News @ M-Media

Blog

  • သြစတေးလျတွင် ဟလာလ် စားသောက်လုပ်ငန်းကြီးထွား၊ ဟလာလ် တံဆိပ် ထုတ်ပေးမှုမှ ဒေါ်လာ သန်းချီရရှိ

    သြစတေးလျတွင် ဟလာလ် စားသောက်လုပ်ငန်းကြီးထွား၊ ဟလာလ် တံဆိပ် ထုတ်ပေးမှုမှ ဒေါ်လာ သန်းချီရရှိ

    စက်တင်ဘာ ၁ ၊ ၂၀၁၅
    M-Media
    Steggles-chicken-carries-Halal-certification.-Picture-by-DYLAN-ROBINSON
    “အချို့သော အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းများဟာ သူတို့ရဲ့ငွေအသုံးပြုတဲ့နေရာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိလှဘူးလို့ ကျွန်တော် မြင်ပါတယ်” လို့ Halal Australia ရဲ့ စီအီးအို မုဟမ္မဒ်ခန်းက ပြောဆိုလိုက်ပါတယ်။

    သြစတေးလျနိုင်ငံသားတစ်ဦးရဲ့ ဈေးခြင်းတောင်းထဲကြည့်ရင် ဟင်းသီးဟင်းရွက်နဲ့ Cadbury ချောကလက် ကနေ ကြက်ရင်ပုံသားအထိ အရာရာတိုင်းအပေါ် ဟလာလ် အသိအမှတ်ပြု အမှတ်တံဆိပ်များကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလို တံဆိပ်ကပ်နိုင်ဖို့ ထုတ်လုပ်သူ၊ လက္ကားသမား၊ အစားအသောက် လုပ်ငန်းစဉ်တွေအနေနဲ့ နည်းစနစ်ကျနမှု အားနည်းသော အသိအမှတ်ပြု တံဆိပ်ထုတ်ပေးသူတွေကို ငွေ အများအပြေားပေးဆောင်ဖြတ်သန်းကြရပါတယ်။

    အာမခံအသိအမှတ်ပြု လက်မှတ်ထုတ်ပေးနေတဲ့ အဖွဲ့အစည်းများထဲက အကြီးမားဆုံးအဖွဲ့တစ်ခုဖြစ်တဲ့ Islamic Federation of Islamic Councils ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ဒေါ်လာ ၆ သန်းနီးပါး ၀င်ငွေရရှိခဲ့ပါတယ်။

    ကုန်ထုတ်သူများဟာ ဟလာလ်ထောက်ခံချက် ကုန်ကျစားရိတ်ကို သြစတေးလျ စားသုံးသူတွေ အပေါ် ဈေးတင်ပြီးယူကြတယ်လို့ Halal Choices ၀က်ဘ်ဆိုက် တည်ထောင်သူ တောင်သူလယ်သမား Kirralie Smith က အခိုင်အမာဆိုပါတယ်။

    ဒါပေမယ့် ထောက်ခံချက် ကုန်ကျစားရိတ် အသီးသီးက ဘယ်ရွေ့ဘယ်မျှဆိုတာ ရေရာမှု မရှိပါဘူး။ အကြောင်းအရာနဲ့ အမျိုးအစားပေါ်မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ သားသတ်ရုံတွေ အတွက်ဆိုရင် ဒေါ်လာ ၁၂၀၀၀ အထက်ဖြစ်ပြီး အခြားလုပ်ငန်း အမျိုးအစားတွေကတော့ ဒေါ်လာ ၂၅၀၀၀ ကျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထောက်ခံချက် ပြန်ထုတ်ရပါတယ်။

    အချို့ဟလာလ် ထုတ်ကုန်များဆိုရင် အသိအမှတ်ပြုချက်ကို အကြိမ်ကြိမ် အလီလီ ယူကြရတယ်။ ထုတ်လုပ်နည်းစဉ်မှာ – လက္ကားရောင်းချမှုမှာ – လက်လီရောင်းချမှုမှာ အဆင့်ဆင့်ဖြစ်နေတော့ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနေသူများအဖို့ အကြီးအကျယ် လက်ဖျားငွေသီးလျက်ရှိပါတယ်။ ဒီလိုပရမ်းပတာဖြစ်နေတဲ့ အပေါ် – ခေါင်းပုံဖြတ်အမြတ်ကြီးစားနေတဲ့အပေါ် စည်းကမ်းကြပ်မတ်ဖို့ အထူးလိုအပ်နေပါတယ် ဆိုပြီး မစ္စ စမစ်က ဆိုပါတယ်။

