News @ M-Media

ဟဂ်ျပြုရန်အတွက် လန်းချားဆွဲကာ ငွေစုခဲ့သည့် အိန္ဒိယအဖိုးအိုတစ်ဦး ရည်ရွယ်ချက် အထမြောက်

သြဂုတ် ၂၄၊ ၂၀၁၅
M-Media

india

– အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှ လန်ချားဆွဲသည့် အဖိုးအိုတစ်ဦးမှာ ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရန်အတွက် တစ်သက်တာလုံး အပတ်တစ်ကုတ် ရှာဖွေစုဆောင်းခဲ့ပြီးနောက် ၎င်း၏ ရည်ရွယ်ချက် ပြည့်ဝသွားခဲ့ပြီဖြစ်သည်။

အဂ်ရာမြို့မှ အသက် ၆၂ နှစ်အရွယ် ဂျာဟန်ဂီရ် ခန်း အဘာစီဆိုသူဖြစ်ပြီး ၎င်း၏ ဇနီး ဇီနတ်ဘေဂွန်နှင့်အတူ သြဂုတ်လ ၂၂ ရက်နေ့က ဟဂ်ျဘုရားဖူးခရီးစဉ်ဖြစ် ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားပြီဖြစ်သည်။

ဂျာဟန်ဂီရ်ခန်းမှာ တစ်သက်လျှင်တစ်ကြိမ် သွားရောက်ရသည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် လန်ချားဆွဲခြင်းမှ ရသည့် ၀င်ငွေများကို စုဆောင်းခဲ့ရသည်။ လန်ချားတစ်စီးဖြင့် စခဲ့သည့် ၎င်းမှာ နောက်ပိုင်းတွင် လန်ချားများ ၀ယ်ယူနိုင်ခဲ့ပြီး အခြားသူများအား ပြန်လည်ငှားရမ်းခြင်းမှ ၀င်ငွေ ထပ်မံရှာနိုင်ခဲ့သည်။

ဟဂ်ျဘရားဖူးခရီးစဉ် သွားရောက်သူများမှာ မိသားစုအပေါ်ရှိသည့် တာဝန်များကို ကျေပွန်ရမည်ဖြစ်သောကြောင့် ၎င်း၏ သက်တမ်းတစ်လျှောက်တွင် ကလေးများကို ပြုစုပျိုးထောင်ခဲ့ကာ အိမ်ထောင်ရက်သားလည်း ချပေးခဲ့ပြီးဖြစ်သည်။

ယမန်နှစ်က ၎င်းတို့ဇနီးမောင်နှံနှစ်ဦးမှာ ဟဂ်ျဘုရားဖူးခရီး သွားရောက်ရန် လျှောက်ထားခဲ့သော်လည်း မရခဲ့ဘဲ ယခုနှစ်တွင်မှ သွားရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဟဂ်ျခရီးစဉ်မှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး ငွေကြေးတတ်နိုင်၍ အနှောင်အဖွဲ့ကင်းသည့် မွတ်စလင်အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်လျှင်တစ်ကြိမ် မဖြစ်မနေ သွားရောက်ရန် သက်မှတ်ထားသည့် ခရီးစဉ်ဖြစ်သည်။

Ref: Onislam

Comments

Leave a Reply