News @ M-Media

Blog

  • ပန်းပန်နေဆဲ မြန်မာ စစ်အစိုးရဟောင်း လက်ထွက် ခရိုနီများ

    ပန်းပန်နေဆဲ မြန်မာ စစ်အစိုးရဟောင်း လက်ထွက် ခရိုနီများ

    သြဂုတ် ၁၉ ၊ ၂၀၁၅
    M-Media

    BN-JV201_BURMAC_J_20150812144759
    ၂၀၀၇ ခုနှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်ပွဲအခမ်းအနား၌ ဘိန်းဘုရင်ဟု ကျော်ကြားသူ လော်စင်းဟန်(၀ဲဖက်)နှင့် ၎င်း၏သား စတီဗင်လော်(ယာဖက်) တို့အား တွေ့ရစဉ်။ စတီဗင် ဟူသည် သူ၏အမည်ပွား ၂၄ မျိုးအနက် သီးသန့်သုံးအမည်နာမတစ်ခု ဖြစ်သည်။ (ဓာတ်ပုံ – ခင်မောင်ဝင်း၊ အေပီ)

    နှစ်ပေါင်းများစွာ အမေရိကန်-မြန်မာ ဆက်ဆံရေးနွေးထွေးနေလင့်ကစား အေးရှားဝေါလ် ကုမ္ပဏီလီမိတက် အမည်ရှိ စီးပွားရေး လုပ်ငန်းစုကြီးတစ်ခုကို ကိုင်တွယ်နေသော မြန်မာစစ်အစိုးရဟောင်း လက်ထွက် ထိပ်တန်းခရိုနီ တစ်ဦးကို အမေရိကန်မှ ပိတ်ဆို့ အရေးယူရန် ဦးတည်ထားဆဲဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း သတင်းပေါက်ကြားမှု တစ်ရပ်၌ ဆိုသည်။ ထိုသူ၏ဖခင်မှာ အမေရိကန် အာဏာပိုင်များအကြား ဘိန်းဘုရင် အဖြစ် လူသိများကြသည်။

    မြန်မာ့ပြုပြင်ပြောင်းလဲရေး အစိုးရမှ အေးရှားဝေါလ်အား သည်းသည်းလှုပ် အသည်းစွဲကန်ထရိုက်တာ တစ်ခုအဖြစ် ချီးမြှောက်နေခြင်းသည် အတိုင်းအတာ တစ်ရပ်အထိ ထူးခြားနေပေသည်။ ၎င်းမှာ အမေရိကန်ဒေါ်လာ သန်းသုံးရာ နီးပါးတန်ကြေးရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့် မြှင့်တင်ရေး ကန်ထရိုက်ဖြစ်သည်။

    အစိုးရခန့် အကြံပေးတစ်ဦးက Toyota Tsusho ဦးဆောင်သော ဂျပန်နိုင်ငံမှ အကျိုးတူ လုပ်ငန်းစုကြီးကို လုပ်ငန်းအပ်ရန် အကောင်းဆုံး အဖြစ် ရွေးချယ် တင်ပြသော်လည်း မြန်မာ အစိုးရအဖွဲ့သည် မစ္စတာ စတီဗင်လော် ( အေးရှားဝေါလ်)  ကိုသာ ကန်ထရိုက်ပေး ခဲ့ကြသည်။ မြန်မာနှင့် ဆက်ဆံရေးပြန်လည် ထူထောင်စေရေး မူဝါဒ ဖော်ဆောင်ခဲ့သူ၊ အမေရိကန်  နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီးဟောင်း Kurt Campbell နှင့် ဘိုးအင်း ကုမ္ပဏီ တို့သည်လည်း ပယ်ချခံ အုပ်စုထဲ ပါဝင်သွားသည်။

    ပြည်ပလေလံဆွဲသူများနှင့် မတူခြားနားစွာ လက်ရှိလေဆိပ်ကို စီမံကိုင်တွယ်နေသည့် အေးရှားဝေါလ်သည် လုပ်ငန်းစီမံကိန်း အပေါ် ငွေကြေးပုံအောသုံးစွဲရန် အားသန်သည့်အတွက် ၎င်းကို မျက်စေ့ကျရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအာဏာပိုင်များက ဆိုသည်။

    စစ်တပ်မှသော်လည်းကောင်း၊ လက်ရှိအစိုးရထံမှသော် လည်းကောင်း အေးရှားဝေါလ်သည် မည်သည့် အခွင့်ထူးမျှ မရရှိခဲ့ကြောင်း၊ ဥပဒေဘောင်အတွင်းမှသာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မစ္စတာလော အတွက် ပြောဆိုရန် အချိန်မတန်သေးကြောင်းဟု သူ၏ကိုယ်စားလှယ် တစ်ဦးက အီးမေးလ်ပြန်ကြားချက်တွင် ပြောကြားသည်။ အေးရှားဝေါလ် အုပ်စုဝင်များသည် ယနေ့ခေတ်စီးပွားရေး တံခါးတိုးတက်ဖွင့်လှစ်မှုကို ကြိုဆို လက်ခံသည့်အပြင် မိမိတို့သည် ယင်းပတ်ဝန်းကျင်နှင့် အံဝင်အောင် အပြည့်အ၀ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟုလည်း ၎င်းက ပြောကြားလိုက်သည်။

    ၂၀၁၂ ခုနှစ်မှစ၍  မြန်မာအပေါ် အမေရိကန်၏ ပိတ်ပင်မှု လျှော့ချလာသည့်နှစ်များအတွင်း အမေရိကန်မှ အမည်ပျက်စာရင်း သွင်းထားသော စီးပွားရေး လုပ်ငန်းများသည် ခေါင်းထောင် ပန်းပန်လျက်ရှိနေသေးကြောင်း၊ စီးပွားရေးထိန်းချုပ်မှု တိုးမြင့်လာသည့် သာဓကအချို့တွေ့ရကြောင်း Wall Street ဂျာနယ်မှ သုံးသပ်ထားသည်။

    ၂၀၁၁ ခုနှစ် ဟန်ပြအမည်ခံ အရပ်သားအစိုးရက အာဏာ လွှဲပြောင်းရယူပြီးနောက် ၀ါရှင်တန်မှ အမေရိကန်တို့အား မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံခွင့်ပေးစဉ် အမေရိကန် ဘဏ္ဍာရေးဋ္ဌာနသည် အထူး ကန့်သတ်မြန်မာနိုင်ငံသား အချို့ကိုမူ ပိတ်ပင်မှု ဆက်လက်ထားရှိခဲ့သည်။

    မစ္စတာလောနှင့် သူ၏လက်အောက်ခံ ကွန်ရက်ကြီးများကဲ့သို့ လူမိုက်အားပေး လုပ်ငန်းရှင်များနှင့် စီးပွားရေး မလုပ်ဆောင်ရန် ထိုပိတ်ပင်ချက်များ ရှိနေ၏။ ၎င်းတို့သည် တရားမ၀င်လုပ်ငန်းများ၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် အာဏာရှင်ဟောင်း အုပ်စုနှင့် ပင်းစားမှုများတို့ဖြင့် အမြတ်ထုတ် ခံစားခဲ့ကြသည်ဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။

    မြန်မာနိုင်ငံသည် ပြန်လည်ပြုပြင်ရေး လမ်းစဉ်နောက် မလိုက်နာပါက မူလအတိုင်း ပြန်လည်ပိတ်ဆို့မှုဖြင့် တွန်းအားပေးနိုင်လိမ့်မည်ဟု အမေရိကန်ခေါင်းဆောင် များစွာက ထင်မြင်ယူဆကြသည်။ သို့အားဖြင့် မြန်မာနိုင်ငံအား ပိုမိုပွင့်လင်းမြင်သာသော စီးပွားရေး ကျင့်သုံးမှုကို အားပေးရာရောက်သည်၊ အနောက်တိုင်း စီးပွားရေးအုပ်စုများအတွက် မျှတူလုပ်ကိုင်ခွင့် လမ်းဖော်စေမည် ဖြစ်သည်။

