News @ M-Media

Blog

  • မာသာထရီဇာ၏ ပရဟိတအဖွဲ့ကို အဓမ္မဘာသာပြောင်းမှုစွဲချက်ဖြင့် အိန္ဒိယရဲတပ်ဖွဲ့ စစ်ဆေးနေ

    မာသာထရီဇာ၏ ပရဟိတအဖွဲ့ကို အဓမ္မဘာသာပြောင်းမှုစွဲချက်ဖြင့် အိန္ဒိယရဲတပ်ဖွဲ့ စစ်ဆေးနေ

    ဒီဇင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -ခရစ်ယာန်ဘာသာ အဓမ္မကူးပြောင်းခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာသာထရီဇာ တည်ထောင်ခဲ့တဲ့ ပရဟိတအဖွဲ့ Missionaries of Charity ကို အိန္ဒိယရဲတပ်ဖွဲ့က စုံစမ်းစစ်​​ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဒါဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ လူနည်းစုခရစ်ယာန်ဘာသာဝင်တွေအပေါ် နှိပ်ကွပ်မှုတွေထဲက ပုံစံတစ်ခုလို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

    BJP ကြီးစိုးတဲ့ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဗာဒိုဒါရာမြို့မှာ Missionaries of Charity ပရဟိတအဖွဲ့က သူတို့စောင့်ရှောက်ထားတဲ့ အမျိုးသမီးငယ်တွေကို လက်၀ါးကပ်တိုင်ဆွဲကြိုးတွေ အတင်းဝတ်ခိုင်းတာ၊ သမ္မာကျမ်းစာ အဓမ္မဖတ်ခိုင်းတာတွေ လုပ်တယ်ဆိုတဲ့ သတင်းကြောင့် စုံစမ်းစစ်​ဆေးမှုတွေ လုပ်နေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

    ခရစ်ယာန်သာသနာပြုအဖွဲ့တွေက ဟိန္ဒူတွေကို အဓမ္မဘာသာပြောင်းခိုင်းတယ်လို့ စွပ်စွဲပြီး ခရစ်ယာန်တွေအပေါ် ကန့်သတ်နှိပ်ကွပ်မှုတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယက ပြည်နယ်တစ်ချို့မှာ လုပ်ဆောင်လာပြီး ဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ ဇာတိပြည်နယ် ဂူဂျာရတ်လည်း ဒီထဲမှာ ပါဝင်ပါတယ်။

    Missionaries of Charity အဖွဲ့ရဲ့ လုပ်ရပ်တွေကို ကလေးသူငယ်ရေးရာအဖွဲ့တွေ၊ အခြားမြို့မှာရှိတဲ့ အာဏာပိုင်တွေက ​သတင်းပို့လာတာကြောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားတာဖြစ်တယ်လို့ ဗာဒိုဒါရာမြို့ရဲ့ လူမှုဖူလှုံရေးဆိုင်ရာ အကြီးအကဲ မာယန့် ထရီဗီဒီက​ ပြောပါတယ်။

    စာကြည့်တိုက်ထဲမှာ သမ္မာကျမ်းစာ ၁၃ အုပ်တွေ့သလို၊ ရိပ်သာက မိန်းကလေးငယ်တွေကို သမ္မကျမ်းစာ အဓမ္မဖတ်ခိုင်းတာကို သိရတယ်လို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

    Missionaries of Charity ပရဟိတအဖွဲ့ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ ခရစ်ယာန်ကက်သလစ် သီလရှင် မာသာထရီဇာက ၁၉၅၀ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

