News @ M-Media

Blog

  • အင်ဒိုနီးရှားမှ ခရစ္စမတ်ရိုးရာတစ်ခုဖြစ်သည့် အရိပ်ရုပ်သေးတင်ဆက်မှု

    အင်ဒိုနီးရှားမှ ခရစ္စမတ်ရိုးရာတစ်ခုဖြစ်သည့် အရိပ်ရုပ်သေးတင်ဆက်မှု

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -ခရစ္စမတ်ကာလရောက်တိုင်း ခရစ်တော်ရဲ့ ထေရုပ္ပတ္တိနဲ့ သမ္မာကျမ်းစာလာ ဇာတ်လမ်းတွေကို အရိပ်ရုပ်သေးနဲ့ ဖော်ကျူးတင်ဆက်တဲ့ ဓလေ့ထုံးတမ်းကို အင်ဒိုနီးရှား ရုပ်သေးအဖွဲ့တစ်ခုက ပြန်လည်ဖော်​ဆောင်နေပါတယ်။

    အာရှမှာ ကိုဗစ်ကူးစက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားမှာ ကိုဗစ်ကန့်သတ်ချက်တွေကို အခုအထိ လိုက်နာနေရတုန်းပါ။ လူစုလူဝေးဖြစ်စေမယ့် ပွဲတော်တွေကို မကျင်းပရတာလည်း ၂ နှစ်လောက် ရှိနေပါပြီ။

    အရိပ်ရုပ်သေးအဖွဲ့တည်ထောင်သူ အင်ဒရာ ဆူရိုအစ်ဂီနိုက ကိုဗစ်မတိုင်ခင်ကာလတွေက ခရစ္စမတ်ရောက်တိုင်း ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခရစ်တော်ရဲ့ ထေရုပ္ပတ္တိကို အရိပ်ရုပ်သေးနဲ့ ဖော်ကျူးတင်ဆက်ရတယ်လို့ ပြောပါတယ်။

    ကိုဗစ်ကြောင့် ဒီအစဉ်အလာ တိမ်ကောလာပြီး အရောင်စုံချယ်သ ဖော်ကျူးထားတဲ့ ခရစ်တော်(တမန်တော်အီစာ)၊ မယ်တော်မေရီ(မရ်ယမ်သခင်မ) တို့ရဲ့ ရုပ်ပုံတွေနဲ့ ဖျော်ဖြေတက်ဆက်မှုကို ပြန်လည်ဖော်ထုတ်ဖို့ အရေးကြီးလာပြီလို့လည်း ဆူရိုအက်ဂီနိုက ပြောပါတယ်။

    “ကိုဗစ်ကန့်သတ်ချက်တွေကြောင့် လူအများကြီးနဲ့ ဖျော်ဖြေတင်ဆက်တာမျိုး လုပ်လို့မရပေမယ့် ဓလေ့ထုံးတမ်းတစ်ခု မပျောက်ပျက်အောင်တော့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်တို့ ကြိုးစားနေပါတယ်”

    သူ့နဲ့ သူ့အဖွဲ့ဟာ ခရစ္စမတ်အကြို ရက်တွေကတည်းက ကလေးငယ်တွေရှိရာအရပ်ကို သွားပြီး ခရစ်တော် အကြောင်း၊ သမ္မာကျမ်းစာလာ တမန်တော်တွေရဲ့ ဇာတ်လမ်းတွေအကြောင်း အရိပ်ရုပ်သေးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။

    “သမ္မာကျမ်းစာနဲ့ အခြားရင်းမြစ်တွေကို ကိုးကားပြီး အရိပ်ဇာတ်ကောင်တွေကို ပုံဖော်တင်ဆက်နေတာ ဖြစ်ပါတယ်”

    အရိပ်ရုပ်သေးတင်ဆက်မှုဟာ ဂျာဗာကျွန်းက ပြည်သူတွေရဲ့ အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။

    Ref: AFP

  • အီရန်၏ ယခုတစ်ပတ် စစ်ရေးလေ့ကျင့်မှု အစ္စရေးကို သတိပေးခြင်းဖြစ်

    အီရန်၏ ယခုတစ်ပတ် စစ်ရေးလေ့ကျင့်မှု အစ္စရေးကို သတိပေးခြင်းဖြစ်

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁၂
    M-Media

    -အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အီရန်က တာဝေးပစ်ဒုံးကျည် ၁၆ လုံး သုံးစွဲခဲ့ပြီး ဒါဟာ အစ္စရေးကို သတိပေးတာလို့ အီရန်ဗိုလ်ချုပ်တွေက ပြောပါတယ်။

