News @ M-Media

Blog

  • ဖွံ့ဖြိုးမှု ပြယုဂ်နိုင်ငံဟု ကမ္ဘာ့ဘဏ်အကြီးအကဲက ဘင်္ဂလားဒေ့ရှ်ကို ချီးကျူး

    ဖွံ့ဖြိုးမှု ပြယုဂ်နိုင်ငံဟု ကမ္ဘာ့ဘဏ်အကြီးအကဲက ဘင်္ဂလားဒေ့ရှ်ကို ချီးကျူး

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဟာ ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ ပြယုဂ်နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ ဟာ့တ်ဝစ် ရှာဖာက ချီးကျူးပြောဆိုလိုက်ပါတယ်။

    ရှာဖာဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တစ်ပတ်ကြာ သွားရောက်ခဲ့ကာ ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ၊ အစိုးရဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

    ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်မှုနဲ့ စီးပွားရေး ပြန်လည်ပတ်လာအောင် ဆောင်ရွက်နိုင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ရှာဖာက ချီးကျူးခဲ့ပြီး ကပ်ရောဂါကနေ အပြည့်အ၀ ရုန်းထွက်နိုင်ရေး ကမ္ဘာ့ဘဏ်က ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရဲ့ ဖွံဖြိုးတိုးတက်မှုကိုလည်း ရှာဖာက ထည့်သွင်းချီးကျူးခဲ့ပါတယ်။

    “ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်အောင် လုပ်ဆောင်ရာမှာ ဘင်္ဂလားဒေ့ရှ်က သိပ်ကို အတူယူဖို့ကောင်းပါတယ်။ ၂၀၃၁ ရောက်ရင် ဝင်ငွေအလယ်အလတ်ထက်ပိုတဲ့နိုင်ငံတစ်ခု ဖြစ်လာရေး ရည်ရွယ်ပြီး ပြည်သူတွေအားလုံး စံစားရမယ့် စီးပွားရေးဖွံဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ကမ္ဘာ့က ခြေလှမ်းတိုင်းအတွက် ရှိနေမှာဖြစ်ပါတယ်”

    ရှာဖာရဲ့ ခရီးစဉ်မှာ ၂၀၂၃-၂၀၂၇ ကမ္ဘာ့ဘဏ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မှု မူဘောင် ဖော်ဆောင်ရေး၊ နိုင်ငံအတွင်းက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ဘင်္ဂလာဒေ့ရှ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ ကူညီပေးနိုင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

    Ref: bdnews24

  • ခရီးသွားမြို့တွင် ခွေးသား၊ ကြောင်သား ကင်းစင်ရမည်ဟု ဗီယက်နမ်ကတိပြု

    ခရီးသွားမြို့တွင် ခွေးသား၊ ကြောင်သား ကင်းစင်ရမည်ဟု ဗီယက်နမ်ကတိပြု

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ ကြောင်သားအရောင်းဆိုင်

    -ကုလသမဂ္ဂရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ခရီးသွားမြို့ Hoi An မှာ ခွေးသား၊ ကြောင်သား စားသုံးမှု ကင်းအောင် လုပ်​​ဆောင်သွားမယ်လို့ ဗီယက်နမ်က ကတိပြုပြောဆိုလိုက်ပါတယ်။

    ဗီယက်နမ်မှာ တစ်နှစ်ကို ခွေးအကောင်အရေ ၅ သန်းလောက် စားသုံးကြပြီး တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ခွေသားစားမှု ဒုတိယမြောက်အမြင့်ဆုံး တိုင်းပြည်ပါ။ ခွေးသားစားခြင်းဟာ ကံဆိုးမှုတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဗီယက်နမ်လူမျိုးတွေက ယုံကြည်ကြပါတယ်။

    ဆိပ်ကမ်းမြို့ Hoi An အာဏာပိုင်တွေက ခွေးသားနဲ့ ကြောင်သား ရောင်းချမှု၊ စားသုံးမှု ကင်းစင်​အောင် လုပ်ဆောင်မယ်လို့ နိုင်ငံတကာ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ Four Paws International နဲ့ ဒီကနေ့မှာ လက်မှတ်ရေးထိုး သဘောတူခဲ့ပါတယ်။