    အလ်ဘေးနီးယန်းလူမျိုးဖြစ်တဲ့ မာသာထရီဇာဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးကို အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြိုမှာ အခြေချကာ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်ရင်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ HIV/AIDS၊ ကျောက်ရောဂါ၊ တီဘီရောဂါ ပပျောက်ရေး၊ စာတတ်မြောက်ရေးကနေ အိန္ဒိယပြည်သူတွေအတွက် နယ်ပယ်စုံမှာ မာသာထရီဇာက ကူညီပေးခဲ့ပြီး နိုင်ငံတကာက ဂုဏ်ပြုဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့သလို ၁၉၇၉ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၆ ခုနှစ်မှာ မာသာထရီဇာကို ‘သူတော်စင်’ အဖြစ် သတ်မှတ်ကြေငြာခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP ၂၀၁၄ ခုနှစ်မှာ အာဏာရပြီးကတည်းက အိန္ဒိယမှာရှိနေတဲ့ လူနည်းစု ခရစ်ယာန်တွေဟာ ဟိန္ဒူလက်ယာစွန်းရောက်တွေရဲ့ တိုက်ခိုက်မှု၊ အစိုးရရဲ့ ကန့်သတ်နှိပ်ကွပ်မှုတွေကို ပိုမိုခံစားလာရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    အခုနှစ်အတွင်းမှာပဲ နိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဆန့်ကျင်ရေး တိုက်ခိုက်မှုပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးအဖြစ်အပျက်က မဒ်ယာပရာဒက်ရှ်ပြည်နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တာပါ။ ခရစ်ယာန်စာသင်ကျောင်းတစ်ခုမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့အချိန် လူ ၃၀၀ လောက်က ၀ိုင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနဲ့ မိတ်ဖက်ဆက်ဆံရေး ခိုင်ခိုင်မာမာထားရှိလိုတဲ့ စိတ်ဆန္ဒကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြသခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

    ဘလင်ကန်ဟာ အရှေ့တောင်အာရှ ၄ ရက်ကြာခရီးစဉ်ကို မနေ့က စတင်ခဲ့တာပါ။ ဒီခရီးစဉ်အတွင်း အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

    မနေ့က အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံရာမှာ ဘလင်ကန်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် အခြေခံအဆောက်အဦးကဏ္ဍတွေမှာ ပူးပေါင်းဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါယတ်။

    “အမေရိကန်ရဲ့ ဒီစိတ်ဆန္ဒဟာ တော်တော်လေး ခိုင်မာအားကောင်းပါတယ်”

    တရုတ်နဲ့ အမေရိကန်တို့ အားပြိုင်မှုမှာ အရှေ့တောင်အာရှက အဓိကျတဲ့နေရာမှာ ပါဝင်နေပြီး သမ္မတ ထရမ့်လက်ထက်မှာ အရှေ့တောင်အာရှနဲ့ ဆက်ဆံရေး အေးစက်ခဲ့ပေမယ့် သမ္မတ ဘိုင်ဒန်လက်ထက်မှာတော့ အားကောင်းအောင် ဆောင်ရွက်လာပါတယ်။

    G20 ဥက္ကဌနေရာကို ထမ်းဆောင်မယ့် အင်ဒိုနီးရှားအတွက် ဂုဏ်ယူပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အင်ဒိုနီးရှားရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပံ့ပိုးကူညီပေးသွားမယ်လို့လည်း ဘလင်ကန်က သမ္မတ ဝီဒိုဒိုကို ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စီးပွားရေးအကြီးဆုံးနဲ့ လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။

    Ref: Reuters

  • မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

    မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ

    -စစ်ကောင်စီရန်ကြောင့် ထွက်ပြေးလာရတဲ့ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ချင်းပြည်နယ်က ပြည်သူတွေ ထောင်သောင်းချီ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    ဇိုရမ်သန်ဂါဟာ မနေ့က မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက ခိုလှုံလာသူတွေကို အရင်ကတည်းက ကူညီပေးခဲ့ပြီး ရှေ့ဆက်လည်း ကူညီပေးဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မီဇိုရမ်အစိုးရဟာ ဒုက္ခသည်ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ပါ စီစဉ်ပေထားပါတယ်။ မြန်မာဒုက္ခသည်တွေကို နိုင်ငံရေး ခိုလှုံသူတွေအဖြစ် တရားဝင်မှတ်ပုံတင်ပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုထားသလို၊ ဝန်ကြီးချုပ် မိုဒီ၊ ပြည်ထဲရေးဝန်ကြီး အေမစ်ရှားတို့နဲ့တွေ့ဆုံကာ အကူအညီတွေပေးအပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ဇိုရိမ်သန်ဂါက ဆိုပါတယ်။