    သို့စေကာမူ မြန်မာအစိုးရသည် အမေရိကန် လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်း၊ မြေယာရောင်းဝယ်ရင်းနှီးမြှုပ်နှံမှု ကဲ့သို့ လုပ်ငန်းခွင် များစွာအပေါ် ခက်ခဲအောင် ထိပ်တုံးခတ်ထားသည်သာမက အရေးယူ ပိတ်ဆို့ခံထားရသည့် လုပ်ငန်းရှင်းများကို တစ်ကျော့ပြန် ရှင်သန်လာအောင် လမ်းဖွင့်ပေးနေလေသည်။

    တစ်ချိန်တည်း၌ ပိတ်ဆို့ခံ အသီးသီး၏ သြဇာခံစီးပွားရေးလုပ်ငန်းများသည်လည်းကောင်း၊ စစ်တပ်သည် လည်းကောင်း နိုင်ငံတွင်း ၀င်လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၁၁ ခုနှစ်တွင် ၅.၉ ရာခိုင်နှုန်းမှ ယမန်နှစ်တွင် ၈.၃ ရာခိုင်နှုန်းအထိ စီးပွားရေးဖွံ့ဖြိုးမှု ရှိလာသဖြင့် အမှတ်ရအောက်ခြေလွတ်လာကြ၏။

    စစ်တပ်လက်ဝေခံ လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော ဦးပိုင် – Union of Myanmar Economic Holdings Limited (UMEHL) နှင့် မြန်မာ စီးပွားရေးကော်ပိုရေးရှင်း MEC တို့မှာ မြန်မာနိုင်ငံ၏ လယ်ယာမြေများ၊ စက်ရုံ၊ သွင်းကုန် လိုင်စင် အစရှိသည့်နေရာ အများစုအပေါ် ထိန်းချုပ်ထားဆဲပင်။ အချို့ ကဏ္ဍများတွင် လက်တံပင် ရှည်လာသေး၏။

    ဦးပိုင်မှ အကြွင်းမဲ့ ချုပ်ကိုင်ထားသော နိုင်ငံ့ အကြီးဆုံး မြန်မာဘီယာ စက်ရုံသည် ယမန်နှစ်က ရှယ်ယာဝေစု ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Singapore’s Fraser & Neave Ltd အား အကျိုးအမြတ် အနိမ့်ဆုံး ဒေါ်လာ သန်း ၅၆၀ ပေးနိုင်ခဲ့သည်။ စစ်တပ်နှင့် ၎င်း၏ ပင်းစားတွဲဖက်များက နိုင်ငံ့ကျောက်စိမ်းတွင်း အားလုံးကို ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထားကြ၏။ ယမန်နှစ်က ၃၀ ရာခိုင်နှုန်းထက်မနည်း အပုံအပင်ရောင်းချရာ ဒေါ်လာ ၃.၄ ဘီလီယံ အထိ ရရှိကြောင်း မှတ်တမ်းများက ဖော်ပြနေသည်။ ၎င်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ဦးပိုင်လီမိတက်မှ ငြင်းဆန်ခဲ့သည်။

    နောက်ထပ် သီးခြား လုပ်ငန်းရှင် ခရိုနီ ဦးဇော်ဇော် ထိန်းချုပ်ထားသော Max Myanmar လုပ်ငန်းစုသည်လည်း ဤကဲ့သို့ပင် ခေါင်းထောင် ဦးမော့လျက်ရှိနေသည်။ ၎င်းမှ ရုတ်ခြည်းပင် ၎င်းပိုင် ဘဏ်တစ်ခု ဆန့်ထွက်လာသည်။ အမေရိကန် ပိတ်ပင်မှုခေါင်းစဉ်အောက်တွင် မရှိသော ပြင်သစ်မှ Accor Group နှင့် ကပ်မှီ၍ ဟိုတယ်များ တည်ဆောက်လာသည်။ မိမိသည် မည်သည့် မမှန်ကန်သော အလုပ်များ မလုပ်ထားကြောင်း၊ ပိတ်ပင် ကန့်သတ်မှုရှိနေသော်လည်း မိမိ၏လုပ်ငန်း တိုးတက်ရန်ကို ကြံဆောင်နေကြောင်း ပြီးခဲ့သည့် အင်တာဗျူးတွင် သူက ပြောကြားသည်။

    အမည်ပျက် စာရင်းဝင်သူနောက်တစ်ဦးဖြစ်သော ဦးခင်ရွှေမှာ စက်မှုဇုံ တစ်ခုကိုပင်လျှင် တိုးချဲ့နေသည်။ မိမိအား ဦးတည်ပိတ်ဆို့ချက်က တရားမျှတမှုမရှိကြောင်း၊ အမည်ပျက် စာရင်းကင်းလွတ်ရန် (အမေရိကန်)ဘဏ္ဍာရေးဋ္ဌာန လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နေကြောင်းလည်း သူက ဆိုလေ့ရှိသည်။ သစ်၊ လက်နက် အရောင်းအ၀ယ်ဖြင့် ကြွယ်ဝကာ အမည်ပျက်စာရင်းထဲ ပါသွားသော ဦးတေဇသည် နိုင်ငံခြား ခရီးသွားများပြားလာမှု အပေါ် သူပိုင် ဟိုတယ်များအားဖြင့် (၂၀၁၀ ခုနှစ်တွင် ၇၉၂,၀၀၀ မှသည်) ၂၀၁၄ ခုနှစ်တွင် ၀င်ငွေဒေါ်လာ သုံးသန်းအထက် ပိုင်ဆိုင်မှုရရှိသွား၏။ ပိတ်ဆို့ကန့်သတ်ထားမှုသည် မိမိနှင့် ထောင်ပေါင်းများစွာသော မိမိကုမ္ပဏီ ၀န်ထမ်းများကို ထိခိုက်နစ်နာစေသည်ဟု သူက သတင်းဋ္ဌာနများကို ပြောထားသည်။

    “အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ အတွက် ဒီအစိုးရ လက်ထက်မှာ ခရိုနီတွေ အကောင်းဆုံး လုပ်စားနိုင်ခဲ့ကြတာဖြစ်တယ်” ဟု ကာလရှည် အနောက်တိုင်း ဒီမိုကရေစီရပ်တည်သူတစ်ဦးမှ ဆိုသည်။

    ၎င်းတို့၏ ဆက်လက်အောင်မြင်နေမှုမှာ စိတ်ပျက်စရာဖြစ်ကြောင်း၊ စီးပွားရေးကို ပိုပြီး လက်ရည်တစ်ပြင်တည်းဖြစ်အောင် ဖန်တီးဖို့ အစိုးရက အခွင့်အလမ်းများကို ဖြုန်းတီးပစ်ကြောင်း Macquarie တက္ကသိုလ် တွဲဖက်ပါမောက္ခ ရှောင်တာနယ် Sean Turnell မှ ဝေဖန်လိုက်သည်။

    အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုဝန်ကြီး Tom Malinowski ၏အဆိုအရ အမေရိကန်နိုင်ငံ၏ အမည်ပျက်စာရင်းဝင်သူတိုင်းမှာ အဓိက ဇာတ်ကောင်များဖြစ်နိုင်ကောင်းသည်ဟု အသိအမှတ်ပြုထားသော်လည်း တာဝန်ခံနိုင်သော စီးပွားရေး လုပ်ငန်းများဖြစ်လာစေရေးမျှော်လင့်ချက်ဖြင့် သူတို့အပေါ် ၀ါရှင်တန်မှ ဆက်လက်ဖိအားပေးသွားမည်၊ ထိုသူတို့အနက်အချို့ကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန်လည်း ဆန္ဒရှိနေသည်ဟူ၍ သိရသည်။ သို့သော် ထိုသူတို့အများစုသည် အတိတ်ဟောင်း အကျင့်ဆိုးများထံမှ ဖယ်ခွာသွားပြီးကြောင်း ပြသရန် မလွယ်ကူလှပါဟု သူက ယုံကြည်ထား၏။