    “ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေး၊ ခွေးသား၊ ကြောင်သား ရောင်းချမှု တားဆီးရေးတွေကနေတစ်ဆင့် တိရစ္ဆာန်တွေ သာယာ၀ပြောရေး ကျွန်တော်တို့ ကူညီဆောင်ရွက်သွားမှာဖြစ်သလို ဒီမြို့ကို ခရီးသွားကဏ္ဍမှာ အဓိကနေရာတစ်ခု ဖြစ်လာရေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယမြို့တော်ဝန် ငုယင်သီဟန်က ပြောပါတယ်။

    Four Paws International အဖွဲ့ တာဝန်ရှိသူ ဂျူလီဆန်းဒါက ဒီသဘောတူညီချက်ဟာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး၊ ဗီယက်နမ်က အခြားဒေသတွေလည်း အတုယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗီယက်နမ်မှာ ခွေးသား၊ ကြောင်သားစားသုံးမှုဟာ အရင်ကတည်းက ရှိလာတဲ့ ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပါတယ်။ အခုနောက်ပိုင်း ကြောင်ကို အိမ်မွေးတိရစ္ဆာန်မွေးလာကြတဲ့အတွက် ကြောင်သားစားသုံးမှု လျော့သွားပေမယ့် မြို့တော်ဟနွိုင်းအပါအဝင် နိုင်ငံအနှံ့အပြားမှာ ခွေးသားကို ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြဆဲ ဖြစ်ပါတယ်။

    Ref: Bangkok Post

  • အမေရိကန်လက်နက်များကို ဖျက်ဆီးရန် က​မ္ဘောဒီးယားဝန်ကြီးချုပ် အမိန့်ထုတ်

    အမေရိကန်လက်နက်များကို ဖျက်ဆီးရန် က​မ္ဘောဒီးယားဝန်ကြီးချုပ် အမိန့်ထုတ်

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -အမေရိကန်ထုတ်လက်နက်တွေကို ဖျက်ဆီးဖို့ ဒါမှမဟုတ် လွှတ်ပစ်ကြဖို့ က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။

    ကမ္ဘောဒီယားကို လက်နက်ရောင်းချမှု ပိတ်ပင်ကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်ရဲ့ကြေငြာမှုကို အခုလို တုန့်ပြန်လိုက်တာပါ။

    ဟွန်ဆန်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ခြစားမှုတွေ၊ ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်ရဲ့ ချယ်လှယ်မှုတွေကို တားဆီးဖို့အတွက် ကမ္ဘောဒီးယားစစ်တပ်နဲ့ ထောက်လှမ်းအဖွဲ့ကို လက်နက်နဲ့ စစ်ဖက်ပစ္စည်း ရောင်းချမှု ပိတ်ပင်တာဖြစ်ကြောင်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီကနေ့ Facebook စာမျက်နှာက ဟွန်ဆန်ရဲ့ပို့စ်မှာ အမေရိကန်လက်နက်တွေရဲ့ အရည်အသွေးကို ဝေဖန်ခဲ့ပါတယ်။

    “ကမ္ဘောဒီးယားမှာ လက်ရှိအသုံးပြုနေတဲ့ လက်နက်နဲ့ စစ်ဖက်ဆိုင်ရာပစ္စည်းတွေကို ပြန်လည်သုံးသပ်ဖို့ စစ်တပ်ကို ကျွန်တော် အမိန့်ပေးထားတယ်။ အမေရိကန် လက်နက်တွေ၊ စစ်ဖက်အသုံးအဆောင်တွေရှိရင် အားလုံးကို ဖယ်ထုတ်ပြီး ​ဂိုထောင်ထဲပို့ထားတာ၊ ဖျက်ဆီးပစ်တာတွေ လုပ်ရပါလိမ့်မယ်”

