News @ M-Media

Blog

  • ဖရူဆိုက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ကုလ ရှုတ်ချ

    ဖရူဆိုက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ကုလ ရှုတ်ချ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -ကယားပြည်နယ် ဖရူဆိုမြို့က လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံရမှုအတွက် အလွန်အမင်းတုန်လှုပ်ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောကြားလိုက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ဒီဇင်ဘာ ၂၄ ရက်​နေ့ ဖရူဆိုမြို့က တိုက်ပွဲတွေကြောင့် ကားတွေနဲ့ ထွက်ပြေးခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၃၅ ယောက်လောက် မီးရှို့သတ်ဖြတ်ခံထားရတာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ တွေ့ခဲ့ရတာပါ။

    ပြည်တွင်းမီဒီယာတွေက ဒီစစ်ရှောင်တွေကို စစ်တပ်က တားဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဒေသခံ တော်လှန်ရေးသမားတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြပါတယ်။ ဒီလူတွေလွတ်မြောက်ဖို့ စစ်တပ်နဲ့ သွားရောက်ညှိနှိုင်းတဲ့ ကရင်နီနယ်ခြားစောင့်နဲ့ ဒေသခံ PDF စုစုပေါင်း ၄ ယောက်လည်း အသတ်ခံလိုက်ရပါတယ်။

    ဒီအဖြစ်အပျက်တွင်း သူတို့ဝန်ထမ်း ၂ ဦး ပျောက်ဆုံးပြီး အဲဒီနှစ်ယောက်စီးသွားတဲ့ကား မီးရှို့ခံလိုက်ရတယ်လို့ Save The Children က သတင်းထုတ်ပြန်ပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ တတိယအကြီးအကဲ မာတင် ဂရစ်ဖစ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ နိုင်ငံတစ်ဝှမ်း အပြစ်မဲ့တဲ့သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်မှုအားလုံးကို ရှုတ်ချကြောင်း၊ ဒါဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    စစ်ကောင်စီအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း ဂရစ်ဖစ်က တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံက အမေရိကန်သံရုံးကလည်း ဖရူဆိုက လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှု ကျူးလွန်နေသူတွေကို အရေးယူနိုင်ရေး ဆက်လက် ဖိအားပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အမျိုးသမီးများ တစ်ဦးတည်းခရီးသွားမှုကို တာလီဘန် ပိတ်ပင်

    အမျိုးသမီးများ တစ်ဦးတည်းခရီးသွားမှုကို တာလီဘန် ပိတ်ပင်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -မိသားစုဝင်အမျိုးသားတစ်ဦး မပါဝင်ဘဲ အမျိုးသမီးတွေ ခရီးဝေးသွားတာ၊ ကားမောင်းရင်း သီချင်းဖွင့်တာတွေကို ပိတ်ပင်တဲ့ အမိန့်ကို တာလီဘန်က မနေ့မှာ ထုတ်ပြန်ခဲ့ပြီး အာဖဂန်လူ့အဖွဲ့အစည်းကို ပိုမိုတင်းတင်းကြပ်ကြပ် ချုပ်ကိုင်အုပ်ချုပ်ဖို့ ကြိုးစားမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

    ဩဂုတ် ၁၅ ရက်နေ့ အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တာလီဘန်ဟာ ပုဂ္ဂလိက ကဏ္ဍတွေမှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် မပေးတော့သလို၊ မိန်းကလေးငယ်တွေကို အလယ်တန်းအဆင့်ကစပြီး ကျောင်းတက်ခွင့်လည်း မပေးတော့ပါဘူး။

    တာလီဘန် အကုသိုလ်တားဆီးရေး ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အမျိုးသမီးတွေ ၄၅ မိုင်ကျော်ပြီး တစ်ယောက်တည်း ခရီးသွားလာခွင့်ကို ​ခွင့်ပြုမှာမဟုတ်တော့ဘူးလို့ ဖော်ပြထားပြီး၊ ပုဝါမဆောင်းတဲ့ အမျိုးသမီးတွေကို ကားစီးခွင့်မပေးဖို့လည်း ကားပိုင်ရှင်တွေကို သတိပေးခဲ့ပါတယ်။