    အမေရိကန်၏ပိတ်ဆို့ အရေးယူမှုအကြောင်း တစ်ခုမျှဖြင့် စီးပွားရေးလုပ်ငန်းရှင်တို့အား လက်တွဲဖြုတ်ခြင်းကို မြန်မာနိုင်ငံမှ မလုပ်နိုင်ကြောင်း၊ အနောက်တိုင်းသားတို့မှ ဖယ်ကြဉ်ထားကြစဉ် နိုင်ငံ၏အခြေခံအဆောက်အဦတည်ထောင်ရာ၌ ထိုလူစားအများအပြားက အဓိက အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

    “သူတို့ကို ခွာထုတ်ဖို့သော်လည်းကောင်း၊ ဓနစည်းစိမ် ရုပ်သိမ်းခြင်းသော်လည်းကောင်း ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်နေလို့ပါပဲ”။

    +++++++++++++++++++++++
    The Wall Street Journal တွင် Shibani Mahtani နှင့် Richard C. Paddock ရေးသားသော ‘Cronies’ of Former Myanmar Regime Thrive Despite U.S. Blacklist ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • အာရပ်-အမေရိကန်များအား ပြည်ဝင်ခွင့်မပေးသည့် အစ္စရေးကို အမေရိကန် သတိပေး

    အာရပ်-အမေရိကန်များအား ပြည်ဝင်ခွင့်မပေးသည့် အစ္စရေးကို အမေရိကန် သတိပေး

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    is

    – ပါလက်စတိုင်း-အမေရိကန်တစ်ဦးကို အစ္စရေးက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်နိုင်ငံသားများအပေါ် အစ္စရေး၏ ဆက်ဆံပုံနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် စိုးရိမ်မိသည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဇာတိ ဒါမှမဟုတ် လူမျိုးတွေကို ဂရုမထားဘဲ အမေရိကန်နိုင်ငံသားအားလုံးအပေါ် တူညီတဲ့ ဆက်ဆံမှုနဲ့ လွတ်လပ်ခွင့်ကို အမေရိကန်အစိုးရက လိုချင်ပါတယ်။ အထူးသဖြင့် ပါလက်စတိုင်း-အမေရိကန်နဲ့ အခြား အာရပ်အမေရိကန်တွေ အစ္စရေး နယ်စပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ မမျှမတ ဆက်ဆံခံရတာကို အမေရိကန်က စိုးရိမ်ပါတယ်” ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်များက ထုတ်ပေးထားသော ID ကို ရယူပိုင်ခွင့်ရှိသည့် အမေရိကန်နိုင်ငံသားများ တလ်အဗီးမြို့အပြင်ဘက်ရှိ ဘင်ဂူရီယန်လေဆိပ်သို့ ရောက်ရှိပြီးနောက်တွင် အစ္စရေးက ပြည်ဝင်ခွင့်မပေးခဲ့ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

    ကီရ်ဘီမှာ အဖြစ်အပျက်တစ်ခုခုကို ကိုကားခဲ့ခြင်းမရှိဘဲ အစ္စရေးအာဏာပိုင်အားလုံးကို ရည်ရွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    အစ္စရေးကမူ လူတစ်ယောက်မှာ အမေရိကန်နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်း၏ မိဘ၊ သို့မဟုတ် အဖိုးအဖွားများမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း နေထိုင်သူ၊ သို့မဟုတ် မွေးဖွားသူဖြစ်ပါက ထိုပုဂ္ဂိုလ်မှာ ပါလက်စတိုင်း ID ကို ပြရမည်ဖြစ်ပြီး၊ ထိုသို့ပြလျှင်လည်း လေဆိပ်မှ ၀င်ခွင့်မရဘဲ ဂျော်ဒန်နယ်စပ်ရှိ အဲလန်ဘီတံတားမှသာ ၀င်ခွင့်ပေးမည်ဟု သတ်မှတ်ထားသည်။

    အမေရိကန်အစိုးရ ၀ဘ်ဆိုက်တွင်မှု အစ္စရေးမှာ ပါလက်စတိုင်းနိုင်သား သို့မဟုတ် နိုင်ငံနှစ်ခု၏ နိုင်ငံသားအဖြစ် ခံယူထားသူအများစုမှာ ဘင်ဂူရီယန်လေဆိပ်သို့ ရောက်ရှိသည့်အခါ ၀င်ခွင့်မပေးဘဲ၊ ၀င်ခွင့်ရသူများကိုလည်း ဘင်ဂူရီယန်လေဆိပ်မှ ပြန်လည်ထွက်ခွာခွင့်မပြုဟု ဖော်ပြထားပြီး ထိုကိစ္စအတွက်လည်း အစ္စရေးကို သတိပေးထားသည်။

    ကီရ်ဘီကမူ ထိုကိစ္စမှာ အမေရိကန်နှင့် အစ္စရေးတို့အကြား လက်ရှိဆွေးနွေးရမည့် ကိစ္စတစ်ခုဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • တိုင်းပြည်ရဲ့ အဓိက အဆုံးအဖြတ်ကတော့ တပ်မတော်ပဲ- ဦးကိုနီ (အမေးရှင်းရှင်း အဖြေဘွင်းဘွင်း) အစ-အဆုံး

    တိုင်းပြည်ရဲ့ အဓိက အဆုံးအဖြတ်ကတော့ တပ်မတော်ပဲ- ဦးကိုနီ (အမေးရှင်းရှင်း အဖြေဘွင်းဘွင်း) အစ-အဆုံး

    ပြည်သူခေတ် ဂျာနယ်မှ ကူးယူဖော်ပြသည်။

    ဦးကိုနီ Vs စည်သူအောင်မြင့် (အမေးရှင်းရှင်း အဖြေဘွင်းဘွင်း)

    U Ko Ni

    လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတွင်းက နိုင်ငံသားအားလုံးအတွက် အရေးပါတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားအားလုံးအတွက် အရေးပါတဲ့ရွေးကောက်ပွဲဖြစ်သလို နိုင်ငံသားအစ္စလာမ်ဘာသာကိုးကွယ်သူ လူနည်းစုအတွက်လည်း အရေးပါတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲကနေလူနည်းစုအစ္စလာမ်ဘာသာဝင်တွေအတွက် မျှော်လင့်ချက်ဘယ်လောက်ရှိနေမလဲဆိုတာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ ကိုယ်တိုင်လည်း အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ရှေ့နေကြီး ဦးကိုနီကို မေးမြန်းတင်ပြထားပါတယ်။

