သြဂုတ် ၃၊ ၂၀၁၅
M-Media
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးနိုင်ရေး အလှူငွေများ၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြဖို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ “MM ရောင်နက်” ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းနှိုးဆော်ထားပါတယ်။
အဓိကအားဖြင့် အလှူငွေ၊ အစားအသောက်နဲ့ ဆေးဝါးတွေကို လှူဒါန်းကြဖို့ ဗလီရဲ့ ကြော်ငြာသင်ပုန်းမှာ ရေးသားနှိုးဆော်ထားတာဖြစ်ပြီး၊ အလှူလက်ခံဌာနကိုလည်း အဲဒီဗလီဝတ်ကျောင်းတော်မှာပဲ ဖွင့်လှစ်ထားပါတယ်။
ဗလီဝတ်ကျောင်းတော်ရဲ့ တည်နေရာကတော့ မြယာကုန်းလမ်းနှင့် လမ်း ၁၃၀ ထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ကို ကျပ် သိန်းပေါင်း ၁၂၀၀ မတည်ကာ သြဂုတ်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ ဆက်သွယ်လှူဒါန်းနိုင်မယ့် နေရာ ၂၀ ကို သတ်မှတ်ပေးထားပါတယ်။
အနယ်အနယ်အရပ်ရပ်က ဗလီဝတ်ကျောင်းတော်တွေကနေတစ်ဆင့် တစ်နိုင်တစ်ပိုင် စုပေါင်းလှူဒါန်းနေကြတာမျိုးလည်း ရှိနေပြီး ရှေ့ဆောင်အီမ်မာတွေကလည်း အတိဒုက္ခရောက်နေသူတွေကို ကူညီကြဖို့ ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။
Leave a Reply
You must be logged in to post a comment.