    အမျိုးသမီးတွေ ခရီးဝေးသွားချင်ရင် မိသားစုဝင်ထဲက အမျိုးသားတစ်ဦး အဖော်အဖြစ် လိုက်ပါရမယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာဒစ် အကစ်ဖ် မူဟာဂျီရ်က ပြောပါတယ်။

    ကားမောင်းတဲ့အခါ သီချင်းမဖွင့်ဖို့လည်း တာလီဘန်က တားမြစ်ခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က တာလီဘန်ရဲ့ အမိန့်အသစ်ဟာ အမျိုးသမီးတွေကို အကျဉ်းသားတွေအဖြစ် လုပ်လိုက်တာဖြစ်ကြောင်း၊ လွတ်လပ်စွာသွားလာခွင့်၊ အလုပ်လုပ်ခွင့်၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာရင် လွတ်မြောက်ရာကို ထွက်ပြေးခွင့် စတာတွေကို တားမြစ်ပိတ်ပင်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်တိုးဆောက်မည်

    ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်တိုးဆောက်မည်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -ကျူးကျော်သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှာ တရားမဝင် အခြေချအိမ်ယာတွေ ၂ ဆ တိုး တည်ဆောက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးက အီဂျစ်ကို စတင်ကျူးကျော်တိုက်ခိုက်ရာကနေ စတင်ခဲ့တဲ့ ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားထံကနေ သိမ်းခဲ့ပြီး အဲဒီနောက် ၁၉၈၁ ခုနှစ်မှာ ပိုက်နက်ထဲထည့်တယ်လို့ အစ္စရေးက ကြေငြာခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေအရ ဒါဟာ တရားမဝင်တဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုက လက်မခံပါဘူး။

    ၂၀၁၉ ခုနှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် သတ်မှတ်မှုက ဒီဒေသမှာ တိုးချဲ့မှုတွေ ပိုလုပ်ဖို့ မိမိတို့ကို တွန်းအားဖြစ်စေခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်းနက်က မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

    ဂိုလန်ကုန်းမြင့်က အစ္စရေးရဲ့ တရားမဝင်အိမ်တွေမှာ ဂျူးအခြေချသူ ၂၅၀၀၀ လောက် နေထိုင်ကြပြီး ဘန်းနက်က ဒီပမာဏကို ၂ ဆတိုးချင်နေတာ ဖြစ်ပါတယ်။

    ဆီးရီးယားစစ်ပွဲကြောင့် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးကစိုးမိုးရေးဆိုတဲ့ အယူအဆကို နိုင်ငံတကာ မဟာမိတ်တွေက ပိုမိုလက်ခံလာကြပြီး၊ ဒီလိုမဟုတ်ရင် အခြေအနေက ပိုဆိုးမယ်လို့လည်း ဘန်းနက်က ပြောပါတယ်။

    ဘန်းနက်ရဲ့ ဒီအစီအစဉ် အကောင်အထည်ဖော်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် လိုအပ်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • စကြာ၀ဠာအစကို လေ့လာမည့် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို လွှတ်တင်

    စကြာ၀ဠာအစကို လေ့လာမည့် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို လွှတ်တင်

    ဒီဇင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -စကြ၀ဠာကြီး စတင်ဖြစ်ပေါ်လာပုံကို လေ့လာနိုင်မယ့် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို မနေ့က အာကာသထဲ အောင်မြင်စွာ လွှင်တင်နိုင်ခဲ့ပါတယ်။

    James Webb Space Telescope လို့ အမည်ပေးထားတဲ့ အဲဒီတယ်လီစကုပ်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဖန်တီလာခဲ့ကြတာဖြစ်ပြီး ဒီစီမံကိန်းမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံက အာကာသ ပညာရှင်နဲ့ အင်ဂျင်နီယာပေါင်း ထောင်ချီ ပါဝင်ခဲ့ကြပါတယ်။

