News @ M-Media
Blog
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၃၊ ၂၀၁၅)
    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media
    ရုရှားက တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
    …………………………………….
    RS-12M Topol ဒုံးကျည် မိသားစုဝင်ဖြစ်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို နိုင်ငံတောင်ပိုင်း အက်စ်ထရာ့က်ဟန် ဒေသမှ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု ရုရှားစစ်တပ်က ကြေညာခဲ့သည်။ အဆိုပါဒုံးကျည်မှာ ကာဇက်ခ်စတန်ရှိ သတ်မှတ်ထားသော ပစ်မှတ်ကို အတိအကျထိမှန်ခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပြီး တိုက်ချင်းပစ်ဒုံးကျည်များအတွက် တိုက်ပွဲဝင်မှုကို စမ်းသပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲ ယနေ့တွင် ဆက်လက်ပြုလုပ်
    …………………………………………..
    နှစ်နိုင်ငံတင်းမာမှုများကို လျှော့ချရန်အတွက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ ထိပ်တန်းအရာရှိများ ဆွေးနွေးညှိနှိုင်းမှုကို ယနေ့ညနေတွင် ထပ်မံပြုလုပ်ခဲ့ပြီး ကောင်းမွန်သည့်အလားအလာရှိနေသည်ဟု သတင်းများက ဖော်ပြကြသည်။ ယမန်နေ့က ဆွေးနွေးမှုစတင်ပြီးနောက် မြောက်ကိုရီးယားမှာ နယ်စပ်တွင် စစ်အင်အားကို ၂ ဆ ချထားပြီး ရေငုပ်သင်္ဘော ၅၀ ခန့်ကိုလည်း တပ်ဖြန့်ချထားသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တောင်ကိုရီးယားကလည်း စစ်တပ်ကို တပ်လှန့်ထားပြီး နယ်စပ်တွင်ပြုလုပ်နေသည့် စိတ်ဓာတ်စစ်ဆင်ရေး အသံလွှင့်မှုများကို ရပ်တန့်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    အလ်ဆာဗေဒိုးအကျဉ်းထောင်တွင် လူဆိုးဂိုးဏ်၏ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် လူ ၁၄ ဦး သေဆုံး
    …………………………………..
    အလ်ဆာဗေဒိုးနိုင်ငံ မြို့တာ် ဆန်ဆာဗေဒိုးရှိ အကျဉ်းထောင်တွင် နာမည်ကြီး Barrio 18 လူဆိုးဂိုဏ်းမှ ဂိုဏ်းသားများအချင်းချင်း တိုက်ခိုက်မှုများကြောင့် လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ လူဆိုးဂိုဏ်းများဖြစ်သော Barrio 18 နှင့် Mara Salvatrucha တို့အကြား ငြိမ်းချမ်းရေး ပြိုကွဲပြီး ၁၈ လကြာ မငြိမ်မသက်ဖြစ်ခဲ့ပြီးနောက်တွင် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ သို့သော်လည်း သေဆုံးသွားသူများနှင့် အကျဉ်းထောင်တွင် ဖမ်းဆီးထားသော လူ ၁၀၀၀ ကျော်မှာ Barrio 18 ဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ပြီး အဖြစ်အပျက်မှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။
    Ref: News Agencies
  • ယူဂန်ဒါ၏ ပထမဆုံး အစ္စလာမ့်ရုပ်သံလိုင်း အောင်မြင်မှုရရှိ
    ယူဂန်ဒါ၏ ပထမဆုံး အစ္စလာမ့်ရုပ်သံလိုင်း အောင်မြင်မှုရရှိ
    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media
    salma
    – နိုင်ငံအတွင်း အစ္စလာမ့်အလှတရားများ ပိုမိုပြန့်နှံ့စေရန်၊ မွတ်စလင်လူ့အဖွဲ့အစည်းကို အသိပညာနှင့် ဗဟုသုတများ မျှဝေရန်ရည်ရွယ်၍ အာဖရိကနိုင်ငံဖြစ်သည့် ယူဂန်ဒါနိုင်ငံတွင် ပထမဆုံး အစ္စလာမ့်ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်တင်ဆက်ခဲ့ပြီး အောင်မြင်မှုများလည်း ရရှိနေပြီဖြစ်သည်။
