News @ M-Media

Blog

  • မြန်မာစစ်တပ်က မွတ်စလင်များကို လုပ်သကဲ့သို့ အိန္ဒိယမွတ်စလင်များကို လုပ်ရန် ဟိန္ဒူဘုန်းကြီးများ ဟောပြော

    မြန်မာစစ်တပ်က မွတ်စလင်များကို လုပ်သကဲ့သို့ အိန္ဒိယမွတ်စလင်များကို လုပ်ရန် ဟိန္ဒူဘုန်းကြီးများ ဟောပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာရက်ဟန်ပြည်နယ်က တရားပွဲတစ်ခုမှာ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ဖို့ ဟိန္ဒူဘုန်းကြီးတွေက ဟောပြောခဲ့ကြပြီး ဒီအတွက် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

    ​ဟိန္ဒူဘာသာရေးဆိုင်ရာ အထွဋ်အမြတ်မြို့တစ်ခုဖြစ်တဲ့ ဟာရစ်ဒ်၀ါ (Haridwar) မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က​နေ ၁၉ ရက်နေ့အထိ ပြုလုပ်တဲ့ တရားပွဲမှာ ဒီလိုလှုံ့ဆော်ခဲ့ကြတာပါ။ တရားပွဲဗီဒီယိုဟာ အခုတစ်ပတ် အစောပိုင်းကစပြီး ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာပါတယ်။

    ပြည်နယ်ရဲတပ်ဖွဲ့က ဒီကိစ္စကို ကြာသာပတေးနေ့ကမှ စတင် စုံစမ်းတာ ဖြစ်ပါတယ်။ တိုင်ကြားမယ့်သူ မရှိတဲ့အတွက် စစ်ဆေးမှုမလုပ်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အမှုမှတ်တမ်းမှာ ဝါဆင်ရစ်ဇ်ဗီဆိုတဲ့ လူတစ်ဦးကိုသာ ဖော်ပြထားပြီး ဖမ်းဆီးထားသူ မရှိပါဘူး။ ရစ်ဇ်ဗီဟာ အရင်က မွတ်စလင်ဖြစ်ပေမယ့် ဟိန္ဒူဘာသာကိုပြောင်းကာ ဂျီတန်ဒရာ နာရာယန် တယာဂျီလို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။

    ရဲတပ်ဖွဲ့ကတော့ တယာဂျီနဲ့ အခြားအမည်မသိသူတွေကို ‘ဘာသာမတူလူ့အဖွဲ့အစည်းတွေအကြား အမုန်းပွားအောင်လုပ်မှု’ နဲ့ ​အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

    ဟောပြောပွဲဗီဒီယို ပြန့်နှံ့ပြီးတဲ့နောက် ဗီဒီယိုမှာပါဝင်တဲ့ ဟိန္ဒူဘုန်းကြီးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက နာမည်နဲ့တကွ ဖော်ထုတ်ရေးသားနေကြတာပါ။ အဲဒီဘုန်းကြီးတွေဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP တာဝန်ရှိသူတွေနဲ့ တပူးပူးတတွဲတွဲတွေ့ရသူတွေ ဖြစ်ပါတယ်။

    မြန်မာမှာ လုပ်သလို လုပ်ရမယ်

    ဟာရစ်ဒ်ဝါမြို့က တရားပွဲမှာ ပွဲစီစဉ်သူ ပရာဘိုဒါနန် ဂီရိက မြန်မာနိုင်ငံမှာမွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်သလို အိန္ဒိယက မွတ်စလင်တွေကိုလည်း သတ်ဖြတ်မောင်းထုတ်ဖို့ အိန္ဒိယစစ်တပ်၊ နိုင်ငံရေးသမားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေ သတ်ဖြတ်မောင်းထုတ်ခံရမှုကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

    ပရာဘိုဒါနန် ဂီရိကို BJP ပါတီခေါင်းဆောင်ပိုင်းနဲ့အတူ အမြဲလိုလို တွေ့ရတတ်ပါတယ်။ ဂီရိကတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို မကြောက်ဘူးလို့ ပြောပါတယ်။

