News @ M-Media

Blog

  • ဖယ်လ်ကာအို မှာ ကြောက်စရာတိုက်စစ်မှူး ပြန်ဖြစ်လာမည်ဟု မော်ရင်ဟိုပြော

    ဖယ်လ်ကာအို မှာ ကြောက်စရာတိုက်စစ်မှူး ပြန်ဖြစ်လာမည်ဟု မော်ရင်ဟိုပြော

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    chel

    – တိုက်စစ်မှူးဖယ်လ်ကာအိုအနေဖြင့် ချယ်ဆီးအသင်းတွင် ဂိုးသွင်းခြေ ပြန်ရမည်ဖြစ်ပြီး ၎င်းအတွက် မိမိအနေဖြင့် မည်သည့်စိုးရိမ်မှုမှမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အက်သလက်တီကိုမက်ဒရစ်အသင်း၌ ပွဲပေါင်း ၉၀ ကစားကာ ဂိုး ၇၀ သွင်းယူနိုင်ခဲ့သည့် ဖယ်လ်ကာအိုမှာ ယမန်နှစ်က မန်ယူသို့ အငှားလာရောက်ကစားသည့်အချိန်တွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    သို့သော်လည်း မော်ရင်ဟိုက ဇူလိုင်လအစောပိုင်းတွင် ခေါ်ယူခဲ့ပြီး မိမိ၏လက်အောက်တွင် ဖယ်လ်ကာအိုမှာ ကြောက်စရာကောင်းသည့်တိုက်စစ်မှူးတစ်ဦး ပြန်ဖြစ်လာနိုင်မည်ဟု ဆိုသည်။

    ထို့ပြင် မန်ယူသို့ပြောင်းရွှေ့သွားကတည်းက မိမိတို့မှာ အဆိုးများနှင့် ရင်ဆိုင်ရတော့မည်ဟု တွေးထားခဲ့ကြောင်း ၎င်းက ၀န်ခံခဲ့သည်။

    “သူ မန်ယူကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ နည်းနည်းကြောက်ခဲ့တယ်လို့ ပြောရမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူက ပင်နယ်တီစည်းအတွင်းမှာ သားရဲတစ်ကောင်လိုပါပဲ။ ပြီးတော့ တစ်ချိန်လုံး ဂိုးတွေသွင်းတဲ့သူ တစ်ယောက်ပါ။ သူကစားခဲ့တဲ့ ကလပ်အသင်းတိုင်းရဲ့ လိဂ်ပြိုင်ပွဲတိုင်းမှာ သူ ဒီလို ဂိုးတွေသွင်းခဲ့တာကိုး။ ဒါ့ကြောင့် ကျွန်တော်တို့ အင်္ဂလန်မှာလည်း
    သူဒီလိုပဲ ဂိုးသွင်းမယ်လို့ ယုံကြည်ခဲ့တယ်” ဟု မော်ရင်ဟိုက ESPN သို့ ပြောကြားခဲ့သည်။

    ဖယ်လ်ကာအို မန်ယူ၌ ခြေစွမ်းမပြနိုင်ခြင်းမှာ ကြံ့ခိုင်မှုကြောင့်မဟုတ်ဘဲ မိမိအနေဖြင့် စိုးရိမ်မှုမရှိဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    “၀ယ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ကျွန်တော်တို့ဟာ အသည်းအသန်ကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာဝန်က ဒီကိစ္စတွေအားလုံးအတွက် စုံစမ်းမှုတွေ တကယ့်ကို လုပ်ခဲ့ပါတယ်။ သေချာတာက သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာ မရှိပါဘူး။ ဒါ့ကြောင့် ရုပိုင်းဆိုင်ရာ ပြဿနာမရှိရင် ကျွန်တော်တို့ သူ့ကို ဂိုးတွေပြန်သွင်းအောင် လုပ်နိုင်ပါလိမ့်မယ်”

    Ref: Goal

  • အွန်လိုင်းချစ်သူကို အပြင်၌တွေ့ပြီးနောက် တရုတ်အမျိုးသမီးတစ်ဦး အကြိမ်ကြိမ် သေကြောင်းကြံစည်ခဲ့

    အွန်လိုင်းချစ်သူကို အပြင်၌တွေ့ပြီးနောက် တရုတ်အမျိုးသမီးတစ်ဦး အကြိမ်ကြိမ် သေကြောင်းကြံစည်ခဲ့

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    china 1

    – အွန်လိုင်းမှာ ချစ်ကြိုးသွယ်ခဲ့ကြပေမယ့် အပြင်မှာတစ်ကယ်တွေ့တဲ့အခါ ရုပ်ရည်ရူပကာ၊ လူမှုဆက်ဆံရေး စတာတွေမှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ ဇာတ်လမ်းတွေကို အခုနောက်ပိုင်း တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။