    Payambar-e-Azam လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင်မှုကို ပင်လယ်ကွေ့နဲ့ ကပ်နေတဲ့ ပြည်နယ် ၃ ခုမှာ တနင်္လာနေ့က စတင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    လေ့ကျင့်မှုအတွင်း Emad၊ Ghadr၊ Sejjil၊ Zalzal၊ Dezful နဲ့ Zolfaghar လို့ အမည်ရတဲ့ ဒုံးကျည်တွေကို ပစ်မှတ်တွေဆီ ပစ်ခတ်ခဲ့တာပါ။ ဒီ ဒုံးကျည်တွေဟာ မိုင် ၂၂၀ ကနေ ၁၂၅၀ လောက်အထိ ရောက်ရှိနိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။

    လေ့ကျင့်မှုမှာ ဒုံးကျည်သယ်နိုင်တဲ့ ဒရုန်း​ အနည်းဆုံး ၁၀ စင်းလောက် ပါဝင်ပြီး ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    “ဇိုင်ယွန်အစိုးရရဲ့ မကြာခင်က ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ ရည်ရွယ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်တာပါ” လို့ အီရန်စစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုဟာမက် ဘဂ်ဟီရီက ပြောပါတယ်။

    လေ့ကျင့်မှုမှာ စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အီရန်ကိုတိုက်ခိုက်လာရင် တုန့်ပြန်ဖို့ နိုင်ငံတစ်ဝှမ်း ရာပေါင်းများစွာ ဖြန့်ကျက်ထားတဲ့ ဒုံးကျည်​တွေထဲကဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆလ်မာနီက စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးကို သတိပေးတာလို့ ပြောပါတယ်။

    “နည်းနည်းလေးအမှားလုပ်လိုက်တာနဲ့ ဆော်ပြီးသားပဲ”

    အမေရိကန်ဦးဆောင်တဲ့ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ဟာ နျူသဘောတူညီချက်ရဖို့ ကြိုးပမ်းနေပြီး အစ္စရေးကတော့ ဒီသဘောတူညီချက်မရအောင် ဖျက်နေတာပါ။

    ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တွေ့ဆုံစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က လိုအပ်လာရင် အီရန်ကို တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်မီဒီယာလုပ်ငန်း ထက်ဝက်ခန့် ပိတ်ပစ်ရ

    တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်မီဒီယာလုပ်ငန်း ထက်ဝက်ခန့် ပိတ်ပစ်ရ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ပြန်လည်အုပ်စိုးပြီးနောက်ပိုင်း မီဒီယာလုပ်ငန်းရဲ့ ထက်ဝက်နီးပါးလောက် ပိတ်ပစ်လိုက်ရပြီး တိုင်းပြည်စီးပွားရေးအခြေအနေ ဆိုးရွားလာတာနဲ့ တာလီဘန်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကြောင့် ဖြစ်တယ်လို့ မီဒီယာစောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

    တာလီဘန်ဟာ ဩဂုတ်အလယ်ပိုင်းကစတင်ပြီး အာဖဂန်နစ္စတန်ကို ပြန်လည်အုပ်စိုးခဲ့တာပါ။

    နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) နဲ့ အာဖဂန်လွတ်လပ်သော ဂျာနယ်လစ်အသင်း (AIJA) တို့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ မီဒီယာလုပ်ငန်းရဲ့ ၄၃ ရာခိုင်နှုန်းလောက် ပိတ်ပစ်လိုက်ရပြီး ဂျာနယ်လစ် စုစုပေါင်း ၆၀ ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။

    တာလီဘန်မအုပ်ချုပ်ခင်အချိန်က အာဖဂန်နစ္စတန်မှာ မီဒီယာလုပ်ငန်း ၅၄၃ ခု ရှိနေရာကနေ၊ အခုနှစ် နိုဝင်ဘာ အကုန်မှာတော့ ၃၁၂ ခုသာ ရှိတော့တာ ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်း ၂၃၁ ခု ပိတ်ပစ်လိုက်ရပြီး ဂျာနယ်လစ် ၆၄၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားတာ ဖြစ်ပါတယ်။