    ပြည်သူ့ခေတ် – ဆရာရေ၊ ခုဆိုရင် ရွေးကောက်ပွဲကနီးနီးလေးပဲ ကျန်တော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါဟာအနှစ် ၅၀ လောက်မှတစ်ခါရတဲ့ အခွင့်အရေးဆိုပြီးတော့တောင် တင်စားပြောတယ်။ တကယ့်အခွင့်အလမ်းကြီးပဲပေါ့နော်။ NLD ရွေးကောက်ပွဲဝင်တာဟာ မဲအနိုင်ရပြီး အစိုးရဖွဲ့ဖို့ဆိုတဲ့ အထိမှန်းတယ်ဆိုပြီးပြောတယ်။ လက်ရှိကျွန်တော်တို့နိုင်ငံမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာ ရွေးကောက်ပွဲဝင်၊ အင်အား လည်းရှိပြီး ရွေးကောက်ပွဲအပြီးမှာ သမ္မတ တစ်ယောက်တင်မြှောက်နိုင်၊ အစိုးရဖွဲ့နိုင်တာဆိုလို့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပေါင်းထားတာက တစ်ဖွဲ့၊ NLD ကတစ်ဖွဲ့ ဒီနှစ်ဖွဲ့ပဲရှိတယ်။ ကျန်အင်အားစုတွေကတော့ သမ္မတရွေးတဲ့ အခါ အဲဒီနှစ်ဖွဲ့နဲ့ပဲ ပေါင်းရမှာပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲအပြီးမှာ ဘာအခင်းအကျင်းတွေ ဖြစ်လာနိုင်သလဲ၊ နောက်ပြီး တိုင်းပြည်ထဲက အရေအတွက် မနည်းလှတဲ့ မွတ်စလင်လူနည်းစုတွေ အတွက်ကရော ပိုပြီးကောင်းမွန်တဲ့ အခြေအနေဖြစ်လာမှာလားဆိုတာ ဆရာ့အမြင် ရှင်းပြပေးပါဦး။

    ဦးကိုနီ – လာမယ့်ရွေးကောက်ပွဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများဆုံးရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့က အကြောင်းနှစ်ကြောင်းရှိပါတယ်။ ပထမအကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတစ်ရပ်လုံးက အင်မတန်ချစ်ခင်လေးစားတယ်။ အားကိုးတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာကလည်း လေးစားခံရတဲ့၊ အရည်အချင်းလည်း တကယ်ရှိတဲ့ အမျိုးသမီးကောင်းဖြစ်တယ်။ စိတ်ဓာတ်အရလည်း ပြတ်ပြတ်သားသားနဲ့ သတ္တိရှိရှိ ရပ်တည်ရဲတဲ့ အနေအထားရှိတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ အဲဒီအကြောင်းကြောင့် ထောက်ခံမှုရတယ်။ နောက်တစ်ခု ရှိပါသေးတယ်။ တစ်ဖက်ကို အရမ်းမုန်းတဲ့အတွက် တချို့လူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မချစ်ရင်တောင်မဲပေးမယ်။

    တိုင်းပြည်အတွက် ငါတို့ ဟိုဘက်ကိုတော့ မဲပေးလို့မရဘူးဆိုတဲ့ အနေအထား မျိုးရှိတယ်။ ဒါကြောင့်မို့ ကျွန်တော့်ရဲ့ ပထမမျှော်မှန်းချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လက်ရှိဖွဲ့စည်းပုံရဲ့ ကန့်သတ်ချုပ်ချယ်မှုကြောင့် လွှတ်တော်မှာ ၅၁ ရာခိုင်နှုန်းရဖို့ခက်ခဲသော်လည်းပဲ အများစုတော့ ရမယ်။ ဆိုလိုတာက ယှဉ်ပြိုင်တဲ့ ပါတီတွေထဲမှာ နေရာ အများဆုံးရမယ့် ပါတီလို့ ကျွန်တော် ဆိုလိုတာ။ လွှတ်တော်ကို စိုးမိုးနိုင်မယ်လို့တော့ မျှော်မှန်းလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက
    ရွေးကောက်ပွဲပြီး ပေါ်ပေါက်လာမယ့် အခင်းအကျင်းနဲ့ ဆိုင်ပါတယ်။

    ကိုအောင်မြင့်က အဓိက အုပ်စုနှစ်စုရှိတယ်။ ဘယ်ပေါ်မှာ အခြေတည်ပြောတာလည်းဆိုတော့  လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အာဏာရပါတီနဲ့ တစ်နိုင်ငံလုံးမှာ အဓိက အတိုက်အခံလုပ်နေတဲ့ NLD ပါတီ ဒီနှစ်ခုပေါ့။ တကယ်တမ်းကျတော့ ကျွန်တော့် အမြင်မှာက အဲဒီလိုမဟုတ်ဘူး။ အုပ်စုသုံးစုရှိတယ်။ မြန်မာပြည်မှာ လက်တွေ့ အနေအထားမှာအုပ်စု သုံးစုရှိတယ်။ နောက်တတိယ အုပ်စုရှိသေးတယ်။ အဲဒါဘာလဲ ဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နည်းတူ အစိုးရကို အတိုက်အခံလုပ်နေတဲ့ တိုင်းရင်းသားများအုပ်စု။ ကိုအောင်မြင့်က ပါတီကြီး အနေနဲ့နှစ်ခုရှိတယ်ဆိုရင် မှန်ပါတယ်။

    သို့သော် အုပ်စုအနေနဲ့ ပြောရင် NLD ကို ကိုယ်စားပြုတဲ့အုပ်စု၊ပြည်ခိုင်ဖြိုးကို ကိုယ်စားပြုတဲ့ အုပ်စု၊တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ အုပ်စုဆိုပြီး ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်မှာ သုံးစုရှိတယ်။ တိုင်းရင်းသားအုပ်စုဟာ ယေဘုယျအားဖြင့် သူတို့ ဗမာကိုမကြိုက်ဘူး။ နှစ်ပေါင်း များစွာ သူတို့ အခွင့်အရေး ကို ဗမာတွေက ပိတ်ဆို့ထားတယ်လို့ ယူဆထားတယ်။ လူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုတဲ့ ခံစားချက်လည်း ရှိနေတယ်။ ဒါကြောင့် သူတို့ဟာနဲ့သူတို့ သီးခြားရပ်တည်နေတယ်။ လက်ရှိတိုင်းရင်းသားပါတီ လေးဆယ်ကျော်တယ်။ ကျွန်တော်အကဲခတ်မိသလောက်လည်း တိုင်းရင်းသား မဲဆန္ဒရှင်တွေရဲ့အနေအ ထားဟာ သူတို့ပါတီတွေကိုပဲ သူတို့ပေးမယ်။ ရခိုင်ကလည်း ရခိုင်။ ရှမ်းကလည်း ရှမ်း။ နောက်ဆုံး ကျားဖြူနဲ့ ကျားခေါင်းပဲ။ ပြည်ခိုင်ဖြိုးနဲ့ NDL ကို ပေးဖို့ကျတော့ အတော်နည်းတယ်။ ဗမာများတဲ့နေရာတွေကျရင်တော့ တစ်မျိုးပေါ့ဗျာ။ သို့သော် ယေဘုယျပြောရရင် သူတို့တိုင်းရင်းသားတွေကို ကိုယ်စား ပြုတဲ့ပါတီတွေကို မဲပေးလိမ့်မယ်။ အဲဒီတော့ ဒီလူတွေက အုပ်စုတစ်စုအနေနဲ့ တက်လာမယ်။

    လက်ရှိမြန်မာနိုင်ငံရဲ့ လူဦးရေအချိုးကို အုပ်စုနှစ်စုဖွဲ့မယ်။ ဗမာနဲ့တိုင်းရင်းသားကိုဖွဲ့ရင် ဟိုဘက်ဒီဘက် မတိမ်းမယိမ်းရှိတယ်။ တိုင်းရင်းသားအင်အားစုက မနည်းဘူး။ ပြည်သူ့လွှတ်တော်ကို ပြောကြပါစို့ဗျာ။ ပြည်သူ့လွှတ်တော်မှာ တပ်မတော်က ၁၁၀ ယူထားတယ်။ ကျန်တာ ၃၃၀ ရှိတယ်။ အဲဒီ ၃၃၀ ကိုအဓိကယူမှာက တိုင်းရင်းသားအုပ်စုနဲ့ ဗမာအုပ်စုကခွဲယူမှာ။ ဖွဲ့စည်းပုံအရသတ်မှတ်တာက တိုင်းရင်းသား (ပြည်နယ်) က ၁၂၃ နေရာရှိတယ်လို့သတ်မှတ်တယ်။ ဗမာ (တိုင်း) က ၂၀၇ နေရာရှိတယ်လို့ပြောတယ်။ ဒီအချိုးအတိုင်းပဲ သွားရင်တောင် သုံးပုံပုံ တစ်ပုံကျော်ကျော်က တိုင်းရင်းသားဘက်မှာရှိတယ်။ ဒါက ပြည်သူ့လွှတ်တော်ကို ပြောတာ။