    အမေရိကန်အာကာသအေဂျင်စီ နာဆာဟာ တယ်လီစကုပ်ကို တောင်အမေရိကတိုက်က ပြင်သစ်ပိုင် ဂီယာနာကျွန်းကနေ စနေနေ့မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

    တယ်လီစကုပ်ရဲ့ရည်ရွယ်ချက်ဟာ ​လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၅ ဘီလီယံအရင်က ဖြစ်ပွားခဲ့တဲ့ ‘မဟာပေါက်ကွဲမှုကြီး’ (Big Bang) နောက်ပိုင်း ပေါ်ထွက်လာခဲ့တဲ့ ကြယ်တွေ၊ ဂလက်ဆီတွေအကြောင်း လေ့လာကာ စကြာ၀ဠာကြီးရဲ့အစကို ပိုမိုနားလည်စေနိုင်ဖို့ ဖြစ်ပါတယ်။

    ဒါ့အပြင် ကမ္ဘာနဲ့ အလွန်ဝေးကွာတဲ့ ဂြိုဟ်တွေမှာ သက်ရှိတွေ ရှိလား၊ သက်ရှိတွေ နေထိုင်နိုင်တဲ့အနေအထားမျိုး ရှိနေလားဆိုတာ ဒီတယ်လီစကုပ်နဲ့ ရှာဖွေမှာ ဖြစ်ပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေက လပေါ်ကို ပထမဆုံး လူ​တွေခြေချခဲ့တဲ့ Apollo စီမံကိန်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင် ဂျိမ်းစ်ဝဘ်ကိုဂုဏ်ပြုကာ တယ်လီစကုပ်ကို အမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ကုန်ကျပါတယ်။

    နာဆာတာဝန်ရှိသူ ဘီလ်နဲလ်ဆင်က ဒီစီမံကိန်းဟာ စကြာ၀ဠာကြီးရဲ့အကြောင်း မိမိတို့ ပိုမိုနားလည်အောင် အထောက်အကူပေးမှာဖြစ်ပြီး၊ ရလဒ်ကကြီးသလို စွန့်စားရတာလည်း ကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : BBC

  • ဖရူဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး

    ဖရူဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး

    ဒီဇင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -ကယားပြည်နယ် ဖရူဆိုမြို့မှာ လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ နေ့မှာပဲ မိမိတို့ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးသွားတယ်လို့ ကုလရဲ့ က​လေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ Save The Children က ထုတ်ပြန်ပါတယ်။

    ဖရူဆိုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ အရပ်သားကား အနည်းဆုံး ၃ စီးလောက် စစ်ကောင်စီတပ်နဲ့တိုးကာ လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာတွေက စနေနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

    Save The Children က သူတို့ဝန်ထမ်းနှစ်ဦးဟာ ဖရူဆိုက တိုက်ပွဲမှာ ပိတ်မိခဲ့ပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ စနေနေ့မှာ ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးသူတွေရဲ့ကား တိုက်ခိုက်မီးရှို့ခံလိုက်ရတာကိုလည်း Save The Children က အတည်ပြုပါတယ်။

    ​ပျောက်ဆုံးနေသူနှစ်​ယောက်ဟာ ဖရူဆိုဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ပြီးတဲ့နောက် အိမ်ပြန်သွားကြတာပါ။ ဒီအဖြစ်အပျက်ကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ Save The Children က ပြောပါတယ်။

    “အပြစ်မဲ့အရပ်သားတွေနဲ့ ကျွန်မတို့ဝန်ထမ်းတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် တော်​တော်လေး တုန်လှုပ်ရပါတယ်။ ကျွန်မတို့ ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံတစ်ဝှမ်းက လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့က​လေးငယ်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးနေကြတာပါ” လို့ Save The Children အကြီးအကဲ အင်ဂါ အက်ရှ်ဟင်က ပြောပါတယ်။

    Ref: VOA