သြဂုတ် ၃၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လနှင့် အီဒွလ်ဖိသီရ် အီးဒ်ပွဲတော်ကာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံသို့ ဘုရားဖူးလာရောက်ကြသူ အရေအတွက်မှာ ၂၆ သန်း ကျော်ခဲ့သည်ဟု မက္ကာမြို့ အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်။
“စုစုပေါင်း ရောက်ရှိလာသူ အရေအတွက်ဟာ ၂၆၇၂၉၇၀၉ ဦးရှိပြီး ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၄.၆ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်” ဟု မက္ကာဟ်မြို့ အုပ်ချုပ်ရေးမှူး၏ အကြံပေးဖြစ်ပြီး၊ ဆင်ခြေဖုံးဒေသ တိုးတက်ဖွံ့ဖြိုးရေး ကြီးကြပ်ဆောင်ရွက်သူ ဟီရှမ် အလ်-ဖာလေဟ်က ဒေသတွင်း မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။
သွားရေးလာရေး ကောင်းမွန်စေရန် ဆော်ဒီအစိုးရမှ စီစဉ်ပေးထားခြင်းက ထိုကဲ့သို့ လူအမြောက်အများ တိုးမြှင့်ရောက်ရှိလာရခြင်း၏ အဓိကအချက်လည်း ဖြစ်သည်။
အလ်-ဖာလေဟ်ကမူ မက္ကာဟ်မြို့သို့ ၀င်ပေါက်များနှင့် အတွင်းထဲတွင် သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်အစီးရေ ၁.၇ သန်းကို အသုံးပြုထားပြီး ဘုရားဖူးများ သွားလိုသည့်နေရာကို ပို့ဆောင်ပေးနိုင်ရန်အတွက် အခြား ယာဉ်အစီးရေ ၆.၆ သန်းကလည်း ၀န်ဆောင်မှုပေးနေသည်ဟု ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်အရေအတွက်မှာ ပြီးခဲ့သည့်နှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ထို့ပြင် စက်တင်ဘာလကုန်တွင် ကျရောက်မည့် ဟဂ်ျဘုရားဖူးကာလတွင်လည်း ဘုရားဖူးခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ရန် မျှော်လင့်ထားသည်။ မြင့်တက်လာသော ဘုရားဖူးများအား နေရာထိုင်ခင်း ပေးနိုင်ရန်အတွက် ဆော်ဒီအစိုးရမှာ ကန်ဒေါ်လာ ၂၀ ဘီလီယံကျော် အသုံးပြုကာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အား တိုးချဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည်။
Ref: Onislam

Leave a Reply
You must be logged in to post a comment.