    ဒါပေမယ့် တရုတ်နိုင်ငံက အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကတော့ အွန်လိုင်းချစ်သူကို အပြင်မှာတွေ့လိုက်ရတဲ့အခါ သူ့အိပ်မက်ထဲမှာ ရင်ခုန်ခဲ့ရတဲ့ ရုပ်ရည်ရူပကာမျိုး မဟုတ်တဲ့အတွက် အကြိမ်ကြိမ် သေကြောင်းကြံတဲ့အထိကို ဖြစ်ခဲ့ပါတယ်။

    တရုတ်နိုင်ငံ အရှေ့မြောက်ဖျားက ဂျီလင်ပြည်နယ်မှာ နေထိုင်တဲ့ အဲဒီအမျိုးသမီးလေးဟာ သူ့ရဲ့ အွန်လိုင်းချစ်သူကို တွေ့ဆုံဖို့ ကပ်လျက် ဟေလောင်ဂျီယန်းပြည်နယ် မူဒန်ဂျီယန်းမြို့အထိကို သွားခဲ့ရတာပါ။

    အင်္ဂါနေ့ညပိုင်း အဲဒီမြို့က ဟိုတယ်တစ်ခုရဲ့ ၇ ထပ်မှာ တွေ့လိုက်ရတဲ့အခါမှာတော့ သူ့စိတ်ကူးအိပ်မက်ထဲကလို ရုပ်ရည်ရူပကာမျိုး မဟုတ်တဲ့အတွက် မျှော်လင့်ချက်မဲ့သွားတဲ့ ဒီအမျိုးသမီးလေးဟာ ပြဿနာ ရှာပါတော့တယ်။

    “နင်ငါ့ကို လိမ်တယ်” လို့ အော်ရင်း လသာဆောင်ကနေ ခုန်ချဖို့ ကြိုးစားတဲ့ ဒီအမျိုးသမီးကို ရဲတပ်ဖွဲ့ မနည်းဖျောင်းဖျခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိပ်ဆေးသောက်သေဖို့ ကြိုးစားခဲ့သေးလို၊ ဖန်ခွက်ကွဲ အစနဲ့ လက်ကသွေးကြောကိုဖြတ် သွေးထွက်လွန်သေဖို့လည်း ကြံစည်ခဲ့ပါသေးတယ်။

    ရဲတပ်ဖွဲ့က သူ့ရဲ့လုပ်ရပ်တွေကို တားခဲ့ရပြီး ဆေးရုံကားခေါ်ကာ ဆေးရုံကို ပို့လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    မိခင်ဖြစ်သူက သူ့သမီးနဲ့ အဲဒီအမျိုးသားဟာ အွန်လိုင်းမှာ သိပ်မကြာခင်ပဲ ချစ်ကြိုက်ခဲ့ပြီး တွေ့ဖို့ ချိန်းဆိုခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအွန်လိုင်းချစ်သူဟာ အသက် ၁၀ နှစ်လောက်ကြီးနေတာမို့ သူတို့ရဲ့ ဆက်ဆံရေးကို သဘောမတူပေမယ့် သမီးဖြစ်သူက မိသားစုကို ဆန့်ကျင်ပြီး သွားတွေ့ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

    အခုတော့ အဲဒီအမျိုးသမီးလေးဟာ အသက်အန္တရာယ်မရှိတော့ပေမယ့် ဒေါသထွက်ပြီး ဖန်ကွဲစတွေကို မြိုချခဲ့တာကြောင့် ဆေးစစ်မှုတွေပြုလုပ်ဖို့အတွက် ဆေးရုံမှာ ဆက်နေရမယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

    ဒီဇာတ်လမ်းဟာ တရုတ်နိုင်ငံ၏ အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့သွားခဲ့ပြီး မိုက်ရူးရဲဆန်တဲ့ ဒီအမျိုးသမီးလေးကို ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

    အွန်းလိုင်းချစ်သူတွေ တကယ်တွေ့တဲ့အခါ ပြဿနာဖြစ်တဲ့ ဖြစ်စဉ်ဟာ တရုတ်နိုင်ငံမှာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ အွန်လိုင်းချစ်သူနှစ်ယောက် အပြင်မှာပထမဆုံး တွေ့ဆုံကြတဲ့အခါ ဓာတ်ပုံတွေကို လိမ်ပို့ခဲ့တဲ့အတွက် လမ်းလယ်ကောင်မှာ စကားများ ရန်ဖြစ်ကြတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းစာမျက်နှာမှာ တက်လာခဲ့ပါသေးတယ်။