    အိန္ဒိယဟာ ကုလရဲ့ ဒုက္ခသည်ဆိုင်ရာသဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် တရားဝင်ကူညီနိုင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ မီဇိုရမ်အစိုးရက အစောပိုင်းမှာ ထုတ်ပြန်ပြောကြားဖူးပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့သူတွေကို မီဇိုရမ်ပြည်သူတွေကလည်း အကူအညီတွေ ပေးနေကြပါတယ်။

    Ref: News18

  • အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

    အစ္စရေးနိုင်ငံ့ခေါင်းဆောင်တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက်မှုပါ။

    ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်​ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • အသက်ရှင်ရပ်တည်ရေး အကူအညီများကို စစ်ကောင်စီက ပိတ်ပင်ဟန့်တားနေ

    အသက်ရှင်ရပ်တည်ရေး အကူအညီများကို စစ်ကောင်စီက ပိတ်ပင်ဟန့်တားနေ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ အတိဒုက္ခရောက်နေသူတွေအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီပေးနေတာတွေကို အာဏာသိမ်းစစ်ကောင်စီက ဟန့်တား နှောက်ယှက်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေကို သွားလာမှု ကန့်သတ်ချက်အသစ်တွေ ထုတ်တာ၊ လမ်းတွေ ပိတ်ထားတာ၊ အကူအညီပစ္စည်းတွေကို ဖျက်ဆီးပစ်တာ၊ အကူအညီပေးရေးဝန်ထမ်းတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီက အကူအညီတွေကို ပိတ်ပင်နေတာပါ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံအဆောက်အဦးတွေ ပြိုလဲသွားတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ ဘဏ်စနစ် အလုပ်မလုပ်တော့တာ၊ ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအရေးပါတဲ့ အသုံးအဆောင်တွေရှားပါးတာတွေကလည်း အကူအညီပေးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့ HRW က ပြောပါတယ်။

    “လူသိန်းချီ ထွက်ပြေးရအောင်လုပ်တာ၊ အသက်ရှင်ဖို့အရေးကြီးတဲ့ အထောက်အပံ့တွေကို တားဆီးတာမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်အောင် စစ်ကောင်စီက လုပ်နေတာပါ။ ပဋိပက္ခဒဏ်ခံနေရတဲ့လူတွေ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့အထောက်အပံ့တွေကို အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်ကြီးတွေက တားဆီးပိတ်ပင်လာတာဖြစ်ပြီး၊ ပြည်သူတွေကို အပြစ်ပေးတဲ့ပုံစံမျိုးနဲ့ ဒါတွေကို လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ သုတေသနပညာရှင် ရှေနာ ဘောင်ချနာက ပြောပါတယ်။

    ချို့တဲ့ပြည်သူတွေထံ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပံ့ကူညီတာကို မြန်မာစစ်တပ်ဟာ အရင်ကတည်းက နည်းမျိုးစုံနဲ့ ပိတ်ပင်ဟန့်တားတဲ့အကျင့် ရှိပါတယ်။

    ​မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ဖို့ အရေးကြီးတဲ့ အထောက်အပံ့တွေ လိုအပ်သူအရေအတွက်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်က ၁ သန်းလောက် ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ၁၄.၄ သန်း ရှိလာမှာဖြစ်ပြီး အဲဒီအထဲက ၅ သန်းကျော်ဟာ ကလေးငယ်တွေဖြစ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၂၅ သန်းကနေ ထက်ဝက်နီးပါးလောက် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ရလိမ့်မယ်လို့လည်း ကုလ ဆိုပါတယ်။

    အကူအညီပေးရေး အဖွဲ့တွေကို စစ်ကောင်စီက နှောက်ယှက်ဟန့်တားမှုနဲ့ပတ်သက်ပြီး ကုလ၊ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ အလှုရှင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြီးခဲ့တဲ့လတွေမှာ ကြေငြာချက်တွေထုတ်ပြီး ဝေဖန်ရှုတ်ချထားပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ ထောင်သောင်းချီ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဒေသတွေမှာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့တာတွေ၊ ခိုးဆိုးလုယက်မှုတွေ လုပ်ဆောင်တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက် မြင့်တက်လာပါတယ်။

    ကုလသမဂ္ဂက မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူအရေအတွက်ဟာ ၆၃၈၀၀၀ လောက်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: HRW.org