    ဟိန္ဒူဘုန်းကြီးတစ်ပါးဖြစ်တဲ့ ရတီ နာဆင်ဂနန် ဆာရာဝက်တီက ဟိန္ဒူတွေ လက်နက်ကိုင်ပြီး မွတ်စလင်တွေကို တိုက်ထုတ်ကာ ဟိန္ဒူဘာသာကို ကာကွယ်ဖို့ ထည့်သွင်းဟောပြောခဲ့ပါတယ်။ ဆရာဝက်တီဟာ အရင်ကလည်း မွတ်စလင်တွေကို အကြမ်းဖက်ဖို့ တိုက်တွန်းဆော်ဩလေ့ရှိပါတယ်။

    ဟာရစ်ဒ်ဝါမြို့ တရားပွဲမှာ ဟောပြောသူ တော်တော်များများဟာ မွတ်စလင်ဆန့်ကျင်ရေးတွေ ပြောခဲ့ကြတာပါ။ ဟောပြောပွဲတက်ခဲ့တဲ့ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူဟောင်း အက်ရှ်ဝီနီ အူပက်ဒ်ယေက အဲဒီပွဲမှာ နာရီဝက်လောက်ပဲ နေခဲ့တယ်လို့ ပြောပါတယ်။

    ဒေလီမြို့ မွတ်စလင်ဆန့်ကျင်ရေး ချီတက်မှုမှာ ပါဝင်တဲ့အတွက် အူပက်ဒ်ယေဟာ ဖမ်းဆီးခံရဖူးပါတယ်။

    အိန္ဒိယက မွတ်စလင်၊ ခရစ်ယာန်နဲ့ အခြားလူနည်းစုတွေ တိုက်ခိုက်ခံရမှုဟာ ၂၀၁၄ ခုနှစ် BJP ပါတီ အာဏာရပြီးကတည်းက ပိုမို မြင့်တက်လာပါတယ်။

    ရဲက လစ်လျူရှုထား

    အိန္ဒိယရဲအရာရှိတစ်ဦးဖြစ်တဲ့ အာရွှတ်ကူးမားက တရားပွဲဗီဒီယိုဟာ လှုံ့ဆော်တဲ့ပြောကြားမှုတွေ ပါဝင်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ မရှိသင့်ဘူးလို့ ​ပြောကြားခဲ့ပါတယ်။

    တရားပွဲမှာ ဘယ်သူတွေပါဝင်ပြီး ဘာတွေပြောခဲ့လဲဆိုတာ အထောက်အထားအပြည့်အစုံရှိပေမယ့် ပါဝင်သူတွေကို အမှုမဖွင့်တာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    Ref: BBC

  • အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံသည့် ကာဒီနယ်ကို ခရစ်ယာန်အသိုင်းအ၀ိုင်းက ဝေဖန်

    အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံသည့် ကာဒီနယ်ကို ခရစ်ယာန်အသိုင်းအ၀ိုင်းက ဝေဖန်

    ဒီဇင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ခရစ်ယာန်ကက်သလစ်ရဟန်းမင်း ကာဒီနယ် ချားလ်စ် မောင်ဘိုကို မြန်မာနိုင်ငံ ခရစ်ယာန်အသိုင်းအ၀ိုင်းက ဝေဖန်နေကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ စိန့်အန်ထော်နီဘုရားကျောင်းကို လာရောက်ပြီး ကာဒီနယ်မောင်ဘိုနဲ့ ခရစ္စမတ်အကြိုတွေ့ဆုံကာ ကိတ်မုန့်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။

    ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်တွေက တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတဲ့အချိန်မှာ ဒီတွေ့ဆုံမှု ပေါ်ပေါက်လာတာပါ။

    စစ်ခေါင်းဆောင်က တိုင်းပြည်အေးချမ်းရေး စစ်တပ်၊ အစိုးရဌာနတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ ပူပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့သလို၊ ကာဒီနယ်ဘိုက မြန်မာနိုင်ငံအေးချမ်းရေး၊ စစ်မှန်တဲ့ ဆွေးနွေးရင်ကြားစေ့ရေး ဖြစ်လာဖို့ ဆုတောင်းခဲ့ပါတယ်။

    ကာဒီနယ်ဘိုနဲ့ စစ်ခေါင်းဆောင်တို့ အတူကိတ်မုန့်လှီးနေတဲ့ပုံ အွန်လိုင်းမှာ ပြန့်နှံ့သွားပြီးတဲ့နောက် မြန်မာနိုင်ငံ ခရစ်ယာန်အသိုင်းအ၀ိုင်းက ကာဒီနယ်ကို ထောက်ပြဝေဖန်မှု​တွေ ပြုလုပ်ခဲ့ပါတယ်။

    မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ ခရစ်ယာန်ကက်သလစ်အဖွဲ့ Independent Catholics for Justice in Myanmar က ဒီတွေ့ဆုံမှုကို ရှုတ်ချခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ခံစားနေရတဲ့ ပြည်သူလူထု၊ စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းတွကို ဗုံးခွဲဖျက်ဆီးနေမှုကို လစ်လျူရှုတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    “ဒီတွေ့ဆုံမှုဟာ နိုင်ငံအတွင်းမှာရှိတဲ့ ခရစ်ယာန်ကက်သလစ် လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသလို၊ ကက်သလစ်ဘာသာဝင်အားလုံးရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေပါတယ်”

    မြန်မာနိုင်ငံအတွင်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ဘာသာဝင်တွေကလည်း ဆိုရှယ်မီဒီယာမှာ ဝေဖန်ထောက်ပြမှုတွေ လုပ်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကက်သလစ်ဘာသာဝင်တွေ အများအပြား အသတ်ခံနေရတယ်။ ကာဒီနယ်ကတော့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေရဲ့ ခံစားရမှုကို လစ်လျူရှုပြီး လူသတ်ကောင်နဲ့ ပေါင်းဖက်နေပါတယ်” လို့ ကက်လသစ် ဘာသာဝင်တစ်ယောက်က ရေးပါတယ်။

    အခြား ကက်လစ်တစ်ယောက်ကလည်း “လေးစားသမှုမရှိတဲ့လုပ်ရပ်ပါ။ ကာဒီနယ်ဟာ မြန်မာနိုင်ငံက ကက်သလစ်အသိုင်းအ၀ိုင်းကို ကိုယ်စားမပြုပါဘူး။ ရှက်စရာကောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    သာသနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီတွေ့ဆုံမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကက်လသစ်ဘုန်းတော်ကြီးတစ်ပါးက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

    “ဒီတွေ့ဆုံမှုကြောင့် ဝမ်းနည်းစရာကောင်းတဲ့ ခရစ္စမတ် ဖြစ်သွားပါပြီ။ စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဘာသာရေးကို အသုံးချနေတာပါ”

    မြန်မာနိုင်ငံက ခရစ်ယာန်ကက်သလစ်အသိုင်းအ၀ိုင်းဟာ ကာဒီနယ်ဘိုတစ်ယောက်ကိုသာ မှီခိုနေတာမဟုတ်ဘဲ၊ ကက်သလစ်လူ့အဖွဲ့အစည်းတစ်ခုလုံးကိုလည်း ကိုယ်စားမပြုဘူးလို့ ဘုန်းတော်ကြီးက ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: UCA News

  • နှစ်သန်းပေါင်း ၆၀ ကျော်က ဒိုင်နိုဆောသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ

    နှစ်သန်းပေါင်း ၆၀ ကျော်က ဒိုင်နိုဆောသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ

    ဒီဇင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အနည်းဆုံး လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ သန်းလောက်ကလို့ ယုံကြည်ရတဲ့ ဒိုင်နို​ဆောသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်နိုင်ငံမှာ ပကတိအနေအထားအတိုင်း တူးဖော်တွေ့ရှိခဲ့ပြီး ငှက်တွေနဲ့ ဒိုင်နိုဆောတွေအကြား ဆက်စပ်မှုကို ပိုမိုနားလည်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။

    နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမှာ တူးဖော်ရရှိခဲ့တဲ့ ဒီ ဒိုင်နိုဆော သန္ဓေသားလောင်းကို Baby Yingliang လို့ အမည်ပေးထားပါတယ်။ နောက်ခြေထောက်ကြီးပြီး ရှေ့ခြေထောက်ငယ်ကာ သွားမရှိတဲ့ ဒိုင်နိုဆောမျိုးစိတ် (Oviraptorosaur) က ဖြစ်ပါတယ်။