    Packaging-showing-the-certified-halal-lamb.-Picture-by-Zerna
    ဟလာလ်အစားအသောက်ဖြစ်ကြောင်း အာမခံတံဆိပ်ပါ သိုးသားထုပ်

    ဟလာလ် အသိအမှတ်ပြုချက်ဆိုတာ ၀က်သား၊ အရက် စသဖြင့် မွတ်စ်လင်မ်တွေ စားသောက် မရနိုင်တဲ့အရာတွေ မပါအောင် ကန့်သတ် ကင်းစင်ထားတဲ့ အစ္စလာမ့်ဥပဒေနဲ့ အညီ စက်ရုံထုတ်လူသုံးကုန်/စားသောက်ကုန်ပစ္စည်းများဖြစ်ကြောင်း ဖော်ပြမှုဖြစ်ပါတယ်။

    သြစတေးလျက သိုးသားအဓိက ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ပိုင်ရှင် Roger Fletcher ဟာ သူရဲ့ Dubbo သားသတ်ရုံမှ မွတ်စ်လင်မ်တို့ရဲ့အစဉ်အလာ အတိုင်း ၁၉၇၄ ခုနှစ်ကစပြီး ဆောင်ရွက်နေခဲ့တာပါ။ ဟလာလ်အသားတင်ပို့မှုမှာ ကမ္ဘာ့အကောင်းဆုံး အဖြစ်လည်း သတ်မှတ်ခံရပါတယ်။ အစိုးရရဲ့တင်းကြပ်တဲ့ ဥပဒေစည်းမျဉ်းကြောင့် သြစတေးလျထွက် အသားများကို ဥရောပ၊ ဂျပန်၊ တရုတ်နဲ့ အမေရိကမှာ အလွန်နှစ်သက် လက်ခံမှု ရနေပါတယ်။

    သို့သော်လည်း ပြည်တွင်း ဟလာလ် တံဆိပ်ဈေးကွက်မှာ လုပ်ငန်းရှင်တွေ စုပြုံတိုးနေကြသလို၊ အဖွဲ့အစည်းများ ကလည်း ငွေကြေးအလို့ငှာ သူ့ထက်ငါ အပြိုင်အဆိုင် တံဆိပ်ကပ်ပေးလျက် ရှိနေကြတယ်။ သေသေချာချာ စိစစ်ခြင်းမရှိကြဘူးလို့ သြစတေးလျ စားသောက်ကုန်နှင့် လူသုံးကုန်ကောင်စီ စီအီးအို Gary Dawson က ဆိုပါတယ်။ ဒါ့အပြင် အဓိကစားကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင်များ ကိုယ်စားလှယ်ဖြစ်သည်နှင့် အညီ သူက  “လူထုဆိုင်ရာအကျိုးစီးပွားနဲ့ စိစစ်မှုအရ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသူဖက်က ပိုမိုပွင့်လင်းမြင်သာစေဖို့ တာဝန်ရှိပါတယ်” လို့လည်း ပြောကြားပါတယ်။

    ခုဆိုရင် အွန်လိုင်းပေါ်ကနေ တင်ပြလွှာပေါင်း ၆၇၀ အထိ ရှိလာတဲ့ အတွက် အစားအသောက်ကုန်စည်စလယ် (ဟလာလ်) အသိအမှတ်ပြုပေးနေတဲ့ အဖွဲ့အစည်း အားလုံးကို စုံစမ်းစစ်ဆေးဖို့ အထက် လွှတ်တော်ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

    Ref : Aquila Style

  • တစ်နှစ်အတွင်း အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှု ပရီးမီးယားလိဂ်တွင် စံချိန်တင်

    တစ်နှစ်အတွင်း အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှု ပရီးမီးယားလိဂ်တွင် စံချိန်တင်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    ep