    ဒီလိုပိတ်ပစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက တိုင်းပြည်စီးပွားရေး ပြိုလဲလာတာနဲ့ တာလီဘန်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့်ဖြစ်တယ်လို့ RSF နဲ့ AIJA တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကဘူးလ်အခြေစိုက်ရုပ်သံ Shamshad TV ရဲ့ သတင်းမန်နေဂျာ အဘစ် အဲဟ်ဆက်က ကြော်ငြာကရတဲ့ဝင်ငွေတွေ လျော့ကျမှုက မီဒီယာလောကကို အလွန်အမင်း ထိခိုက်စေပြီး၊ တာလီဘန်အစိုးရရဲ့ ကန့်သတ်ချက်တွေကလည်း လုပ်ငန်းကို နစ်နာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်ရဲ့ မီဒီယာကဏ္ဍမှာ အထိခိုက်ဆုံးက အမျိုးသမီး မီဒီယာသမားတွေဖြစ်ပြီး တာလီဘန် အုပ်စိုးပြီးနောက်ပိုင်း မီဒီယာလောကမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး ၈၄ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။

    Ref: Aljazeera

  • မြန်မာနယ်စပ်အနီးရှိ စာသင်ကျောင်းများတွင် ထိုင်းအာဏာပိုင်များ ကယ်ဆယ်ရေးသင်တန်းပေးနေ

    မြန်မာနယ်စပ်အနီးရှိ စာသင်ကျောင်းများတွင် ထိုင်းအာဏာပိုင်များ ကယ်ဆယ်ရေးသင်တန်းပေးနေ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -မြန်မာစစ်တပ်က နယ်စပ်မှာ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာတာကြောင့် ထိုင်းဘက်က စာသင်ကျောင်းတွေမှာ ကလေးတွေကို အရေးပေါ် ကယ်ဆယ်ရေးသင်တန်းတွေ ပေးနေပါတယ်။

    မယ်ဟွန်ဆွန်ပြည်နယ် မယ်ဆာရီယန်ခရိုင်က ကျောင်းတွေမှာ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို အမှတ် ၃၆ နယ်ခြားစောင့်တပ်က မ​နေ့ကစတင်ပြီး ကယ်ဆယ်ရေးသင်တန်းတွေပေးကာ အစမ်းလေ့ကျင့်မှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ​ထိုင်းနယ်စပ်က လေကေးကော်ဒေသမှာ စစ်တပ်က ပြီးခဲ့တဲ့တစ်ပတ်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပြီး ကျည်တွေ ထိုင်းဖက်ခြမ်းကိုကျတဲ့ သတင်းတွေလည်း တက်လာပါတယ်။

    မနက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ ထိုင်းဖက်ခြမ်းက ​လူနေအိမ်တစ်လုံးပေါ် ကျသွားခဲ့ပြီး ထိုင်းရဲနဲ့ စစ်တပ်တို့က လာရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    “နယ်ခြားစောင့်တပ်ဖွဲ့ဟာ ကျောင်းမှာ ဗုံးခိုနေရာတွေ ဆောက်ပေးခဲ့ပြီး ဒီနေ့မှာတော့ ဒီနေရာကို လျင်လျင်မြန်မြန်နဲ့ အန္တရာယ်ကင်းကင်း ဘယ်လိုသွားရလဲဆိုတာကို သင်ပေးတာပါ။ ဗုံးခိုနေရာက ၈ မီတာရှည်ပြီး၊ ၅ မီတာကျယ်ကာ ၁.၅ မီတာမြင့်ပါတယ်။ အဲဒီအထဲမှာ ကျောင်းသားနဲ့ ဆရာအားလုံး ၃ ရက် စားလို့ရမယ့် အစားအစာတွေလည်း သိမ်းထားပါတယ်” လို နယ်ခြားစောင့်အဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး Somphop Jaiboon က ပြောပါတယ်။

    မြန်မာတိုက်ပွဲကြောင့် အန္တရာယ်ရှိနိုင်တဲ့ရွာတွေက ရွာသားတွေကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့က ဘေးအန္တရာယ်ကင်းရေး အရေးပေါ်သင်တန်းတွေ ပေးနေတယ်လို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။

    Ref: Nationthailand

  • ပိုမိုပွင့်လင်း ခမ်းနားလာသည့် ဆော်ဒီအာရေဗျက ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်

    ပိုမိုပွင့်လင်း ခမ်းနားလာသည့် ဆော်ဒီအာရေဗျက ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်