    “ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေက သူတို့နဲ့သက်ဆိုင်မယ့် ရုပ်သံလိုင်းတစ်ခုကို တောင်းဆိုခဲ့ပြီး ဒီဟာက အဲဒီစိတ်ကူးကို အကောင်အထည်ဖော်လိုက်တာပါပဲ” ဟု နိုင်ငံ၏ ပထမဆုံး အစ္စလာမ့်ရုပ်သံလိုင်း SalamTV ၏ မန်းနေးဂျင်းဒါရိုက်တာ အလ်-ဟဂ်ျ ကရင်မ် ကာလီဆာက ပြောကြားခဲ့သည်။
    ယူဂန်ဒါနိုင်ငံအတွင်း အစ္စလာမ့်ရေဒီယို လိုင်းပေါင်းများစွာ ရှိသော်လည်း ရုပ်သံလိုင်းကိုတောင်းဆိုသူ များပြားလာခဲ့ခြင်းဖြစ်သည်။ ယခုရုပ်သံလိုင်းမထူထောင်ခင် ကာလီဆာမှာ ရုပ်သံကုမ္ပဏီများကို ချဉ်းကပ်ခဲ့ပြီး အစ္စလာမ့်အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ခွင့်ရရန် ကြိုးစားခဲ့ကာ တစ်နေ့လျှင် ၁၅ မိနစ်မှာ မိနစ် ၃၀ အထိသာ ထုတ်လွှင့်ခွင့်ရရှိခဲ့သည်။
    ထို့နောက် ၂၀၁၄ ခုနှစ် ရမ်ဇာန်ဥပုသ်လတွင် နိုင်ငံရှိ ရုပ်သံလိုင်း ၃ လိုင်းမှ တစ်လိုင်းမှာ တစ်ပတ်လျှင် တစ်နာရီ ထုတ်လွှင့်ခွင့်မှ ၅ နာရီ ထုတ်လွှင့်ခွင့် ပေးခဲ့သည်။ ထို့နောက်တွင် Salam TV ကို တည်ထောင်ကာ ယခုနှစ် ရမ်ဇာန်ဥပုသ်လမတိုင်ခင် ဇွန်လ ၁၀ ရက်နေ့တွင် စတင် ထုတ်လွှင့်နိုင်ခဲ့သည်။
    အဆိုပါရုပ်သံလိုင်းကို အရှေ့၊ အလယ်နှင့် တောင်အာဖရိကတို့ ပေါင်းစည်းထားသော မွတ်စလင်သမဂ္ဂနှင့်အတူ ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါမွတ်စလင်သမဂ္ဂမှာ နိုင်ငံအတွင်း အစ္စလာမ့်ရေဒီယို ၅ ခုအတွက် ထောက်ပံ့ပေးထားသည်။
    “ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းစဉ်ကတော့ မွတ်စလင်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ ပြီးတော့ ပိုမိုပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဘ၀တွေကို ရရှိနိုင်ဖို့အတွက် သူတို့တွေဟာ လုံလောက်တဲ့ ဗဟုသုတနဲ့ သတင်းအချက်လက်တွေကို အသေအချာ ရရှိစေဖို့ဖြစ်ပါတယ်” ဟု ကာလီဆာက ပြောကြားခဲ့သည်။
    ထို့ပြင် အဆိုပါရုပ်သံလိုင်းနှင့် ပတ်သက်၍ တုံ့ပြန်မှုများလည်း ကောင်းမွန်ပြီး မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းနှင့် မျက်နှာပူစရာမလိုဘဲ ကြည့်ရှုနိုင်သည့် တစ်ခုတည်းသော ရုပ်သံလိုင်းအဖြစ် ပရိတ်သတ်များက ယူဆထားသည်ဟု ဆိုသည်။
    အောင်မြင်မှုများ
    အစ္စလာမ့်ရုပ်သံလိုင်း ပေါ်ထွက်လာခြင်းနှင့်အတူ ယူဂန်ဒါရှိ မွတ်စလင်ခေါင်းဆောင်များမှာ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ဓမ္မပညာရှင်များကို ဖိတ်ခေါ်ကာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ဆုံးမှုများအပါအ၀င် စစ်မှန်သော အစ္စလာမ်၏ သွန်သင်မှုများအား ထိုရုပ်သံမှတစ်ဆင့် ဟောပြောပို့ချစေခဲ့သည်။
    “အစ္စလာမ်ရဲ့ အလှတရားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်ကတည်းက ပရိတ်သတ်က တော်တော်လေး ကြိုဆိုခဲ့ကြပါတယ်” ဟု Salam TV မှ ဒါဝါဟ်ကဏ္ဍ အကြီးအကဲဖြစ်သူ ရှာဘန် အွသ်မန် မန်ယာက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ အစ္စလာမ့်အကြောင်းအရာများကို သီးသန့်တင်ပြသည့် ရုပ်သံလိုင်း ပေါ်လာသော်လည်း အခြား ဖျော်ဖြေရေးရုပ်သံများတွင် ဖော်ပြနေသော အစ္စလာမ့်ကဏ္ဍများအတွက် ပရိတ်သတ်များကို ထိခိုက်ခြင်းမရှိဟု ဆိုသည်။