    Ref: shanghaiist

  • ဂျာနယ်လစ်အား ထိုးမှုကြောင့် မက္ကဆီကိုနည်းပြ ထုတ်ပယ်ခံရ

    ဂျာနယ်လစ်အား ထိုးမှုကြောင့် မက္ကဆီကိုနည်းပြ ထုတ်ပယ်ခံရ

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    mexico

    – သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မက္ကဆီကိုလက်ရွေးစင်အသင်းမှာ ၎င်းတို့၏ နည်းပြဖြစ်သူ မီဂွဲလ် ဟာရဲရားအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ဟာရဲရားမှာ တနင်္ဂနွေနေ့က ကစားခဲ့သော Gold Cup ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဂျမေကာအား အနိုင်ရရှိကာ မက္ကဆီကိုအသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

    ကွန်ကာကက်ဖ်ဒေသ၏ ချန်ပီယံဖြစ်ပြီး ၂၄ နာရီမပြည့်မီမှာပင် ဟာရဲရားမှာ ဖီလာဒဲလ်ဖီးယားလေဆိပ်၌ သတင်းထောက်တစ်ဦးအား ထိုးကြိတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ထို့နောက် မက္ကဆီကိုဘောလုံးအဖွဲ့ချုပ် FMF က ယမန်နေ့တွင်
    နည်းပြ ဟာရဲရားအား ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် မကြာခင် တာဝန်ထမ်းဆောင်မည့် ဒီစီယို ဒီမာရီယာကမူ ဟာရဲရား၏ ထိုအပြုအမူကြောင့် ၎င်း၏အလုပ်အား ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဘောလုံးအဖွဲ့ချုပ်မှာ အသီးသီးတာဝန်ယူထားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြောကြားမှုတွေကို နားထောင်ပြီးတဲ့နောက်ပိုင်းမှာ မီဂွဲလ် ဟာရဲရားကို နိုင်ငံအသင်းကနေ ထုတ်ပယ်ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါဟာ သာမန်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု FMF ၏ ကိုယ်စား ထုတ်ပြန်သော ကြေညာချက်တွင် ဒီမာရီယာက ပြောကြားခဲ့သည်။

    ထို့ပြင် လူတိုင်း၌ ရွေးချယ်မှုရှိသော်လည်း မိမိ၏တန်ဖိုးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တနင်္လာနေ့က ဖီလာဒဲလ်ဖီးယားလေဆိပ်တွင် မြင်တွေ့ခဲ့ရသည့် အခြေအနေမျိုး၏ အပေါ်တွင် မည်သူမှ ရှိ၍မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • တောင်တရုတ်ပင်လယ်အတွင်း ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှုတစ်ခု တရုတ်ပြုလုပ်

    တောင်တရုတ်ပင်လယ်အတွင်း ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှုတစ်ခု တရုတ်ပြုလုပ်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    china

    – ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ကျည်အစစ်များဖြင့် တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

    ရေကြောင်းတိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုအတွက် ဆောင်ရွက်သော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေတပ်သင်္ဘော အနည်းဆုံး ၁၀၀ ခန့်၊ လေယာဉ်များ၊ မစ်ဆိုင်းတပ်ဖွဲ့များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။

    ထို့ပြင် ဒုံးကျည်နှင့် တော်ပီဒိုပစ်ခတ်မှုများ၊ ဗုံးကြဲမှုများကိုလည်း ဆောင်ရွက်ခဲ့ကာ ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်နှင့် သတိပေးစနစ်များ စမ်းသပ်ခြင်းလည်း ပါဝင်ခဲ့သည်။ ထိုသို့ စစ်ရေးလေ့ကျင့်မှုက တရုတ်စစ်တပ်၏ ချက်ခြင်းတုံ့ပြန်နိုင်မှု စွမ်းရည်ကို တိုးတက်စေခဲ့သည်ဟု သတင်းဌာနက ထည်သွင်းဖော်ပြခဲ့သည်။

    ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း ထိုကဲ့သို့ ကျည်အစစ်များဖြင့် စစ်ရေးလ့ကျင့်မှုက ဒေသအတွင်း တင်းမာမှုများကို မြင့်တက်လာစေမည်ဖြစ်သည်။

    ၂၀၁၂ ခုနှစ်က ပထမဆုံး လေယာဉ်တင်င်္ဘောကို တာဝန်ထမ်းဆောင်စေခဲ့သည့် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ ရေတပ်အင်အားကို အလျင်အမြန် ချဲ့ထွင်လာခဲ့ပြီး၊ တိုက်ရေယာဉ်အုပ်များနှင့် ရေငုပ်သင်္ဘောအရေအတွက်များကိုလည်း မြှင့်တင်လာခဲ့သည်။