    ကျောက်ဖြစ်ရုပ်ကြွင်းမှာ ဒိုင်နိုင်ဆော သန္ဓေသားလောင်းရဲ့ ခန္ဓာကိုယ်ဟာ ကွေးနေပြီး ခေါင်းက ခန္ဓာကိုယ်ကြားထဲဝင်ကာ ခြေနှစ်ဖက်က ဘေးနှစ်ဖက်မှာ ထောင်နေတဲ့ အနေအထားမျိုးပါ။ ဒါဟာ ဥကနေ အကောင်ပေါက်လာတော့မယ့်ပုံစံဖြစ်ပြီး အရင်ဒိုင်နိုဆောနဲ့ပတ်သက်တဲ့ တွေ့ရှိမှုတွေမှာ လုံး၀မမြင်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ယနေ့ခေတ် ငှက်တွေ အကောင်ပေါက်လာတဲ့အနေအထားမျိုးနဲ့လည်း ဆင်တူပါတယ်။

    “သမိုင်းတစ်လျှောက် တွေ့ခဲ့သမျှ ဒိုင်နိုဆော သန္ဓေသားလောင်းတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်” လို့ ဘာမင်ဂမ်တက္ကသိုလ်က သုတေသနပညာရှင် ဖီအွန် ဝေစံမာက ပြောပါတယ်။

    ယနေ့ခေတ် ငှက်တွေ အကောင်အပေါက်တဲ့ပုံစံဟာ အရင်ခေတ်က ဒိုင်နိုဆောတွေရဲ့ သဘာ၀ကို အမွေခံထားတယ်ဆိုတာ ဖော်ပြနေတယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၂ သန်းကနေ ၆၆ သန်းကြားက ရုပ်ကြွင်းမျိုးဖြစ်ပြီး ဥပေါက်မယ့်အချိန် မြေပြိုမှုကြောင့် အခုလို ရုပ်ကြွင်းဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ပါတယ်။ တကယ်လို့သာ အကောင်ပေါက်ခဲ့ရင် ဒိုင်နိုဆောဟာ ၆ ပေခွဲကနေ ၁၀ ပေလောက်အထိ ကြီးထွားလာနိုင်တယ်လို့လည်း ဆိုပါတယ်။

    Oviraptorosaur ဒိုင်နိုဆောတွေဟာ အမွှေးပါတဲ့ ဒိုင်နိုဆောမျိုးစိတ်ဖြစ်ပြီး Late Cretaceous ခေတ်ကာလအတွင်း ယနေ့ခေတ် အာရှနဲ့ မြောက်အမေရိက ဒေသတွေမှာ နေထိုင်ကျက်စားခဲ့တယ်လို့ သိပ္ပံပညာတွေက ယူဆထားပါတယ်။

    Ref: Reuters

  • မြန်မာကိုခြေကုပ်ယူပြီး အိန္ဒိယသူပုန်များလှုပ်ရှားမှု မြင့်တက်လာဟု အိန္ဒိယထောက်လှမ်းရေးပြော

    မြန်မာကိုခြေကုပ်ယူပြီး အိန္ဒိယသူပုန်များလှုပ်ရှားမှု မြင့်တက်လာဟု အိန္ဒိယထောက်လှမ်းရေးပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -မြန်မာ-အိန္ဒိနယ်စပ်မှာ သူပုန်တွေရဲ့ လှုပ်ရှားမှု မြင့်တက်လာပြီး ချင်းပြည်နယ်ကနေတစ်ဆင့် အိန္ဒိယထဲ ဝင်လာတာတွေ များလာတယ်လို့ အိန္ဒိယထောက်လှမ်းရေး ရင်းမြစ်တွေက​ ပြောပါတယ်။

    အိန္ဒိယနိုင်ငံ အာသံနဲ့ မဏိပူရပြည်နယ်က ခွဲထွက်ရေးသမားတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာ လှုပ်ရှားနေတာဖြစ်ပြီး မြန်မာဖက်မှာလည်း စခန်းတွေ ရှိနေပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုမှာ အိန္ဒိယစစ်တပ်ဟာ မြန်မာစစ်တပ်ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံထဲအထိဝင်ရောက်ကာ ဒီစခန်းတွေကို ရှင်းလင်းခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ​ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး မြန်မာစစ်တပ်က အိန္ဒိယသူပုန်တွေကို နေရာပေးကာ နှိမ်နှင်းခိုင်းတာတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။