    “Salam TV ဖြစ်လာတာဟာ ဖျော်ဖြေရေးရုပ်သံလိုင်းတွေက နာရီဝက်စာ အစ္စလာမ့်အစီအစဉ်တွေကို အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ သူတို့မှာလည်း မွတ်စလင်ပရိတ်သတ်တွေ လိုပါတယ်။ ဒါပေမယ့် Salam TV ကတော့ မွတ်စလင်တွေအတွက် ပိုအဆင်ပြေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ ဖျော်ဖြေရေးရုပ်သံတွေကို ဆက်လက်ကြည့်လို့ရပေမယ့် ကျွန်တော်တို့ရုပ်သံလိုင်း ရှိနေတယ်ဆိုတာ
    သိရုံလောက်ပါပဲ” ဟု ရှာဘန်က ယုံကြည်မှုရှိစွာ ပြောကြားခဲ့သည်။
    အဆိုပါ SalamTV ကို အစ္စလာမ်ဘာသာဝင်မဟုတ်သူများလည်း တစ်ဖြည်းဖြည်းဖြင့် စိတ်ဝင်စားလာကြသည်။
    ခရစ်ယာန်ဘာသာဝင် ပရိတ်သတ်တစ်ဦးဖြစ်သူ ဒါမာလီ နန်ဒ်ကမူ မိမိမှာ ဇင်ဘာဘွေမှ မွဖ်သီတစ်ဦးဖြစ်သူ အစ္စမာအီလ် မူဆာ မန့်က်ကြောင့် Salam TV ကို နှစ်ခြိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “သူက ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေသာမက သူဖတ်ပြတဲ့ ကုရ်အာန်ကျမ်းတော်မြတ်က စာကြောင်းတွေကို အင်္ဂလိပ်လို ဘာသာပြန်ပြတဲ့အတွက်လည်း သူ့ရဲ့အစီအစဉ်ကို တော်တော်လေး ကြွေပါတယ်။ ကျွန်တော် ပိုနားလည်နိုင်တာပေါ့ဗျာ”
    ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ယူဂန်ဒါနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ နိုင်ငံလူဦးရေ သန်း ၃၀ ကျော်တွင် ၁၂.၁ ရာခိုင်နှုန်းရှိပြီး နိုင်ငံအရှေ့ပိုင်းတွင် အများဆုံးအခြေစိုက်နေထိုင်ကြသည်။
    Ref: Onislam
  • ဆန်းချက်ဇ်မှာ ဆွာရက်ဇ်၏အဆင့်ရှိသည်ဟု ၀င်းဂါးပြော
    ဆန်းချက်ဇ်မှာ ဆွာရက်ဇ်၏အဆင့်ရှိသည်ဟု ၀င်းဂါးပြော
    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media
    arsenal
    – အသင်းရှိ တိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်မှာ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကဲ့သို့ အဆင့်ရှိသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ဘာစီလိုနာမှ ပေါင် ၃၅ သန်းဖြင့် ပြီးခဲ့သည့်နှစ်က ပြောင်းရွှေ့လာခဲသော ချီလီတိုက်စစ်မှူး ဆန်းချက်မှာ ၎င်း၏ ပထမဆုံးရာသီမှာပင် ခြေစွမ်းကောင်းများကို ပြသခဲ့ပြီး အသင်းအတွက် ၂၅ ဂိုးသွင်းပေးကာ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
    “ဆန်းချက်နဲ့ ဆွာရက်ဇ်တို့ဟာ အဆင့်တူကြပါတယ်။ ဆွာရက်ဇ်က တိုက်စစ်အလယ်လူဖြစ်ပြီး ဆန်းချက်ဇ်ကတော့ အတက်အဆင်းကစားရတာကိုကြိုက်တဲ့ စွယ်စုံရ ကစားသမားပါ။ ပြီးတော့ အလိမ်အခေါက်လည်း ရပါသေးတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်မှာ တူညီမှုတွေ ရှိနေပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ မနက်ဖြန်တွင် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၀င်းဂါးကမူ ဆွာရက်ဇ်အား ဘာစီလိုနာသို့ လီဗာပူးလ်က ရောင်းလိုက်သည့်အခါတွင် ဆန်းချက်ဇ်မှာ အန်ဖီးလ်သို့ပြောင်းမည်ဟု ထင်ခဲ့မိပြီး မိမိအနေဖြင့် ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