    အမျိုးသားလွှတ်တော်ကျတော့ တစ်မျိုးဖြစ်သွားပြန်ရော။ တိုင်းရင်းသားလည်း ၈၄ ယောက်။ ပြည်မကလည်း ၈၄ ယောက် အတူတူဖြစ်သွားတဲ့ အခါကျတော့ အမျိုးသားလွှတ်တော်မှာဆို တိုင်းရင်းသားက ပိုပြီးအားကောင်းလာမယ့် အနေအထားရှိတယ်။ ဆိုတော့တိုင်းရင်းသားတွေကိုလည်း ကျွန်တော်တို့က လျှော့တွက်လို့မရဘူး။

    ၂၀၁၆ အသစ်တက်လာမဲ့ အစိုးရနဲ့အသစ် တက်လာမယ့်နိုင်ငံရေးမြင်ကွင်းအနေအထား ကတော့ ဘယ်သူမှ တစ်ပါတီတည်းနဲ့ လွှတ်တော်ကို အုပ်စီးထားနိုင်မယ်လို့ ကျွန်တော် မမြင်ဘူး။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သားကိုယ်စားလှယ်ပေါင်းထားတဲ့ အုပ်စုတစ်စုရှိမယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းနဲ့ပြည်ခိုင်ဖြိုးက ၁၀ ရာခိုင်နှုန်းတက်ရင် သူတို့က ၃၅ ရာခိုင်နှုန်းဖြစ်မယ်ပေါ့။ ၁၅ရာခိုင်နှုန်းတက်ရင် ၄၀ ရာခိုင်နှုန်း ဖြစ်မှာပေါ့ဗျာ။ ဒီဘက်က NLD ကလည်း ၄၀ ရာခိုင်နှုန်းအောက်ကတော့ မလျော့နိုင်ဘူး။ တိုင်းရင်း
    သားတွေကို ၂၀ ရာခိုင်နှုန်းလောက်မျှ ထားမယ်ဆိုလျှင် ၄၀ – ၄၀ -၂၀။ ဒီိပတ်ဝန်းကျင်မှာ ရှိနေတဲ့အခါကျတော့ တိုင်းရင်းသားတွေဟာ တကယ့်အခရာကျတဲ့ အနေအထားကို ရောက်နိုင်တယ်။

    တိုင်းရင်းသားတွေနဲ့ မဟာမိတ်လုပ်နိုင်တဲ့သူက လွှတ်တော်ကိုစိုးမိုးနိုင်မယ်။ နောင်လာမယ့် အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့်ရမယ်။ ဒါကြောင့်မို့ ဒီအနေအထားဟာ သိပ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အနေအထားဖြစ်တယ်။ တစ်လက်စတည်း သုံးသပ်ရရင် ပြည်ခိုင်ဖြိုးနဲ့NLD ဘယ်ဘက်ပေါင်းနိုင်ခြေများလဲ။ အများအမြင်တော့ ရှင်းတယ်။ NLD နဲ့ပဲပေါင်းမှာပေါ့။ တိုင်းရင်းသားတွေက ဖက်ဒရယ်မူကိုလိုချင်တယ်။ NLD ကလည်း ဖက်ဒရယ်မူကို လက်ခံတယ်လို့ပြောထားတယ်။ ဒီဘက် တပ်မတော်က ပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီးချုပ်ကို သူ့ဘာသာသူ ရွေးချယ် တင်မြှောက်ခွင့်ဆိုတာကိုတောင် လက်မခံသေးဘူး။ ဒီအကြောင်းကြောင့် NLD ပဲထောက်ခံမှာပေါ့လို့ ပြောနိုင်တယ်။ အဲဒါလည်းပဲ ဖြစ်နိုင်တယ်။

    ဒါပေမယ့် တစ်ချိန်တည်းမှာ ကြည့်ရမှာက လက်ရှိ အာဏာရပါတီဟာ ငွေကြေးအရ အလွန်ချမ်းသာတယ်။ နိုင်ငံရေုးအာဏာကို အုပ်စီးထားနိုင်တယ်။ နိုင်ငံရေးအရလည်း လုပ်ပိုင်ခွင့်တွေအများကြီး ရှိတယ်။ ဒီထက်ပိုပြီး ကြီးမားတဲ့အချက်က တပ်မတော်ကသူတို့နောက်မှာ အပြည့်အ၀ထောက်ခံပေးထားတယ်။ ဒီလိုအနေအထားရှိတဲ့ ပါတီကြီးတစ်ခုဟာ တိုင်းရင်းသား ပါတီလေးတွေကို ဖဲ့ဖဲ့ပြီး စည်းရုံးပြီးတော့သူတို့လိုနေတဲ့အားကို ဖြည့်ကောင်းဖြည့်နိုင်တယ်။ အဲဒီအချက်ကို ကျွန်တော်တို့က မေ့ထားလို့မရဘူး။

    တကယ်လို့များ သူတို့အဲဒီလိုဖဲ့ပြီး စည်းရုံးသွားလို့ သူတို့ ၅၁ ရာခိုင်နှုန်းရတယ်ဆိုရင် ကျွန်တော်တို့နောက်ထပ် ငါးနှစ်ဟာ လက်ရှိ အနေအထားအတိုင်းပဲ ဆက်ပြီးသွားရလိမ့်မယ်။ အပြောင်းအလဲကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး။ အဲဒီလိုမဟုတ်ပဲ NLD ကအမြော်အမြင်ကြီးကြီးနဲ့ တိုင်းရင်းသားတွေကို ဆွဲဆောင်နိုင်ပြီး ထောက်ခံမှုယူပြီးတော့ လွှတ်တော်မှာ ၅၁ ရာခိုင်နှုန်းကျော်အောင် လုပ်နိုင်ရင်ဒီလိုမျိုး ညွန့်ပေါင်း ဖွဲ့နိုင်ရင် လွှတ်တော်ဟာ တိုင်းပြည်ရဲ့ရှေ့ရေးကို ကြည့်နိုင်တဲ့ ဥပဒေတွေပြဌာန်းဖို့အခွင့်အရေး
    တွေရလာမယ်။ နောက်တစ်ခါ  ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပိုပြီးတော့အလုပ်လုပ်နိုင်မယ့် အစိုးရတွေဖွဲ့နိုင်မယ့် အခွင့်အလမ်းတွေ ရနိုင်မယ်။ ဒါတွေအားလုံးက မျှော်လင့်ချက်နဲ့ပြောတဲ့
    စကားတွေပါ။

    ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်ရဲ့ အဓိက အဆုံးအဖြတ်ကတော့ တပ်မတော်ပဲ။ ဘာကြောင့်လဲဆိုတော့ NLDနဲ့ တိုင်းရင်းသားတွေပေါင်းပြီး လွှတ်တော်မှာအစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့နိုင်ပြီဆိုရင်တောင် တပ်မတော်ဘက်က လက်ခံနိုင်မလား။ ဘယ်လိုနည်းနဲ့အတိုက်အခံ လုပ်လာနိုင်ဦးမလဲ။ ကျွန်တော်တို့မှာစဉ်းစားစရာအများကြီးရှိတယ်။

    လွှတ်တော်က မဲခွဲဆုံးဖြတ်တဲ့ဟာကို တပ်မတော်က လက်ခံရမှာပေါ့လို့ လွယ်လွယ်လေး စာအုပ် လေးကြည့် ဖြေလို့ရတာပေါ့။ တကယ့်သိပ်အရေးကြီးတဲ့အချက်က လွှတ်တော်က သမ္မတကို မဲပေးခန့်လိုက်ရင်တောင် အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်ဆိုပေမယ့် အဲဒီသမ္မတဟာ လုပ်ပိုင်ခွင့်အပြည့်အ၀ရှိတဲ့ သမ္မတမဟုတ်ဘူး။