    အမေရိကန်က လက်နက်ရောင်းချမှု ပိတ်ပင်တာဟာ လွတ်လပ်တဲ့ ကာကွယ်ရေးစွမ်းအားမျိုး ရှိဖို့လိုတယ်ဆိုတာ နောင်အစိုးရဖြစ်လာကြမယ့် ကမ္ဘောဒီးယားမျိုးဆက်ကို သတိပေးလိုက်တာဖြစ်ကြောင်း ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပြီး အမေရိကန်လက်နက်တွေကို မသုံးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “အမေရိကန်လက်နက်တွေ သုံးတဲ့လူ တော်တော်များများ စစ်ရှုံးကြတာပဲ” လို့ အာဖဂန်နစ္စတန်ကို ဥပမာပေးပြီး ပြောခဲ့ပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၃၀ ကျော် ချုပ်ကိုင်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အဓိကအတိုက်အခံ နိုင်ငံရေးပါတီကို မတရားအသင်းကြေငြာ ဖျက်သိမ်းခဲ့ပါတယ်။ ဟွန်ဆန်ဟာ သားဖြစ်သူကို သူ့နေရာဆက်ခံဖို့အတွက်လည်း စီစဉ်နေပါတယ်။

    ထိုင်းပင်လယ်ကွေ့နား တရုတ်လောင်းကစားလုပ်ငန်းတွေ ကြီးစိုးတဲ့ သီဟာနုဗီလီမြို့က စစ်စခန်းတစ်ခုကလည်း အမေရိကန်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေပါတယ်။ ကမ္ဘောဒီးယားက ဒီစခန်းကို တရုတ်အခြေစိုက်ဖို့ ပေးထားတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး ဝန်ကြီးချုပ်ဟွန်ဆန်က ဒါကို ငြင်းထားကာ တရုတ်ဟာ ဒီစခန်းအဆင်မြှင့်တင်ဖို့ ကူညီပေးနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Bangkok Post

  • ဝီဂါများ ညှင်းပမ်းနှိပ်စက်ခံနေရသည်ဆိုသည့် သတင်းကို တရုတ်က ထပ်ငြင်း

    ဝီဂါများ ညှင်းပမ်းနှိပ်စက်ခံနေရသည်ဆိုသည့် သတင်းကို တရုတ်က ထပ်ငြင်း

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ဗြိတိန်အခြေစိုက် ခုံအဖွဲ့တစ်ခုရဲ့ ဆုံးဖြတ်မှုကို လန်ဒန်မြို့ တရုတ်သံရုံးက ပယ်ချလိုက်​ပြီး တရုတ်ရန်သူတွေရဲ့ နိုင်ငံရေး ထိုးနှက်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်က ရှေ့နေတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖွဲ့စည်းထားတဲ့ ‘ဝီဂါခုံအဖွဲ့’ က ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ ကာဇက်လူမျိုးစုတွေအပေါ် တရုတ်အစိုးရက ​လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု​တွေ လုပ်ဆောင်နေရာမှာ သမ္မတရှီကျင့်ဖျင်က တာဝန်အရှိဆုံးဖြစ်တယ်လို့ ဒီဇင်ဘာ ၉ ရက် နေ့မှာ ဆုံးဖြတ်ထုတ်ပြန်ခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကျင့်သုံးနိုင်တဲ့ အာဏာမျိုး မရှိပါဘူး။

    လန်ဒန်မြို့ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒါဟာ တရုတ်ဆန့်ကျင်ရေးနဲ့ ခွဲထွက်ရေးအဖွဲ့တစ်ချို့က ပြည်သူတွေကို လှည့်စားဖို့ အသုံးပြုတဲ့ နိုင်ငံရေးလက်နက်တစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ခုံအဖွဲ့က ဘာပြောလဲ