    မြန်မာနိုင်ငံက မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အိန္ဒိယ သူပုန်အဖွဲ့တွေဖြစ်တဲ့ PLA နဲ့ RPF တို့ ချင်းပြည်နယ် နယ်စပ်မှာ ပြန်လှုပ်ရှားလာကြတယ်လို့ အိန္ဒိယထောက်လှမ်းရေး ရင်းမြစ်တွေက ပြောပါတယ်။ အမှတ် ၄၆ အာသံရိုင်ဖယ်တပ်က ဗိုလ်မှူး ဘီလာဘ် တရီပါသီ၊ ဇနီး၊ သားနဲ့ အခြား ၄ ဦး သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့လ ခြုံခိုတိုက်ခိုက်မှုကို ဒီသူပုန်အဖွဲ့တွေ လုပ်ဆောင်တာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာဖက်ကို ဝင်ရောက်ခိုလှုံသွားတယ်လို့လည်း ဆိုပါတယ်။

    အိန္ဒိယဖက်ကို ဝင်ရောက်ဖို့အတွက် UNLF၊ PLA နဲ့ PREPAK အဖွဲ့က အဖွဲ့ဝင် ၁၅၀ လောက် ချင်းပြည်နယ်က ရွာတွေမှာ ခိုလှုံနေသလို၊ NSCN(KYA) အဖွဲ့က အဖွဲ့ဝင်တွေကတော့ အိန္ဒိယဖက် ဝင်ရောက်ကာ လှုပ်ရှားနေကြပြီလို့လည်း အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အခြား အဖွဲ့အစည်းတွေက အဖွဲ့ဝင် ၄၀ ဝန်းကျင်လောက် အိန္ဒိယထဲဝင်ရောက်ဖို့ ကြိုးစားနေပြီး လာမယ့် သီတင်းပတ်တွေအတွင်း မဏိပူရနဲ့ နာဂလန်းပြည်နယ်တွေမှာ တိုက်ခိုက်မှုဖြစ်လာလိမ့်မယ်လို့လည်း အိန္ဒိယထောက်လှမ်းရေးက သတိပေးထားပါတယ်။

    အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့ဟာ အခုနှစ်အစောပိုင်းကလည်း နယ်စပ်တစ်လျှောက်မှာရှိတဲ့ သူပုန်စခန်းတွေကို ပူးပေါင်းရှင်းလင်းခဲ့ပါတယ်။

    Ref : DNAindia

  • အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

    အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

    ဒီဇင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အီရန်က နျူကလီးယားနဲ့ သက်ဆိုင်တဲ့နေရာတွေကို အောင်အောင်မြင်မြင်နဲ့ ချက်ခြင်းတိုက်ခိုက်နိုင်စွမ်း မိမိတို့မှာ ရှိတယ်လို့ ဧပြီလမှာ အစ္စရေးလေတပ်အကြီးအကဲဖြစ်လာမယ့် ဗိုလ်ချုပ် တိုမာရ် ဘားက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ အင်အားကြီးနိုင်ငံတွေဟာ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစ္စရေးဖက်က ဒီလိုခြိမ်းခြောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် တိုမာရ်ဘားက သူ လေတပ်ကို တာဝန်ယူနေတဲ့အချိန်မှာ အီရန်ကို တိုက်ခိုက်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

    “လိုအပ်ရင် မနက်ဖြန်တောင် အစ္စရေးက အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အောင်မြင်အောင် တိုက်ခိုက်နိုင်ပါတယ်။ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ဒါမျိုးဖြစ်လာမယ်လို့ ကျွန်တော်ယူဆတယ်။ ဒီတာဝန်ကြီးလေးမှုကိုလည်း ကျွန်တော် နားလည်ပါတယ်”

    အီရန်ရဲ့ နျူစီမံကိန်းနဲ့ပတ်သက်ပြီး အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်ကို ၂၀၁၅ ခုနှစ်မှာ သဘောတူညီချက် ရခဲ့ပေမယ့် ၂၀၁၈ ခုနှစ် သမ္မတထရမ့်လက်ထက်မှာ အမေရိကန်က နှုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ ဒီသဘောတူညီချက် ပြန်လည်ရရှိအောင် ကြိုးပမ်းနေပါတယ်။

    Ref: Alarabiya