    ဒီဇင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -ကမ္ဘာ့အသိုင်းအဝိုင်းထဲ ပိုမိုဝင်ဆံ့နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီအာရေဗျမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲ​တော်ဟာ ပိုမိုပွင့်လင်းလာပြီး ဆော်ဒီနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အတူတကွ ဆင်နွှဲကြတဲ့ ပွဲတော်တစ်ခု ဖြစ်လာပါတယ်။

    ခေတ်အဆက်ဆက် ဆော်ဒီဘုရင်တွေဟာ ရှေးရိုးစွဲအမြင်တွေနဲ့ လူ့အဖွဲ့အစည်းကို တင်းတင်းကြပ်ကြပ်ချုပ်ကိုင် အုပ်စိုးခဲ့တာကြောင့် အရင်က အစ္စလာမ်ဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေဟာ ဘာသာရေးပွဲတော်တွေကို နေအိမ်အတွင်းမှာသာ ကျင်းပခွင့်ရှိပါတယ်။

    ၂၀၁၅ ခုနှစ်မှာ ထီးနန်းဆက်ခံခဲ့တဲ့ ဘုရင် ဆလ်မန်နဲ့ သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်တို့ဟာ ဆော်ဒီအာရဗျကို ကမ္ဘာနဲ့ရင်ဘောင်တန်းကာ ဖွံ့ဖြိုးတက်ဖို့ လုပ်ဆောင်လာပြီး နိုင်ငံအတွင်း မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေကို လက်ခံနားလည်နိုင်ရေးကိုလည်း အလေးထား လုပ်ဆောင်လာပါတယ်။

    ဒီလို ပြုပြင်ပြောင်းလဲမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ဆော်ဒီအာရေဗျမှာရှိနေတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကို ပွင့်ပွင့်လင်းလင်း ပျော်ပျော်ရွှင်ရွှင် ကျင်းပလာနိုင်ကြပါတယ်။

    “ခရစ္စမတ်အသုံးအဆောင်တွေကို ခိုးသွင်းပြီး အိမ်မှာပဲ တိတ်တဆိတ် ကျင်းပရတဲ့ ဇာတ်လမ်းတွေကို ရှင်တို့ ကြားဖူးကြလိမ့်မယ်။ ကျွန်မတို့ အမေရိကန်မှာလို လူမြင်ကွင်းမှာ ခရစ္စမတ်အထိမ်းအမှတ် ဆင်ယင်ပြီး၊ မီးရောင်စုံထွန်း ချယ်မှုန်းထားတာမျိုး ဒီမှာ အရင်က မရှိပါဘူး” လို့ ဆော်ဒီအာရေဗျမှာ ၇ နှစ်တာ နေထိုင်အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသူ ဆစ်ဒနီ တန်ဘူးလ်က ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆော်ဒီမှာ အခြေအနေတွေ လုံး၀ပြောင်းသွားပြီး ရှော့ပင်းစင်တာ၊ စျေး၊ ဆိုင်၊ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ခရစ္စမတ်ပွဲတော်အတွက် အလှအပတွေ ဆင်ယင်လာကြသလို၊ ခရစ္စမတ်ပစ္စည်းတွေကိုလည်း အလွယ်တကူ ဝယ်လို့ရလာတယ်လို့ တန်ဘူးလ်က ဆိုပါတယ်။

    ဂျစ်ဒါမြို့မှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် အီတလီနိုင်ငံသား အန်ရီကို ကာတာနီယာက ဆော်ဒီမှာ ​ခရစ္စမတ်ပွဲတော်ကို ပွင့်ပွင့်လင်းလင်းနဲ့ ခမ်းခမ်းနားနား လုပ်လာတာကြောင့် အီတလီမှာခံစားရတဲ့ အရသာမျိုး ရရှိတယ်လို့ ပြောပါတယ်။

    “ပုံမှန်အားဖြင့် မိသားစုတွေ၊ အချစ်ဆုံး၊ အခင်ဆုံးသူတွေနဲ့ ခရစ္စမတ်ကာလကို ဖြတ်သန်းကြတာပါ။ ဒီမှာက ၂၀၁၅ ခုနှစ်နောက်ပိုင်း ပွဲတော်ကျင်းပဖို့ သိသိသာသာကို ဖြေလျော့ပေးလာတယ်။ အဲဒီမတိုင်ခင်ကဆို ကျင်းပလို့ မရသလောက်ပါပဲ”

    တန်ဘူးလ်က ဆော်ဒီအာရေဗျမှာရှိနေတဲ့ နိုင်ငံခြားသားတွေ ခရစ္စမတ်ပွဲတော်ကို လူသိရှင်ကြား ဆင်နွှဲလာကြတယ်လို့ ပြောပါတယ်။