    ဖွဲ့စည်းပုံအရ အဓိကကျတဲ့ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားတာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်။ တပ်ချုပ်က လက်နက်ကိုင်တပ် အားလုံးရဲ့အကြီးအကဲဖြစ်ပြီး အမိန့်ပေးလို့ရတယ်။ သမ္မတမှာ အဲဒါမရှိဘူး။ အဲဒီလိုအနေအထားမျိုးမှာ ဘာမှသိသာ ထင်ရှားတဲ့ အာဏာမရှိတဲ့ သမ္မတက ဘယ်လို အပြောင်းအလဲကိုလုပ်သွားနိုင်မလဲ။

    ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ်ဟာ ဖွဲ့စည်းပုံကို လုံးဝပြုပြင်ပြောင်းလဲနိုင်မှပဲ ဒီမိုကရေစီ လမ်းကြောင်းကပွင့်သွားမယ်။

    ပြည်သူ့ခေတ် – ပြည်ခိုင်ဖြိုးဘက်မှာ မွတ်ဆလင်အမတ်တွေ ထည့်ထားတာရှိလား။ NLD ဘက်မှာရော ဘယ်နှစ်ယောက်ပါလဲ။ အဲဒီလိုမျိုး အနေအထားအောက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မွတ်ဆလင် အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်ကရော ဘယ်လိုဖြစ်လာမလဲ။ အမတ်ထဲမှာ သူတို့တွေသာ မပါဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီနည်းစု အခွင့်အရေး သွားပြောမယ့်သူရှိပါတော့မလား။
    .
    ဦးကိုနီ – စာရင်းအရရော ကျွန်တော်ကြားသိရတဲ့ သတင်းအရရော ပြည်ခိုင်ဖြိုးမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း မပါဘူး။ အလားတူ NLD စာရင်းထဲမှာလည်း ကျွန်တော်သိသလောက် အစ္စလာမ်ဘာသာဝင် လွှတ်တော် အမတ်လောင်း မပါဘူး။ အောက်ခြေမှာ စာရင်းတင်တုန်းက ပါတယ်။ ဒီမိုကရေစီရေးကို တော်တော်လေး ပြင်းပြင်းထန်ထန်လုပ်နေတဲ့  အစ္စလာမ်ဘာသာဝင် ၁၀ယောက် ၀န်းကျင်လောက် တင်တဲ့ထဲမှာပါတယ်။ သို့သော် တကယ်ရွေးတဲ့ အခါမှာတော့ အစ္စလာမ်ဘာသာဝင်မပါဘူးလို့ ကျွန်တော်သိရတယ်။
    .
    အမတ်လောင်းစာရင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် အမတ်တွေ  မပါတဲ့အတွက်  လူတွေ အမြင်က ပြည်ခိုင်ဖြိုးကိုတော့ ရှင်းတယ်။ အစ္စလာမ်ဘာသာဝင် အများစု ပြည်ခိုင်ဖြိုးကို မဲပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ စီးပွားရေးအရ ပတ်သက်နေတဲ့ ကိုယ်ကျိုးအတွက် ပတ်သက်နေတဲ့ နည်းနည်းပါးပါးကလွဲရင် အများစုကတော့ မပေးဘူးလို့ ခန့်မှန်းတယ်။ အများဆုံးခွဲခြား ဆက်ဆံခံခဲ့ရတဲ့ မွတ်ဆလင်တွေဟာ သူတို့ကို ခွဲခြားဆက်ဆံတဲ့သူကိုတော့ မဲပေးမှာ မဟုတ်ဘူးလို့ မြင်တယ်။
    .
    အများစုကတော့ NLD ကိုပဲ မဲပေးမှာပါ။ အစ္စလာမ်ဘာသာဝင် တော်တော်များများဟာNLD အဖွဲ့ဝင်အဖြစ်နဲ့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း NLD အဖွဲ့ဝင်ဖြစ်ပြီး အောင်နိုင်ရေး အတွက် ကြိုးပမ်းအားထုတ်နေတဲ့သူ ဖြစ်တယ်။ ဒါပေမယ့် တစ်ခုဖြစ်သွားတာက ပထမပိုင်းမှာ ကျွန်တော်တို့က အစ္စလာမ်ဘာသာဝင် သုံးလေးယောက်လောက်တော့ အမတ်လောင်းအဖြစ် ပါမှာပဲလို့ ထင်ခဲ့တယ်။ အစ္စလာမ်ဘာသာဝင် သိပ်များတဲ့ မဲဆန္ဒနယ်မြေတွေမှာ တစ်ဖက်က ပြည်ခိုင်ဖြိုး အမတ်တွေကို ယှဉ်နိုင်ဖို့ဆိုရင် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အမတ်လောင်းကိုထည့်ရင် တော်တော် သေချာတယ်။ NLD ဆိုတဲ့ အရိပ်အာဝါသရယ်၊ အစ္စလာမ်ဘာသာဆိုတဲ့ ဘာသာရေး အကြောင်းခံရယ် ဒီနှစ်ခုကြောင့် NLD က လွယ်လွယ်လေးကို အနိုင်ရနိုင်တယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။
    .
    လက်တွေ့မှာ မပါလာတဲ့ အခါကျတော့ တော်တော်များများက NLD ဟာ အစ္စလာမ်ဘာသာဝင်တွေ အပေါ်မှာ ဂရုမစိုက်ဘူး။ အလေးမထားဘူးလို့ မြင်သွားတယ်။ ကျွန်တော်က NLD ထဲမှာရှိနေတော့ တော်တော်များများက ကျွန်တော့်ကိုပဲ မေးကြတယ်။ အမတ်လောင်းထဲမှာ မပါတာကတော့ တစ်ကိစ္စ။
    .
    ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံ ခံခဲ့ရတာပဲ။ လောလောဆယ် အမတ်လောင်းထဲမှာ မပါဘဲလဲ ကျွန်တော့်တို့အတွက် ရွေးစရာမရှိဘူး။ NLD ကို ထောက်ခံပေးမှသာ အပြောင်းအလဲကို မျှော်လင့်နိုင်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်မူအတိုင်းပဲ ပြောတယ်။ ဒါပေမယ့် ပြဿနာက အစ္စလာမ်ဘာသာဝင် အချို့ဟာ တစ်သီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ တချို့နေရာတွေမှာ ၀င်ပြိုင်မယ်လို့ ကြားလာရတယ်။ အဲဒါကို နားလည်ပေးပါလို့ ပြောတယ်။
    .
    သူတို့ဝင်ရတဲ့အကြောင်းက မွတ်ဆလင် အမတ်လောင်းမ၀င်ရင် မွတ်ဆလင် အမတ်မရှိ တော့ဘူးလို့ ပြောကြတယ်။ မရရင် တစ်ဖက်က တက်သွားမယ်။ အဲ့ဒီအကြောင်းကြောင့် NLD ကို တိုက်တဲ့အနေနဲ့ ၀င်တာ မဟုတ်ဘူး။ နိုင်ရင် NLD ကို ထောက်ခံမှာပဲ။ ကျွန်တော်ကလည်း မင်းတို့ မ၀င်နဲ့ကွာလို့ ပြောပိုင်ခွင့်မရှိဘူး။ သူတို့ တစ်သီးပုဂ္ဂလ၀င်တာ သူတို့အပိုင်း။
    .