    – ၂၀၁၅ ခုနှစ်အတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် ၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    နွေရာသီအပြောင်းအရွှေ့မှာ ယမန်နေ့က ပိတ်သွားခဲ့ပြီး၊ ထိုကာလတစ်ခုတည်းမှာပင် ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် သန်း ၈၇၀ ရှိခဲ့သည်ဟု အကြံပေးလုပ်ငန်း Deloittle က ပြောကြားခဲ့သည်။

    အဆိုပါပမာဏမှာ ၂၀၁၄ ခုနှစ်က ပေါင်း ၈၃၅ သန်းထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး၊ ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းများသုံးစွဲခဲ့သည့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ ကို ပေါင်းထည့်ပါက ယခုနှစ်အတွင်း အပြောင်းအရွှေ့အသုံးစားရိတ် စုစုပေါင်းမှာ ပေါင် ၁ ဘီလီယံအထိ ရှိခဲ့သည်။ ထိုပမာဏမှာ ပရီးမီးယားလိဂ်တွင် ပြက္ခဒိန်တစ်နှစ်အတွင်း ပြောင်းရွှေ့ကြေးပမာဏ စံချိန်သစ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    Deloitte မှ အားကစားစီးပွားရေးဆိုင်ရာ အကြီးတန်းမန်နေဂျာဖြစ်သူ အဲလက်စ် သော်ပီက

    “ပရီးမီးယားလိဂ် အသင်း ၂၀ စလုံးဟာ တစ်ကမ္ဘာလုံးက အမြတ်အစွန်းရခဲ့တဲ့ ကလပ်အသင်းတွေရဲ့ ထိပ်ဆုံး ၄၀ အတွင်းမှာ ရှိနေပါတယ်။ ပြီးတော့ သူတို့တွေဟာ နိုင်ငံတကာက ပါရမီရှိ ကစားသမားတွေအတွက် ဈေးကွက်မှာ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်တာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ နွေရာသီအပြောင်းအရွှေ့တွင် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲခဲ့သည့်အသင်း ဖြစ်ခဲ့ပြီး၊ စတာလင်၊ အော့တာမန်ဒီ၊ ဒီဘရူနီတို့အား ခေါ်ယူခဲ့ရာတွင် ပေါင် သန်း ၁၆၀ ခန့် အသုံးပြုခဲ့သည်။

    သော်ပီကမူ နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ နိုင်ငံခြားအသင်းများမှ ကစားသမားများအတွက် အသုံးပြုမှုမှာ ပေါင် သန်း ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။

    “ဥရောပတစ်လွှားကိုကြည့်ရင်၊ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဒီနွေရာသီအတွင်း အသားတင်သုံးစွဲမှုဟာ ဥရောပက အခြားသောလိဂ်တွေထက် ၂ ဆကျော်လောက် ရှိပါတယ်။ ဒါရဲ့ နောက်ကွယ်အကြောင်းအရင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံလွှင့်ခွင့်လုပ်ငန်း တိုးတက်ပြီး ပြန့်နှံ့လာမှုကြောင့် ဖြစ်ပါတယ်”

    ချန်ပီယံလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားသည့် ပရီးမီးယားလိဂ်မှ မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးနှင့် အာဆင်နယ်တို့၏ စုစုပေါင်း ပြောင်းရွှေ့ကြေးသုံးစွဲမှုမှာ ပေါင်း သန်း ၃၄၀ ရှိခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများအားလုံး သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်း ရှိနေသည်။

    ပရီးမီးယားလိဂ်ပြီးနောက် နွေရာသီဈေးကွက်တွင် ပြောင်းရွှေ့ကြေး ဒုတိယအများဆုံးသုံးသည့် လိဂ်မှာ စီးရီးအေဖြစ်ပြီး ပေါင်း ၄၀၅ သန်းရှိခဲ့ကာ၊ လာလီဂါက သန်း ၄၀၀ ရှိသည်။ ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးတို့မှာ ပေါင် သန်း ၂၉၀နှင့် ၂၂၀ အသီးသီး ရှိနေကြသည်။

