News @ M-Media

လာမည့်နှစ်တွင် လက်ဝှေ့လောကမှ ပက်ကွီအို အနားယူကာ သမ္မတဖြစ်ရေး ကြိုးပမ်းမည်

စက်တင်ဘာ ၃၊ ၂၀၁၅
M-Media

paq

– ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုမှာ လာမည့် ၂၀၁၆ ခုနှစ်တွင် ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အနားယူ၍ သမ္မတဖြစ်ရေးကိုသာ အာရုံစိုက်တော့မည်ဟု ၎င်း၏ ပွဲစီစဉ်သူ အေရမ်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့်မေလက မေ၀ယ်သာနှင့်ပွဲမတိုင်ခင် ရရှိခဲ့သော ပုခုံးဒဏ်ရာကြောင့် အနားယူနေသည့် ပက်ကွီအိုမှာ လာမည့်နှစ်တွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုဝင်ရောက်မှုမှာ ၎င်း၏ နောက်ဆုံးအကြိမ်လည်း ဖြစ်မည်ဖြစ်သည်။

အေရမ်ကမူ ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီးနောက် ဖိလစ်ပိုင်သမ္မဖြစ်ရေး ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

“နောက်နှစ်မှာ သူ တစ်ပွဲ ထိုးသွားမှာပါ။ ဒါပေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်မှာ နောက်နှစ် ဆီးနိတ်လွှတ်တော်အမတ်တစ်ယောက် ဖြစ်ဖို့ပါပဲ။ အဲဒီနောက်မှာတော့ သမ္မတဖြစ်ဖို့ပေါ့။ နောက်နှစ် ဆီးနိတ်အမတ်ရွေးပွဲမှာ အရွေးခံရရင် ပက်ကွီအိုဟာ အနားယူမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ လက်ဝှေ့လောကကို ကျောခိုင်းတော့မှာပါ” ဟု အေရမ်က TMZ သို့ ပြောကြားခဲ့သည်။

ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်မှာ ပက်ကွီအိုနှင့် အရှေ့အလယ်ပိုင်းတွင် ထိုးသတ်ရန် ကမ်းလှမ်းထားပြီး အဘူဒါဘီမှာ ပြိုင်ပွဲကျင်းမည့် အလားအလာရှိသောနေရာ ဖြစ်နေသည်။ သို့သော်လည်း လက်စ်ဗီးဂက်စ်တွင်လည်း ၎င်းတို့နှစ်ဦး ထိုးသတ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားမှုများ ရှိနေသည်။

အမီးရ်ခန်းမှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆောင်ရွက်ခဲ့သော်လည်း မေ၀ယ်သာကမူ အန်ဒရေဘာတိုကိုသာ ရွေးချယ်ခဲ့ပြီး ယခုလ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်၌ ထိုးသတ်မည်ဖြစ်သည်။

Ref: Dailymail

Comments

Leave a Reply