    လက်ရှိမှာ အစ္စလာမ်ဘာသာဝင်တွေ တည်ထောင်ထားတဲ့ပါတီ သုံးခုလောက်ရှိတယ်လို့ ကျွန်တော်သိရတယ်။ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရဆိုရင် ပါတီတစ်ခုဟာ အနည်းဆုံး သုံးယောက် အမတ်လောင်းအဖြစ် ၀င်ပြိုင်ရမယ်။ မပြိုင်ဘူးဆိုရင် ပါတီဖျက်သိမ်းခံရမယ်လို့  ၀န်ခံလက်မှတ် ထိုးထားပြီးသား။ ပါတီသုံးခုကလည်း အနည်းဆုံးကိုးယောက်တော့တင်ရမယ်။ အဲဒါ NLD ကို တိုက်ဖို့မဟုတ်ဘူး။ ပါတီ ရပ်တည်ဖို့။ သူတို့ကလည်း နိုင်ရင် NLD ကိုပဲ ထောက်ခံ သွားမယ်လို့ တစ်ဆင့်စကားနဲ့ ကျွန်တော် ကြားသိရတယ်။ ကျွန်တော်က နားထောင်မှတ်သားထားရုံပဲ ရှိပါတယ်။ ပြောပိုင်ခွင့်တော့ မရှိပါဘူး။
    .
    ပြည်သူ့ခေတ် – အဲဒီအနေအထားဆိုရင် မဲတွေ ပျံ့သွားတာမျိုး ဖြစ်နိုင်သလား။
    .
    ဦးကိုနီ – ဖြစ်နိုင်တယ်။ အစ္စလာမ်ဘာသာဝင်တွေ များတဲ့နေရာမှာ တော်တော်များများ အစ္စလာမ်ဘာသာဝင်တွေက ဘာသာရေးကို အကြောင်းခံပြီးတော့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အမတ်လောင်းကို မဲပေးနိုင်တယ်။ အဲဒီလို NLD ကို မဲပေးမယ့် အုပ်စုရယ်၊ အစ္စလာမ်ဘာသာဝင် အမတ်ကို မဲပေးမယ့် သူတွေရယ်၊ ပြည်ခိုင်ဖြိုးကတော့ ပုံသေမဲနဲ့ လာမယ်။ သူက လူထုထောက်ခံမှု သိပ်ယူလို့မရဘူး။  အပိုင်တွက်ထားတဲ့ မဲနဲ့သွားမယ်။ ဒါဟာ ပြည်ခိုင်ဖြိုးအတွက် အခွင့်အလမ်း ဖြစ်သွားစေနိုင်တယ်။ မဲက ပျံ့မျာကိုး။ ပျံ့တဲ့အခါကျတော့ တကယ်လို့များ တစ်သီးပုဂ္ဂလ အမတ်လောင်း ၀င်မလာဘူးဆိုရင် NLD ပဲရမှာကိုး။ NLD အတွက် နစ်နာကောင်း နစ်နာနိုင်တယ်။ ဒါတော့ အစောကြီးကတည်းက စဉ်းစားရမယ့်ကိစ္စ။
    .
    မွတ်ဆလင် အများစုနေတဲ့ နေရာတွေကို သိထားရမယ်။ ဥပမာ – တိုင်းဒေသကြီးလွှတ်တော်၊ မင်္ဂလာတောင်ညွန့် – ၁ က မွတ်ဆလင် တော်တော်များများတယ်။ တာမွေအုပ်စုတို့ဆို တော်တော်များ တယ်။ ပန်းဘဲတန်းက ၁ ရော၊ ၂ ရော အစ္စလာမ်များတယ်။ ကျွန်တော် ထင်တယ် အဲဒီလို မွတ်ဆလင်များတဲ့ နေရာမှာ တစ်ယောက်စ နှစ်ယောက်စတော့ တက်လာနိုင်တယ်။ များများတော့ တက်မလာနိုင်ဘူး။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် အမတ်အဆင့်လောက်တော့ တက်လာနိုင်တယ်။
    အမျိုးသားလွှတ်တော်က သိပ်ကျယ်တယ်။ ဒီလိုနေရာမျိုးမှာ အစ္စလာမ်ဘာသာဝင်တွေ တက်မလာနိုင်ဘူး။ ရန်ကုန်တိုင်းအတွက်ဆို ပန်းဘဲတန်း လိုနေရာ ဖြစ်နိုင်တယ်။ တောင်ညွန့်ဖြစ်နိုင်တယ်။ သူတို့ကို ကျွန်တော်နိုင်စေချင်တယ်။ အစ္စလာမ်ဘာသာဝင်မို့ ပြောတာမဟုတ်ဘူး။
    .
    ပြည်သူ့ခေတ် – အခုဆို ရွေးကောက်ပွဲ အလွန်ကို အကြမ်းဖျင်း ခန့်မှန်းလို့ရနေပြီ။ လာမယ့်လွှတ်တော်မှာ  ခုနတုန်းကလို မွတ်ဆလင် လူနည်းစုတွေရဲ့အသံ သို့မဟုတ် သူတို့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် အနေအထားက လက်ရှိအနေအထားထက် ပိုဖြစ်လာနိုင်စရာရှိလား။ ဘာမှ မထူးခြားဘဲ ဒီအတိုင်းပဲ ဖြစ်မှာလား။ ပိုဆိုးသွားနိုင်သေးသလား။
    .
    ဦးကိုနီ – ထူးခြားမယ်။ လက်ရှိ အနေအထားထက် အများကြီးကောင်းလာမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ NLD က ၄၀ ရာခိုင်နှုန်းအောက် မရောက်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ရင် NLD လွှတ်တော်ကို စိုးမိုးနိုင်တဲ့ အနေအထားရှိတယ်။ NLD က လွှတ်တော်ကို စိုးမိုးနိုင်တယ်ဆိုရင် NLD ရဲ့မူက ရှင်းတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ ဘာသာရေးအရ ပါတီရဲ့မူဝါဒထဲမှာ ခွဲခြားမှုမရှိဘူး။ သို့သော် တစ်ဦးချင်းအနေနဲ့ ရှိကောင်းရှိမယ်။
    .
    NLD နဲ့ မဟာမိတ်ပြုလာမယ့် တိုင်းရင်းသားတွေမှာလည်း ဘာသာရေးခွဲခြားမှု မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က လူနည်းစု အနေနဲ့ ခံစားနေရတာတွေရှိတယ်။ လူနည်းစုအချင်းချင်း ခံရတဲ့သူအချင်းချင်း စာနာထောက်ထားမှု ရနိုင်တယ်။ ဒါကြောင့်မို့လို့ NLD နဲ့ တိုင်းရင်းသားတွေ လွှတ်တော်မှာ အသာစီးရနိုင်မယ်ဆိုရင်တော့ မွတ်ဆလင် လူနည်းစုတွေအတွက် ခုအခြေအနေထက် ပိုပြီးကောင်းလာလိမ့်လို့ ကျွန်တော်က သုံးသပ်ပါတယ်။
    .
    ပြည်သူ့ခေတ် – ကျေးဇူးတင်ပါတယ်ဆရာ။

  • ချန်ပီယံလိဂ်တွင် ခြေစွမ်းပြခဲ့သည့် ဒီပိုင်းကို နမ်းချင်သည်ဟု ဗန်ဂါးလ်ပြော

    ချန်ပီယံလိဂ်တွင် ခြေစွမ်းပြခဲ့သည့် ဒီပိုင်းကို နမ်းချင်သည်ဟု ဗန်ဂါးလ်ပြော

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    depay

    – ကလပ်ဘရုဂျက်အသင်းနှင့် ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ကွင်းလယ်သူ မန်ဖစ်ဒီပိုင်းအား အနမ်းဖြင့် ဂုဏ်ပြုချင်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ခြေစစ်ပွဲပထမအကျော့အဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူမှာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီပိုင်းက ၃ ဂိုးသွင်းယူပေးခဲ့ကာ၊ ကွင်းလယ်လူ ဖယ်လိုင်နီ သွင်းယူသည့် ဂိုးကိုလည်း ၎င်းကပင် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