    Ref: Goal

  • ရေနံသူခိုးများကို ဒရုန်းလေယာဉ်ဖြင့် နိုက်ဂျီးယား စောင့်ကြည့်သွားမည်

    ရေနံသူခိုးများကို ဒရုန်းလေယာဉ်ဖြင့် နိုက်ဂျီးယား စောင့်ကြည့်သွားမည်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    nig

    – ရေနံခိုးယူမှုကို တိုက်ဖျက်ရန် ဆောင်ရွက်ချက်အဖြစ် နိုင်ငံ၏ရေလမ်းကြောင်းများတွင် သင်္ဘောများ လှုပ်ရှားသွားလာမှုကို ဒရုန်းများဖြင့် စောင့်ကြည့်သွားမည်ဟု နိုက်ဂျီးရီးယား နိုင်ငံပိုင် ရေနံကုမ္ပဏီ NNPC က ပြောကြားလိုက်သည်။

    ဂီနီပင်လယ်ကွေ့ လုံခြုံရေးနှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်ခဲ့သော အထူးညီလာခံတစ်ခုတွင် နိုက်ဂျီးရီးယား ရေနံကော်ပိုရေးရှင်း NNPC မှ မန်းနေးဂျင်းဒါရိုက်တာ အီဘေး ကာချစ်ဝူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ရေပိုင်နက်အတွင်းမှာ သင်္ဘောတွေ လှုပ်ရှားမှုကို စစ်ဆေးဖို့ စစ်သင်္ဘောအုပ်စုတွေနဲ့ စောင့်ကြည့်တဲ့နည်းလမ်းကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီမှာ ဒရုန်းလေယာဉ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်မှာပါ” ဟု NNPC က တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ပတ္တယောင်လှည့်ရန်အတွက် နိုက်ဂျီးရီးယားရေတပ်တွင် ပစ္စည်းကိရိယာ မပြည့်စုံမှုကို ကူညီသွားရန်လည်း ကြိုးစားနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုဆောင်ရွက်ချက်ဖြင့် လာမည့် ၈ လအတွင်း ရေနံခိုးယူသူများကို အဆုံးသတ်သွားရန် မျှော်လင့်သည်ဟု NNPC ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ကာချစ်ဝူကမူ ရေနံသူခိုးများကို စစ်ဆေးမှု မရှိပါက နိုင်ငံ၏ ရေနံသန့်စင်စက်ရုံ ၄ ခုကို လည်ပတ်ရန်မှာ NNPC အတွက် မဖြစ်နိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယား နိုင်ငံတစ်ဝှမ်းရှိ ရေနံပိုက်လိုင်းများတွင် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၄ ခုနှစ် ဇွန်လအထိ တိုက်ခိုက်မှုပေါင်း ၄၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး၊ လွန်ခဲ့သည့် ၃ နှစ်အတွင်း NNPC အလုပ်သမား၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ စုစုပေါင်း ၃၅၀ ခန့်မှာ ရေနံသူခိုးများ၏ သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

    ထိုကဲသို့ ရေနံခိုးယူသူများကို နှိမ်နှင်းရန် အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီကိုလည်း နိုက်ဂျီးရီးယားက ရယူသွားမည်ဖြစ်ပြီး အထူးသဖြင့် ခိုးယူထားသော ရေနံများ ပို့ဆောင်သည့် ကုန်တင်သင်္ဘောများကို လက်ခံသည့် နိုင်ငံများဖြစ်သည်။ နိုက်ဂျီးရီးယား နိုင်ငံခြားငွေရရှိမှု၏ ၉၀ ရာခိုင်နှုန်းမှာ ရေနံလုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် မန်ယူသို့ ရောက်ရှိလာခဲ့သည့် လူငယ်တိုက်စစ်မှူး အန်သိုနီမာရှယ်က မိမိအနေဖြင့် အသင်းတွင် ဖိအားများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။

    အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် မာရှယ်ကို မန်ယူက မိုနာကိုမှ ပေါင် ၅၈.၇ သန်းဖြင့် ယမန်နေ့တွင် ခေါ်ယူခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားလည်း ဖြစ်လာခဲ့သည်။

