရွေးချယ်မှုတွင် ဖီဖာမှာ ချစားမှုများ ရှိခဲ့သည်ဆိုသော သံသယဖြင့် ဆွစ်ဇ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Dailymail

  • အဟ်မဒ် မုဟမ္မဒ် (သို့) သာမာန်ကျောင်းသားလေး ဘ၀မှ ကမ္ဘာကျော်ဖြစ်လာခဲ့သူ လူငယ်လေး

    အဟ်မဒ် မုဟမ္မဒ် (သို့) သာမာန်ကျောင်းသားလေး ဘ၀မှ ကမ္ဘာကျော်ဖြစ်လာခဲ့သူ လူငယ်လေး

    စက်တင်ဘာ ၁၈ ၊ ၂၀၁၅
    M-Media
    2C6259FE00000578-3236603-image-a-4_1442419596386
    – အိမ်တွင်းဖြစ် နာရီတစ်ခုကို တီထွင်ပြီး အထက်တန်းကျောင်းကို ယူအသွားအခါ အသံမြည်လို့ ဗုံးလုပ်တယ်ဆိုပြီး အဖမ်းခံ၊ စစ်ဆေးမေးမြန်းခံလိုက်ရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ အာရ်ဗင်းမြို့က အမေရိကန်မွတ်စလင် ဆယ်ကျော်သက်ကျောင်းသားလေး အဟ်မဒ် မုဟမ္မဒ် က သမ္မတ အိုဘားမားရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီး အိမ်ဖြူတော်ကို သွားရောက်တွေ့ဆုံမယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။

    အသက် ၁၄ နှစ်သာ ရှိသေးတဲ့ အဟ်မဒ် တစ်ယောက် သူတက်နေတဲ့ မက်အာသာ အထက်တန်းကျောင်းမှာ လက်ထိပ်ခတ်ခံထားရတဲ့ပုံဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့သွားပြီးတဲ့နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းက သူ့ကို ဂရုဏာသက်ခဲ့ကြပြီး
    ထောက်ခံအားပေးမှုတွေလည်း ရခဲ့ပါတယ်။

    အဲဒီလို ဂရုဏာသက်ခဲ့ကြသူတွေထဲမှာ အမေရိကန်သမ္မတ အိုဘားမားလည်း ပါဝင်ခဲ့ပြီး သူတီထွင်ခဲ့တဲ့နာရီကို ယူကာ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့လည်း သမ္မတက ဖိတ်ခေါ်ခဲ့ပါတယ်။

    ”သိပ်ကောင်းတဲ့နာရီပဲ အဟ်မဒ်ရေ။ အဲဒါကို အိမ်ဖြူတော်ကို ယူလာချင်သလား။ သိပ္ပံကို သဘောကြတဲ့ သားလို ကလေးတွေကို အားကျစေချင်လို့ပါ။ ဒီလိုတီထွင်မှုတွေကပဲ အမေရိကကို ကြီးကျယ်အောင် လုပ်ခဲ့တာပေါ့” လို့ အိုဘားမားက သူ့ရဲ့ Twitter စာမျက်နှာကတစ်ဆင့် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

    သူ့ရဲ့ တီထွင်မှုကို ကျောင်းက ဆရာကို ပြခဲ့ပေမယ့် မျှော်လင့်ထားတဲ့ တုန့်ပြန်မှုမျိုး မရခဲ့ဘဲ အင်္ဂလိပ်စာအချိန် နာရီက အသံထမြည်တဲ့အခါမှာတော့ အဟ်မဒ်တစ်ယောက် ဗုံးလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ရလဒ်အနေနဲ့ ရဲစခန်းမှာ စစ်ကြောမေးမြန်းမှု ခံလိုက်ရပြီး ၃ ရက်လောက် ကျောင်းရပ်နား ခံလိုက်ရပါသေးတယ်။
    2C60ABBC00000578-3236603-image-a-4_1442397269254
    အဟ်မဒ်ကတော့ အဲဒီ မက်အာသာ အထက်တန်းကျောင်းကို မတက်တော့ဘဲ ကျောင်းပြောင်းတော့ မယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြတဲ့ သူတွေကိုလည်း သူက ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။