    ရှင်ကျန်းက ဝီဂါနဲ့ တစ်ခြားလူမျိုးစုတွေ ကြုံတွေနေရတဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ လန်ဒန်အခြေစိုက် ခုံအဖွဲ့ကို ဗြိတိန်ရှေ့​နေ ဂျီယိုဖရေး နိုက်စ်က ဦးဆောင်တာပါ။

    “တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ရှင်ကျန်းလို့ခေါ်တဲ့ နိုင်ငံအနောက်မြောက်ပိုင်းဒေသက ဝီဂါ၊ ကာဇက်နဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေအပေါ် လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရှင်ကျန်းမှာဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ကွန်မြူနစ်ပါတီ (CCP) က ထိပ်ပိုင်းခေါင်းတွေမှာ လုံး၀ တာဝန်ရှိကြောင်း ခုံအဖွဲ့က သုံးသပ်ဆုံးဖြတ်ပါတယ် ” လို့ ကြာသာပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ ဝီဂါကွန်ဂရ် (WUC) က ရှင်ကျန်းပြည်နယ်မှာ ဖြစ်ပွားတဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ထူထောင်ဖို့ ၂၀၂၀ ခုနှစ်မှာ ရှေ့နေနိုက်စ်ကို တိုက်တွန်းခဲ့တာပါ။

    ရှင်ကျန်းပြည်နယ်က လူနည်းစုတွေ ဖိနှိပ်ညှင်းပမ်းခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် နိုင်ငံတစ်ချို့က လွှတ်တော်တွေ၊ လွှတ်တော်အမတ်တွေက သတ်မှတ်ထားကြပြီး၊ ထရမ့်အစိုးရနဲ့ လက်ရှိ ဘိုင်ဒန်အစိုးရက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်ပါတယ်။

    ဝီဂါနဲ့ အခြားလူနည်းစုတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အနုပညာ နယ်ပယ်စုံမှာ တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ခံနေရပြီး၊ လူ ၁ သန်းလောက် အကျဉ်းစခန်းတွေမှာ တရုတ်ဇာတ်သွင်းခြင်းခံနေရတယ်လို့ ကမ္ဘာ့မီဒီယာတွေ စုံစမ်းဖော်ထုတ် တင်ပြခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့ဟာ ခွဲထွက်ရေးအဖွဲ့သာဖြစ်ပြီး ဝီဂါခုံအဖွဲ့ကလည်း ယုံကြည်စိတ်ချရမှုမရှိတဲ့အဖွဲ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားစွဲရေး ICC ကို အဖွဲ့တစ်ခုက စာပို့တောင်းဆို

    အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားစွဲရေး ICC ကို အဖွဲ့တစ်ခုက စာပို့တောင်းဆို

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်တွေက စနစ်တကျ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုက နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို တောင်းဆိုလိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေကို မှတ်တမ်းယူနေတဲ့ Myanmar Accountability Project (MAP) အဖွဲ့က ဒီကနေ့ ICC ကို စာနဲ့ သက်သေအထောက်အထားတွေ ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့​နောက်ပိုင်း စစ်ကောင်စီတပ်တွေက လုပ်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်မှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။

    “သူ့ရဲ့ကွပ်ကဲမှုအောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို အကြီးအကျယ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး မတရားအာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်မှာ တာဝန်ရှိပါတယ်” လို့ MAP ရဲ့ ဒါရိုက်တာ ခရစ် ဂန်းနက်စ်က ပြောပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC က ပြစ်ဒဏ်ချမှတ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မိမိတို့ ထားရှိပြီး ဖမ်း၀ရမ်းထုတ်ဖို့အတွက် ခိုင်လုံတဲ့ အထောက်အထား အများအပြား ရှိနေတယ်လို့ ယုံကြည်ကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်​နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ​နိုင်ငံတစ်ဝှမ်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီနှိပ်စက်ခံခဲ့ရပါတယ်။

    ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နီကိုလက်စ် ကူမီဂျန်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ကျူးလွန်မှုအထောက်အထား စုစုပေါင်း ၂၁၉၀၀၀ ကျော်ကို စုဆောင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: TRT