    “သူရောက်လာတဲ့အခါမှာ ပိုတောင်ကောင်းလာပါတယ်။ သူတို့ရဲ့ အဆုံးသတ်ပိုင်းမှာဆိုရင် တိုးတက်ဖို့ ရှိနေပါသေးတယ်။ သူ့ရဲ့ ပေးပို့မှုမှာ ပိုကောင်းလာပြီး အကွက်မြင်မှုကလည်း တော်တော်ကောင်းကာ ကွက်ကျော်လည်း မြင်တတ်ပါတယ်” ဟု ၀င်းဂါက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • တိုက်စစ်ခြေစွမ်းမပြနိုင်သော်လည်း လူသစ်ဖြည့်ရန် မလိုအပ်ဟု ဗန်ဂါးလ်ပြော
    တိုက်စစ်ခြေစွမ်းမပြနိုင်သော်လည်း လူသစ်ဖြည့်ရန် မလိုအပ်ဟု ဗန်ဂါးလ်ပြော
    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media
    mu
    – ယမန်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ ဂိုးမရှိသရေကျခဲ့သော်လည်း နွေရာသီအပြောင်းအရွှေ့အတွင်း တိုက်စစ်မှူးအသစ်များကို ထပ်မံဖြည့်တင်းရန် မလိုအပ်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူမှာ ၀ါရင့်နည်းပြ မက္ကလာရင်၏ နယူးကာဆယ်အသင်းအား ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူးများ၏ အဆုံးသတ်မသေချာမှုကြောင့် ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။
    မန်ယူမှာ လက်ရှိအချိန်တွင် နေးမာ၊ ဆာဒီယို မိန်းနှင့် ဂါရက်ဘေးလ်တို့ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူများနှင့် ဆက်သွယ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ အသင်းမှာ တိုက်စစ်မှူးတစ်ဦးကို ဖြည့်တင်းရန် မလိုအပ်သေးဘဲ ၀ိန်းရူနီ၊ ဟာနန်ဒက်ဇ်နှင့် ၀ီလ်ဆင်တို့ရှိနေသည်ဟု ပြောကြားခဲ့သည်။
    “မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ သုံးပွဲစလုံးမှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိုးရိမ်မှုက ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်ဖို့ပါ။ ဒီနေ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ အက်စတွန်ဗီလာ၊ စပါး၊ ဘရုဂျက်တို့နဲ့ပွဲမှာလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ကိုကျေနပ်ပေမယ့် ရလဒ်ကိုတော့ မကျေနပ်ပါဘူး။ ဒါက မတူပါဘူး” ဟု ဗန်ဂါးလ်က ယမန်နေ့ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ အခွင့်အရေးအများအပြားကို ဖန်တီးခဲ့ပြီး ဂိုးမရခဲ့သောကြောင့် ကံမကောင်းခဲ့ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ရာသီသစ်တွင် ဂိုးမိုးခေါင်နေသည့် ရူနီမှာ ပွဲအစလေးမိနစ်တွင် ဂိုးသွင်းနိုင်ခဲ့သော်လည်း ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပြီး ဗန်ဂါးလ်ကမူ ထိုဆုံးဖြတ်ချက်အတွက် စိတ်ပျက်သည်ဟု ဆိုသည်။
    “၀ိန်း (ရူနီ) က ဂိုးသွင်းခဲ့ပါတယ်။ သူ့ရဲ့ဂိုးကို ခွင့်ပြုမခံခဲ့ရတာပါ။ ဒါဟာ ဝေခွဲလို့မရတဲ့ အခြေအနေပါ။ စည်းကမ်းမှာတော့ အဲဒီလိုအခြေအနေဆိုရင် အလံမထောင်ဖို့ ပြောထားပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ ဒါမျိုးက မလွယ်တာကြောင့် ဒိုင်လူကြီးတွေ၊ စည်းကြပ်တွေကို ပစ္စည်းကိရိယာတွေ ပိုမိုထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ”