    “ဆော်ဒီနိုင်ငံသား လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ခရစ္စမတ်လက်ဆောင်တွေ ပေးကြတယ်။ ကြင်နာမှု၊ လေးစားသမှု အပြည့်နဲ့ပါ။ ဒီကလူတွေ ဘယ်လောက်အထိ နွေးထွေးဖော်ရွေလဲဆိုတဲ့ ဥပမာတစ်ခုပါပဲ”

    ဒုတိယမိသားစုဖြစ်နေပြီဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရစ္စမတ်မိတ်ဆုံစားပွဲ ကျင်းပဖို့လည်း တန်ဘူးလ်က စီစဉ်ထားပါတယ်။

    ဆော်ဒီပြည်သူတွေလည်း ဆင်နွှဲ

    ဂျစ်ဒါမှာနေထိုင်တဲ့ ဆော်ဒီအမျိုးသမီး အက်ရှ်ဝဂ် ဘမ်ဟာဖုဇ်က ခင်ပွန်းအလုပ်က ဖိလစ်ပိုင် လုပ်ဖော်ကိုင်ဖက်တွေဖိတ်တဲ့ ခရစ္စမတ်ပွဲကို သွားတက်ရမယ်လို့ ပြောပါတယ်။

    “လက်ဘနွန်နွယ်ဖွား ကျွန်မိသားစုက စွန်နီမွတ်စလင်ဖြစ်ပေမယ့် ခရစ္စမတ်ပွဲကို ဆင်နွှဲပြီး လက်ဆောင်တွေလည်း အပြန်အလှန်ပေးကြပါတယ်။ ခရစ္စမတ်တို့၊ နှစ်သစ်ကူးတို့ ဆင်နွှဲတာဟာ ဟစ်ဂျရီနှစ်သစ်ကူး ဆင်နွှဲသလိုပဲလို့ ကျွန်မ ခံစားရပါတယ်”

    မတူကွဲပြားမှုတွေကို ပိုမိုလက်ခံနားလည်နိုင်ရေး ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်မှုတွေကို နှစ်သက်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မတူကွဲပြားမှု

    မတူညီတဲ့ လူမျိုးတွေ၊ ဘာသာအယူဝါဒတွေအပေါ် သည်းခံနိုင်စွမ်းကို နားလည်မှုမလွဲစေဖို့ တိုက်တွန်းမှုတွေလည်း ဆော်ဒီလူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။

    Princess Nourah တက္ကသိုလ်က အင်္ဂလိပ်ဆရာမဖြစ်တဲ့ မူနီရာ အလ် နူဂျိုင်မန်က မွတ်စလင်တစ်ယောက် ခရစ္စမတ်ပွဲတော်မှာ မပါဝင်၊ မဆင်နွှဲလို့ သည်းခံနိုင်စွမ်းမရှိသူအဖြစ် သတ်မှတ်ပြောဆိုတာမျိုးကို လက်မခံဘူးလို့ ပြောပါတယ်။

    “မတူကွဲပြားမှုတွေအပေါ် သည်းခံနိုင်ရမယ်ဆိုတဲ့ ဝါဒကို ကျွန်မ အပြည့်အ၀ ယုံကြည်လက်ခံပါတယ်။ ဆော်ဒီအာရေဗျမှာ ခရစ်ယာန်ဘာသာဝင်တွေ သူတို့ရဲ့ဘာသာတရားကို လွတ်လပ်စွာ ကျင့်သုံးခွင့် အပြည့်အ၀ ပေးရပါမယ်။ ဒါပေမယ့် သူတို့ပွဲတော်ဟာ ကျွန်မဘာသာရဲ့ပွဲတော်၊ ကျွန်မလူမျိုးရဲ့ပွဲတော် မဟုတ်တဲ့အတွက် ကျွန်မ မပါဝင်ပါဘူး”

    မတူကွဲပြားမှုကို လက်ခံခြင်းဆိုတာ ဘာသာခြား၊ လူမျိုးခြားဆိုပြီး မတိုက်ခိုက်တာ၊ သူတို့ရဲ့ ဘာသာရေးပွဲတော်တွေကို မပိတ်ပင်တာမျိုး ဖြစ်တယ်လို့လည်း အလ် နူဂျိုင်မန်က ဆိုပါတယ်။

    Ref: Arab News