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ယူရိုပါလိဂ်တွင် လိုင်ယွန်နှင့်အတူ ပထမဆုံး ပွဲထွက်ခဲ့သည့် မာရှယ်မှာ ပြင်သစ်လီဂူးတွင် ၅၂ ပွဲသာ ကစားရသေးသူဖြစ်သည်။ သို့သော်လည်း ပြင်သစ် ယူ ၂၁ ကစားသမား မာရှယ်က အိုးထရက်ဖို့တွင် စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဖိအားကို မခံစားပါဘူး။ ဖိအားရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီအတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ” ဟု မာရှယ်က MUTV သို့ ပြောကြားခဲ့သည်။ ထို့ပြင် မန်ယူသို့ ပြောင်းရွှေ့ခဲ့ရသည့်အတွက် ပျော်ရွှင်မိသည်ဟုလည်း ၎င်းက ဆိုသည်။

    “မန်ယူဟာ အင်္ဂလန်မှာ အသင်းအကြီးတစ်သင်း ဖြစ်တာကြောင့် ကျွန်တော် အရမ်း ပျော်ရွင်ပါတယ်။ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဒီအတွက် ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာကြောင့် အလွန် ပျော်ရွှင်မိပြီး၊ မိသားစုကလည်း တော်တော်ဝမ်းသာနေပါတယ်”

    ထို့ပြင် မိမိအနေဖြင့် နည်းပြဗန်ဂါးလ်ဖြင့် စကားပြောခဲ့ပြီး၊ အလွန်ကြိုးစားရမည်ကို သိရှိကြောင်း၊ မိမိမှာ လျင်မြန်သော ကစားသမားဖြစ်ကာ အသင်း၌ အရာအားလုံး အဆင်ပြေမည်ဟု မျှော်လင့်ကြောင့် မာရှယ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဘယ်လ်ဂျီယံတွင် ပထမဆုံး အစ္စလာမ့် အလယ်တန်းကျောင်း ဖွင့်တော့မည်

    ဘယ်လ်ဂျီယံတွင် ပထမဆုံး အစ္စလာမ့် အလယ်တန်းကျောင်း ဖွင့်တော့မည်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    bel

    – အစ္စလာမ့်ပညာရေးကို တောင်းဆိုမှုမြင့်မားလာသော ဘယ်လ်ဂျီယံနိုင်ငံတွင် ပထမဆုံး အစ္စလာမ့် အလယ်တန်းကျောင်းတစ်ခုကို စက်တင်ဘာ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။

    “ဘယ်လ်ဂျီယံက မွတ်စလင်လူ့အဖွဲ့အစည်းမှာ အစ္စလာမ့်ပညာရေးအတွက် တောင်းဆိုမှုတွေ ကြီးမားပါတယ်။ ဒါပေမယ့် ကျောင်းသားအားလုံးကို ကျွန်တော်တို့ နေရာမပေးနိုင်တဲ့အတွက် ၀မ်းနည်းမိပါတယ်။ ဒီနှစ်တော့ ကျောင်းသား ၂၀၀ လောက်ပဲ လက်ခံနိုင်မှာပါ” ဟု ဘယ်လ်ဂျီယံ အစ္စလာမ့် ပညာရေးဆိုင်ရာ ၆ ဦးကော်မတီမှ အထွေထွေအတွင်းရေးမှူး မိုဟာမက် အလ်လက်ဖ်က KUNA သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါကျောင်း၌ လက်ရှိအချိန်တွင် ကျောင်းသား၊ ကျောင်းသူ ၁၄၄ ဦး တက်ရောက်ရန် စာရင်းပေးသွင်းထားသည်။

    ဘယ်လ်ဂျီယံ၏ တရားဝင်ပညာရေးစနစ်အရ မည်သူမဆို အစိုးရ၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားသည့် ကျောင်းများကို တည်ထောင်ပိုင်ခွင့်ရှိပြီး၊ ထိုကျောင်းများမှာလည်း အာဏာပိုင်များ၏ ကြီးကြပ်မှုအောက်တွင် ရှိနေသည်။ ထို့ပြင် ထိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက် အစိုးရကပင် လစာများ ပေးအပ်သည်။