    ”Twitter, Facebook နဲ့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကျွန်တော့်ကို အားပေးထောက်ခံကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” နည်းပညာပါရမီရှိတဲ့ အဟ်မဒ်ကို အားပေးထောက်ခံကြသူတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ Facebook ကို တည်ထောင်ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ မာ့ခ် ဇူကာဘာ့ဂ်လည်း ပါဝင်ခဲ့ပါတယ်။ သူက အဟ်မဒ်ရဲ့ တီထွင်မှုကို ချီးကျူးခဲ့ပြီး Facebook ရုံးစိုက်ရာနေရာကို လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    ”ဒီလိုကောင်းမွန်တဲ့ အရာတစ်ခုကို တီထွင်ဖို့ စွမ်းရည်ရှိတာ၊ ရည်မှန်းချက်ရှိတာကို ချီးကျူးသင့်တာပါ။ မဖမ်းသင့်ပါဘူး။ အနာဂတ်က အဟ်မဒ်လို လူတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ အဟ်မဒ်ရေ – Facebook ကို ညီလေးလာချင်တယ်ဆိုရင်တော့
    အစ်ကိုလည်း တွေ့ချင်ပါတယ်” လို့ ဇူကာဘာ့ဂ်က သူ့ရဲ့ Facebook အကောင့်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။

    တစ်ချိန်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဖြစ်ခဲ့ပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းနေတဲ့ ဟီလာရီကလင်တန်ကလည်း ”သံသယတွေ၊ ကြောက်ရွံ့မှုတွေက ကျွန်မတို့ကို
    မလုံခြုံစေနိုင်ပါဘူး။ ကျွန်မတို့ရဲ့နောက်မှာ အရိပ်မည်းကြီးအဖြစ်ပဲ ရှိနေမှာပါ။ အဟ်မဒ်ရေ ဆက်လက်စူးစမ်းပြီး တီထွင်လိုက်ပါဦး” လို့ အဟ်မဒ်လေးကို အားပေးခဲ့ပါတယ်။

    အဟ်မဒ်က သမ္မတအိုဘားမားရဲ့ ဖိတ်ခေါ်မှုကိုလက်ခံခဲ့ပြီး အိမ်ဖြူတော်ကိုသွားမယ်လို့ CBS နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး၊ အိုဘားမား၊ ဟီလာရီကလင်တန်နဲ့ မာခ့်ဇူကာဘာ့ဂ်တို့ဟာ မိမိရင်ဆိုင်ရတဲ့ အခြေအနေကို
    ဆန့်ကျင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်နောက်ပိုင်းမှာ အဟ်မဒ်ရဲ့ အနာဂတ်အတွက် တက်လမ်းတစ်ခုလည်း ပွင့်သွားခဲ့ပါတယ်။ ဒါကတော့ နာဆာမှာ System အင်ဂျင်နီယာအဖြစ် ဆောင်ရွက်နေတဲ့ ဘိုဘက် ဖာဒေါ့စ်ဝီက နာဆာမှာ အလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာပါပဲ။

    “ဟေး – အဟ်မဒ်ရေ။ နောက် ၂ နှစ်အတွင်းမှာ ကျွန်တော့်ကို ဖုန်းခေါ်ပါ။ ကျွန်တော်တို့ဟာ ဒီလို တော်တဲ့၊ စူစမ်းပြီး၊ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေကို အမြဲတမ်း အသုံးပြုနေရပါတယ်” လို့ ဖာဒေါ့စ်ဝီက သူ့ရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် ရေးသား ဖိတ်ခေါ်ခဲ့ပါတယ်။

    အဟ်မဒ်ရဲ့ တီထွင်မှုကို မစူစမ်းဘဲ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့ တက္ကဆက်ပြည်နယ်၊ အာရ်ဗင်းမြို့က အထက်တန်းကျောင်းနဲ့၊ စမ်ဆေးမှုမလုပ်ဘဲ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့တို့ကိုတော့ လူမျိုးရေးခွဲခြားသူတွေအဖြစ် အမေရိကန်ပြည်သူတွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

    အဟ်မဒ်လေးဟာ နောက်လမှာပြုလုပ်မယ့် အစိုးရသိပ္ပံပညာရှင်တွေနဲ့ နာဆာတာဝန်ရှိသူတွေ အိမ်ဖြူတော်တွေ့ဆုံပွဲမှာ တက်ရောက်ဖို့ ဖိတ်ကြားခံရနိုင်ဖွယ်ရှိတယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဂျို့ရှ် အားန်နက်စ်က ပြောကြားခဲ့ပါတယ်။

    သူ့ကိုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အာဖရိကန်-အမေရိကန်တစ်ယောက်ဖြစ်တဲ့ အဟ်မဒ် ပြောသွားတဲ့စကားကလည်း မှတ်သားစရာပါပဲ။

    “ဒုက္ခပေးဖို့အတွက် မဟုတ်ရင် ဒီလိုလူမျိုးတွေက ဒါမျိုးကို ဘယ်လိုတီထွင်နိုင်မှာလဲ – လို့ သူတို့က ထင်ကြတယ်ဗျ”

    ref:dailymail