    Ref: Goal
  • မကောင်းဆိုးဝါးကပ်သည်ဟုဆိုကာ အာဂျင်တီးနား ဆယ်ကျော်သက် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ကာ မျက်လုံးဖောက်ထုတ်ခံရ
    မကောင်းဆိုးဝါးကပ်သည်ဟုဆိုကာ အာဂျင်တီးနား ဆယ်ကျော်သက် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ကာ မျက်လုံးဖောက်ထုတ်ခံရ
    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media
    – အာဂျင်တီးနားနိုင်ငံတွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးမှာ မကောင်းဆိုးဝါး ပူးကပ်သည်ဟုဆိုကာ ဒေသတွင်းရှိ ဘာသာရေးစင်တာရှိ သင်းအုပ်ဆရာက အုပ်စုဖွဲ့မုဒိမ်းကျင့်ရန်နှင့် မှော်ကျင့်စဉ်အဖြစ် မျက်လုံးအား ဖောက်ထုတ်ရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။
    အာဂျင်တီးနားမြောက်ပိုင်း ချာကိုပြည်နယ်ရှိ ဂျန်နရယ် ပီနီဒိုမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီးငယ်မှာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသည်။
    ထိုအမျိုးသမီးငယ်မှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရပြီး နောက်ပိုင်းတွင် မုဒိမ်းကျင့်သူများက ၎င်းအား ချုပ်ထားစဉ် အမဖြစ်သူက မျက်လုံးအား ဖောက်ထုတ်ခဲ့ခြင်းဖြစ်သည်။ မိသားစုကလည်း သူမမှာ မကောင်းဆိုးဝါး၏ ပြုစားခြင်းခံရသည်ဟု ယုံကြည်သောကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ၎င်း၏ အမဖြစ်သူကမူ ဘာသာရေးစင်တာမှာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဓားကိုပင်ပေးခဲ့ပြီး ညီမဖြစ်သူအား ကုသရန်အတွက် ၎င်းကိုယ်တိုင် မျက်လုံးဖောက်ထုတ်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
    တိုက်ခိုက်မှုခံရပြီးနောက် ထိုအမျိုးသမီးငယ်မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနအထားတွင် ရှိနေပြီး ဆရာဝန်များကမူ သူမ၏ လိင်အင်္ဂါတစ်ဝိုက်တွင် ဒဏ်ရာဒဏ်ချက်များစွာ ရခဲ့သည်ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ အုပ်စုဖွဲ့မုဒိမ်းကျင့်သူများနှင့် မျက်လုံးဖောက်ထုတ်ခဲ့သည့် အမဖြစ်သူတို့အား ဖမ်းဆီးထားသည်။
    ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး ပါဘလို အလ်မီရွန်ကမူ မိဘများကပင် ထိုအမျိုးသမီးငယ်မှာ မကောင်းဆိုးဝါး၏ ပြုစားခြင်းကို ခံထားရသည်ဟု ယုံကြည်နေကြောင်း၊ ဆိတ်ကဲ့သို့ အရှေ့တွင်မရှိသော သတ္တ၀ါများကို မြင်နေရခြင်းကြောင့် မိဘများကိုယ်တိုင် မြို့တွင်းရှိ ဧ၀ံဂေလိစင်တာမှ သင်းအုပ်ဆရာအား ကုသပေးရန် သွားရောက်တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
    “ဒီလိုသဘာဝမျိုး ဖြစ်တာကိုမြင်ရတာ ကျွန်တော်ရဲ့လုပ်သက် ၂၂ နှစ်တာကာလ တစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်ပါပဲ။ တရားသူကြီးကလည်း သူ့ဘ၀မှာ ပထမဆုံးအကြိမ် ကြုံဖူးတာလို့ ပြောပါတယ်။ ဆယ်ကျော်သက်တစ်ယောက်မှာ ဒီလိုဖြစ်တယ်ဆိုတာမျိုးကို ရှင်းပြဖို့ သိပ်ခက်ပါတယ်” ဟု အလ်မီရွန်က ပြောကြားခဲ့သည်။
    Ref: Dailymail