    “ဒီညအတွက် သူ့(ဒီပိုင်း) ကို ကျွန်တော် နမ်းချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဂိုးနှစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့ပြီးတဲ့နောက် ခင်ဗျားဟာ ကမ္ဘာပေါ်က သူရဲကောင်းပါပဲ” ဟု ပွဲအပြီးတွင် ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၂ ဂိုးအသာဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ လာမည့်တစ်ပတ်တွင် ကစားမည့် ဒုတိယအကျော့အတွက် သက်သာရခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော်လည်း မည်သည့်အရာမှ မသေချာဟုလည်း သတိပေးခဲ့သည်။

    ထိုပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် ဒီပိုင်းကမူ မိမိအနေဖြင့် ဟက်ထရစ်မသွင်းနိုင်ခဲ့သည့်အတွက် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဂိုးသွင်းပြီး ပွဲနိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ တတိယဂိုးကိုသွင်းဖို့ တော်တော်လေး အရေးပါခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အခွင့်အရေးနှစ်ကြိမ်လောက်ကို ကျွန်တော် အဆုံးမသတ်နိုင်ခဲ့တဲ့အတွက် နည်းနည်းတော့ စိတ်ပျက်ခဲ့ပါတယ်။ ရလဒ်ကတော့ ရလဒ်ကောင်းဖြစ်ပြီး ဘရုဂျက်ကိုသွားပြီး၊ အလုပ်ကို ပြီးဆုံးအောင် လုပ်ရပါမယ်” ဟု ဒီပိုင်းက ပွဲအပြီးတွင် BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်မှ မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦး Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

    ဖိလစ်ပိုင်မှ မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦး Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Medai

    philipine

    – တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြုပေးနေပြီး၊ ပရဟိလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဖိလစ်ပိုင် မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦးမှာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသော ကမ္ဘာတစ်ဝှမ်းရှိ အိမ်ထောင်ရှိအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ရသည့် Mrs. Universe ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

    အဆိုပါတော်ဝင်မင်းသမီးမှာ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျေး အိန်ဂျလီက် ဂျာဖာရ် ၀မ် ဖြစ်ပြီး အယ်လီဟုလည်း အမည်တွင်သည်။ သူမမှာ လက်ရှိတွင် Mrs.Southeast Asia ဘွဲ့ကို ဆွတ်ခူးထားသူဖြစ်သည်။ Mrs.Southeast Asia ဘွဲ့မှာ အမျိုးသမီးများ၊ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်သော အိမ်ထောင်ရှိအမျိုးသမီးများကို ပေးအပ်ချီးမြှင့်သည့် ဆုလည်းဖြစ်သည်။

    အယ်လီမှာ ဖီလစ်ပိုင်နိုင်ငံအတွင်း တိုင်းရင်းသားများ၏အရေးနှင့် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ခေါင်းပုံဖြတ် သိမ်းယူခံရမှုများအတွက် ရင်ဆိုင်ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။

    “ပြဿနာက ဘက်ဂျက်မရှိတဲ့အတွက်ကြောင့် အစိုးရဟာ ဒီမြေတွေကို ဖွံ့ဖြိုးအောင် မလုပ်နိုင်တာပါပဲ။ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးဖို့ တိုင်းရင်းသားပြည်သူများ အခွင့်အရေး အက်ဥပဒေကို ပြဌာန်းပေးထားပါတယ်။ ကျွန်မရဲ့ သဘောထားကတော့ သဘာဝသယံဇာတ အခြေပြု  စီးပွားရေးကို ဖန်တီးဖို့ဖြစ်ပြီး သူတို့(တိုင်းရင်းသားတွေ)ရဲ့မြေပေါ်မှာ စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ ကျောင်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးနေရာတွေ ပါဝင်တဲ့ မြေတွေဖြစ်ဖို့အတွက် မာစတာပလန်တစ်ခု ရှိဖို့ပါပဲ” ဟု အယ်လီက ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းရင်းသားများ၏ မြေယာများနှင့်ပတ်သက်၍ Inquirer.net သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်လူမျိုးစုတစ်ခုဖြစ်သော သောင်ဆဂ် (Tausugs) မျိုးနွယ်မှ တော်ဝင်မင်းသမီးဖြစ်သည့် သူမကို တစ်ကမ္ဘာလုံးမှ ပရဟိတလုပ်ငန်းများနှင့် လူအခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်သည့် အမျိုးသမီးများ ယှဉ်ပြိုင်ရသော Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် MegaStar Productions မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    အယ်လီမှာ လွန်ခဲ့သည့် လေးနှစ်က သူမ၏ ဦးလေးဖြစ်သူ ဂျိုးဆက်ပ် ဆီဘဂ်၏ နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်ရှိ တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းထားသည့်အဖွဲ့ဖြစ်သော Philippine Organization of United Tribal Initiatives Inc တွင်လည်း ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

    အသိပညာပေးရေး

    အယ်လီမှာ ဖိလစ်ပိုင် တိုင်းရင်းသားပြည်သူများထံသို့ နေ့စဉ်သွားရောက်က ပညာရေး၊ ဆေးဘက်ဆိုင်ရာနှင့် အဟာရဆိုင်ရာ ကိစ္စများ အပါအ၀င် ၎င်းတို့မျိုးနွယ်များ ကြုံတွေ့နေရသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာလေ့ရှိသူဖြစ်သည်။

    “ပိုက်ဆံပေးလိုက်တာနဲ့ ပြဿနာကို ဖြေရှင်းလို့ မရပါဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ မြှင့်တင်ဖို့နဲ့ ဒုက္ခသုက္ခတွေကနေ တိုးတက်လာဖို့အတွက် ပညာရေးက လိုအပ်ပါတယ်” ဟု အယ်လီက ပြောကြားခဲ့သည်။

    တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသော်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အယ်လီမှာ အဘွား၊ မုဆိုးမဖြစ်နေသော အဒေါ်များ၊ ဖတဆိုးဖြစ်နေသာ ၀မ်းကွဲများနှင့် ရိုးသားနှိမ့်ချစွာ ကြီးပြင်းလာခဲ့သူဖြစ်သည်။

    ၎င်းတို့မိသားစုများထဲမှ အမျိုးသားများမှာ လူမျိုးစုတိုက်ခိုက်သူများ၏ သားကောင်များ ဖြစ်ခဲ့ရပြီး အယ်လီ၏ ဖခင်ဖြစ်သူ အမီရ် ဘာဟာရ် ဟာဂျီ ဂျာဖာရ်မှာလည်း ၎င်းတို့ထဲမှ တစ်ဦး ဖြစ်ခဲ့ရသည်။

    “ကျွန်မရဲ့အဖေကို “ဇမ်ဘိုအမ်ဂါဒေသက ရမ်ဘို” လို့ လူသိများပါတယ်။ အဖေက စီးပွားရေးသမားတွေ ပြန်ပေးဆွဲခံရမှု၊ ငွေညှစ်ခံရမှုတွေကို ကာကွယ်ပေးခဲ့သူပါပဲ”

    အယ်လီမှာ Dr. Carlos Lanting ကောလိပ်မှ သူနာပြုဘာသာရပ်ဖြင့်လည်းကောင်း၊ La Consolacion ကောလိပ်မှ ခရီးသွားဘာသာရပ်ဖြင့်လည်းကောင်း ဘွဲ့နှစ်ဘွဲ့ရထားသူဖြစ်သည်။ သူမတွင် တိုနီ ဂျာဖာရ် ဟီပိုလီတိုဟု အမည်ရသည့် သမီးတစ်ဦးရှိပြီး ၎င်းမှာလည်း Miss Globe International 2015 ဘွဲ့ကို ရရှိထားသည်။

    Ref: Onislam