    အလ်လက်ဖ်ကမူ မိမိတို့ကျောင်းတွင် အစ္စလာမ့်ရေးရာများကို သင်ကြား ပို့ချသွားမည်ဖြစ်ပြီး၊ ကျောင်းသားများမှာ အစ္စလာမ့် အခါကြီးရက်ကြီးများကို ဆင်နွှဲနိုင်မည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အလယ်တန်းကျောင်းတွင် သာမန်အတန်းချိန်များအပြီး၌ အာရဘီဘာသာစကားကို ၂ နာရီ သင်ကြားပေးမည်ဖြစ်ပြီး၊ စိတ်ဝင်စားသူများ တက်ရောက်နိုသည့် စနစ်မျိုးဖြစ်သည်။

    လက်ရှိတွင် ဘရပ်ဆဲလ်မြို့၌ အစ္စလာမ့်မူလတန်းကျောင်း ၃ ကျောင်းရှိပြီး မော်ရိုကိုနှင့် တူနီးရှားနွယ်ဖွား ကျောင်းသားများ များပြားသောကြောင့် သင်ရိုညွှန်းတမ်းများကို ပြင်သစ်ဘာသာစကားဖြင့် သင်ကြားပို့ချနေသည်။

    အလ်-ဂါဇာလီဟု အမည်ရသည့်ကျောင်းကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ The Pen (အလ်-ကလမ်) ကျောင်းကိုမူ ၂၀၁၁ ခုနှစ်က တည်ထောင်ခဲ့သည်။ တတိယကျောင်းဖြစ်သော Virtue (အလ်-ဖာဒီလာဟ်) ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ထိုမူလတန်းကျောင်း ၃ ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားပေါင်း ၈၀၀ ၀န်းကျင် ရှိနေသည်။

    “ဒီနှစ်ကစပြီး အလယ်တန်းအဆင့် အစ္စလာမ့်စာသင်ကျောင်းတွေဖွင့်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုခဲ့ပြီး စက်တင်ဘာ ၃ ရက်၊ ကြာသာပတေးနေ့မှာ စဖွင့်မှာဖြစ်ကာ ဒီကျောင်းကိုတော့ အလ်-ဖာဒီလာဟ် ၂ လို့ အမည်ပေးထားပါတယ်။ ဒါဟာ ဘယ်လ်ဂျီယံမှာ ပထမဆုံး အစ္စလာမ့်အလယ်တန်းကျောင်းဖြစ်ပါတယ်” ဟု အလ်လက်ဖ်က ပြောကြားခဲ့သည်။

    ဘယ်လ်ဂျီယံအစိုးရ၏ မူလတန်းနှင့် အလယ်တန်းကျောင်းများ၌ နိုင်ငံ၏ တရားဝင်ဘာသာများဖြစ်သော ခရစ်ယာန်၊ အစ္စလာမ်နှင့် ဂျူးဘာသာများအကြောင်းကို ၂ နာရီ သင်ကြားပို့ချပေးသည်။ ထိုစည်းကမ်းချက်အောက်တွင် အစ္စလာမ် ဘာသာရေးသင်ခန်းစာများကို ၁၉၇၅ ခုနှစ်မှစတင်ကာ ဒက်ခ်ျနှင့် ပြင်သစ်ဘာသာစကားများဖြင့် သင်ကြားပို့ချခဲ့သည်။ ထို ဘာသာရေး ဆရာ၊ ဆရာမများကို နိုင်ငံတော်ကပင် လခပေးအပ်သည်။

    ဘယ်လ်ဂျီယံမှာ အစ္စလာမ်သာသနာကို နိုင်ငံ၏ တရားဝင်ဘာသာတရားအဖြစ် ၁၉၇၄ ခု ဇူလိုင် ၁၉ ရက်နေ့က အသိအမှတ်ပြုခဲ့ပြီး ဥရောပတွင် ပထမဆုံး အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။

    နိုင်ငံ၏ ၁၁.၂ သန်းသော လူဦးရေအတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူများမှာ ၆၃၈၀၀၀ ခန့်ရှိသည်ဟု ၂၀၁၀ ခုနှစ် အောက်တိုဘာတွင် Pew Research Center မှ ထုတ်ပြန်သော စာရင်းအရ သိရသည်။ နိုင်ငံတစ်ဝှမ်းတွင်လည်း ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင်ပေါင်း ၃၀၀ ကျော်ရှိသည်။

    Ref: Onislam