    တောင်တရုတ်ပင်လယ်၏ ဧရိယာအများစုကို ပိုင်ဆိုင်သည်ဟု ကြေညာထားသောကြောင့် ဒေသတွင်း နိုင်ငံအများအပြားနှင့် အငြင်းပွားမှုများ ရှိနေသ်ေလည်း လက်ရှိတွင် တရုတ်နိုင်ငံမှာ ထိုပင်လယ်အတွင်းရှိ ကျွန်းအချို့၌ ကျွန်းတုများဖန်တီးကာ စိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    စစ်အားအားချဲ့ထွင်ရန် ကြိုးစားနေသည့် ဂျပန်နိုင်ငံကမူ တရုတ်၏ ထိုလုပ်ရပ်မှာ နိုင်ထက်စီးနင်းပြုသော လုပ်ရပ်ဖြစ်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က ရှုတ်ချခဲ့သည်။

    ဖိလစ်ပိုင်ကလည်း အငြင်းပွားနေသော ရေပိုင်နက်အတွင်း အဓိကထား တောင်းဆိုရန်အတွက် လာမည့်နှစ် ကာကွယ်ရေးဘက်ဂျက်ကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရန် အစီအစဉ်ရှိနေသည်။

    Ref: Channelnewsasia

  • အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်

    အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    obama

    – အာဖရိကသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ အာဏာမစွန့်လွှတ်ချင်ကြသည့် အာဖရိကခေါင်းဆောင်များအား ပြစ်တင်ပြောဆိုလိုက်ပြီး အာဖရိကအတွင်း ဒီမိုကရေစီ တိုးတက်ရေးမှာ အန္တရာယ်ရှိနေသည်ဟုလည်း
    ထည့်သွင်းပြောကြားခဲ့သည်။

    အီသီယိုးပီးယားနိုင်ငံ မြို့ အက်ဒစ် အဘာဘာရှိ အာဖရိကသမ္မဂ ရုံးချုပ်အဆောက်အအုံ၌ ယမန်နေ့က ပြောကြားသည့် မိန့်ခွန်း၌ အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “သူတို့ရဲ့ သက်တမ်းကုန်တဲ့ ခေါင်းဆောင်းတွေက ဆင်းပေးဖို့ ငြင်းဆန်နေကြတာကြောင့် အာဖရိက ဒီမိုကရေစီတိုးတက်မှုဟာ အန္တရာယ်ရှိနေပါတယ်။ ဘယ်သူမှ တသက်လုံး သမ္မတလုပ်လို့ မရပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိကိုယ်တိုင်မှာလည်း မိမိအား ဆက်ခံမည်သူကို လက်ကမ်းကြိုဆိုရင် စောင့်မျှော်နေသည်ဟု ဆိုသည်။

    “ခင်ဗျားတို့ကို ကျွန်တော် ရိုးရိုးသားသားပြောရရင် ဒါမျိုး (ရာထူးက ဆင်းမပေးချင်တာ) ကို ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ကျွန်တော် ဆက်ပြီး ပြိုင်လို့ မရတော့ပါဘူး။ အမေရိက ရှေ့ဆက်သွားနေဖို့ ကျွန်တော်လုပ်ခဲ့ချင်တာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဥပဒေဟာ ဥပဒေပါပဲ။ ဘယ်သူမှ ဒီဥပဒေပေါ်မှာ မရှိပါဘူး။
    သမ္မတတွေရောပေါ့”

    အိုးဘားမားမှာ သမ္မတနေရာမှ ဆင်းမပေးသည့်အတွက် နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နေသည့် ဘူရန်ဒီနိုင်ငံအား ထောက်ပြခဲ့ကာ အာဏာအား ဖက်တွယ်ထားခြင်းမှာ ဘေးဖြစ်မည့် လမ်းကြောင်းပေါ်သို့ ပထမဆုံးချသည့် ခြေလှမ်းသာဖြစ်သည်ဟု ဆိုသည်။

    “တကယ်လို့ ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့နိုင်ငံကို အခြေမပျက်စေဖို့ သူသာလျှင် လုပ်နိုင်သူလို့ ထင်ရင်တော့ ဒီခေါင်းဆောင်ဟာ တိုင်းပြည်ကို တကယ်တည်ဆောက်ဖို့ ကျရှုံးသွားတာပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားမှာ အာဖရိကတိုက်အတွက် အတုယူစရာခေါင်းဆောင်ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera