News @ M-Media

Blog

  • ဝီဂါများ ညှင်းပမ်းနှိပ်စက်ခံနေရသည်ဆိုသည့် သတင်းကို တရုတ်က ထပ်ငြင်း

    ဝီဂါများ ညှင်းပမ်းနှိပ်စက်ခံနေရသည်ဆိုသည့် သတင်းကို တရုတ်က ထပ်ငြင်း

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ဗြိတိန်အခြေစိုက် ခုံအဖွဲ့တစ်ခုရဲ့ ဆုံးဖြတ်မှုကို လန်ဒန်မြို့ တရုတ်သံရုံးက ပယ်ချလိုက်​ပြီး တရုတ်ရန်သူတွေရဲ့ နိုင်ငံရေး ထိုးနှက်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်က ရှေ့နေတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖွဲ့စည်းထားတဲ့ ‘ဝီဂါခုံအဖွဲ့’ က ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ ကာဇက်လူမျိုးစုတွေအပေါ် တရုတ်အစိုးရက ​လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု​တွေ လုပ်ဆောင်နေရာမှာ သမ္မတရှီကျင့်ဖျင်က တာဝန်အရှိဆုံးဖြစ်တယ်လို့ ဒီဇင်ဘာ ၉ ရက် နေ့မှာ ဆုံးဖြတ်ထုတ်ပြန်ခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကျင့်သုံးနိုင်တဲ့ အာဏာမျိုး မရှိပါဘူး။

    လန်ဒန်မြို့ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒါဟာ တရုတ်ဆန့်ကျင်ရေးနဲ့ ခွဲထွက်ရေးအဖွဲ့တစ်ချို့က ပြည်သူတွေကို လှည့်စားဖို့ အသုံးပြုတဲ့ နိုင်ငံရေးလက်နက်တစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ခုံအဖွဲ့က ဘာပြောလဲ

    ရှင်ကျန်းက ဝီဂါနဲ့ တစ်ခြားလူမျိုးစုတွေ ကြုံတွေနေရတဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ လန်ဒန်အခြေစိုက် ခုံအဖွဲ့ကို ဗြိတိန်ရှေ့​နေ ဂျီယိုဖရေး နိုက်စ်က ဦးဆောင်တာပါ။

    “တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ရှင်ကျန်းလို့ခေါ်တဲ့ နိုင်ငံအနောက်မြောက်ပိုင်းဒေသက ဝီဂါ၊ ကာဇက်နဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေအပေါ် လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရှင်ကျန်းမှာဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ကွန်မြူနစ်ပါတီ (CCP) က ထိပ်ပိုင်းခေါင်းတွေမှာ လုံး၀ တာဝန်ရှိကြောင်း ခုံအဖွဲ့က သုံးသပ်ဆုံးဖြတ်ပါတယ် ” လို့ ကြာသာပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ ဝီဂါကွန်ဂရ် (WUC) က ရှင်ကျန်းပြည်နယ်မှာ ဖြစ်ပွားတဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ထူထောင်ဖို့ ၂၀၂၀ ခုနှစ်မှာ ရှေ့နေနိုက်စ်ကို တိုက်တွန်းခဲ့တာပါ။

    ရှင်ကျန်းပြည်နယ်က လူနည်းစုတွေ ဖိနှိပ်ညှင်းပမ်းခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် နိုင်ငံတစ်ချို့က လွှတ်တော်တွေ၊ လွှတ်တော်အမတ်တွေက သတ်မှတ်ထားကြပြီး၊ ထရမ့်အစိုးရနဲ့ လက်ရှိ ဘိုင်ဒန်အစိုးရက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်ပါတယ်။

    ဝီဂါနဲ့ အခြားလူနည်းစုတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အနုပညာ နယ်ပယ်စုံမှာ တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ခံနေရပြီး၊ လူ ၁ သန်းလောက် အကျဉ်းစခန်းတွေမှာ တရုတ်ဇာတ်သွင်းခြင်းခံနေရတယ်လို့ ကမ္ဘာ့မီဒီယာတွေ စုံစမ်းဖော်ထုတ် တင်ပြခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့ဟာ ခွဲထွက်ရေးအဖွဲ့သာဖြစ်ပြီး ဝီဂါခုံအဖွဲ့ကလည်း ယုံကြည်စိတ်ချရမှုမရှိတဲ့အဖွဲ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားစွဲရေး ICC ကို အဖွဲ့တစ်ခုက စာပို့တောင်းဆို

    အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားစွဲရေး ICC ကို အဖွဲ့တစ်ခုက စာပို့တောင်းဆို

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်တွေက စနစ်တကျ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုက နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို တောင်းဆိုလိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေကို မှတ်တမ်းယူနေတဲ့ Myanmar Accountability Project (MAP) အဖွဲ့က ဒီကနေ့ ICC ကို စာနဲ့ သက်သေအထောက်အထားတွေ ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့​နောက်ပိုင်း စစ်ကောင်စီတပ်တွေက လုပ်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်မှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။

    “သူ့ရဲ့ကွပ်ကဲမှုအောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို အကြီးအကျယ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး မတရားအာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်မှာ တာဝန်ရှိပါတယ်” လို့ MAP ရဲ့ ဒါရိုက်တာ ခရစ် ဂန်းနက်စ်က ပြောပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC က ပြစ်ဒဏ်ချမှတ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မိမိတို့ ထားရှိပြီး ဖမ်း၀ရမ်းထုတ်ဖို့အတွက် ခိုင်လုံတဲ့ အထောက်အထား အများအပြား ရှိနေတယ်လို့ ယုံကြည်ကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်​နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ​နိုင်ငံတစ်ဝှမ်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီနှိပ်စက်ခံခဲ့ရပါတယ်။

    ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နီကိုလက်စ် ကူမီဂျန်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ကျူးလွန်မှုအထောက်အထား စုစုပေါင်း ၂၁၉၀၀၀ ကျော်ကို စုဆောင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: TRT

  • အိန္ဒိယရဲတပ်ဖွဲ့​၏ ညွှန်ကြားစာတွင် ဆစ်ခ်နှင့်မွတ်စလင်များကို အကြမ်းဖက်သမားနှင့် နှိုင်းထား

    အိန္ဒိယရဲတပ်ဖွဲ့​၏ ညွှန်ကြားစာတွင် ဆစ်ခ်နှင့်မွတ်စလင်များကို အကြမ်းဖက်သမားနှင့် နှိုင်းထား

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    ကတ္တနီခရိုင်ရဲမှူး ဆူနေးလ် ကူးမားဂျိန်း

    -အာဏာရဟိန္ဒူအမျိုးသားရေးပါတီ BJP အုပ်စိုးတဲ့ နိုင်ငံအလယ်ပိုင် မဒ်ယာပရာဒက်ရှ်ပြည်နယ်က ရဲတပ်ဖွဲ့ရဲ့ညွှန်ကြားချက်တစ်ခုမှာ ဆစ်ခ်လူမျိုးနဲ့ မွတ်စလင်တွေကို အကြမ်းဖက်အဖွဲ့တွေနဲ့ ယှဉ်တွဲ ဖော်ပြထားပြီး ဒီအတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ကတ္တနီခရိုင်ရဲမှူး ဆူနေးလ် ကူးမားဂျိန်း လက်မှတ်နဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီညွှန်ကြားချက်မှာ “ဆစ်ခ်တွေ၊ မွတ်စလင်တွေ၊ JKLF၊ ULFA နဲ့ SIMI & LTTE အကြမ်းဖက်သမားတွေကို သေသေချာချာ စောင့်ကြည့်ပါ” လို့ ရေးသားထားပါတယ်။

    ပြည်နယ်ဝန်ကြီးချုပ် မန်ဂူဘိုင် စီ ပတေးလ် ကတ္တနီခရိုင်ကို လာရောက်မယ့် ခရီးစဉ်အတွက် လုံခြုံရေးဆိုင်ရာ စီစဉ်ထားဖို့ ၂ မျက်နှာခွဲရှိတဲ့ ညွှန်ကြားချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။

    BJP ရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ အတွင်းရေးမှူး ကေကေမစ်ရှ်ရာက ကတ္တနီခရိုင်ရဲမှူး ရဲ့ ဒီလုပ်ရပ်ကို Twitter စာမျက်နှာကနေတစ်ဆင့် ရှုတ်ချခဲ့ပါတယ်။

    “တိုင်းပြည်က လယ်သမားတွေ၊ မွတ်စလင်တွေကို အကြမ်းဖက်သမားအဖြစ် BJP က ပြုမူဆက်ဆံနေတယ်။ အခု အုပ်ချုပ်ရေးမှူးလာမယ့်ခရီးစဉ်မှာ ကတ္တနီရဲမှူးနဲ့ ရဲစခန်းက ဆစ်ခ်နဲ့ မွတ်စလင်တွေကို အကြမ်းဖက်သမားအဖြစ် တရားဝင် တံဆိပ်ကပ်လိုက်ပြီ။ မင်းက စခန်းမှူးလား၊ BJP အတွက် ပြောပေးနေတာလား။ BJP အစိုးရက မင်းကို Padma Shri ဘွဲ့ ပေးတော့မယ်ထင်တယ်’

    Padma Shri ဟာ အိန္ဒိယအစိုးရက အရပ်သားတွေကိုချီးမြှင့်တဲ့ စတုတ္ထမြောက်အမြင့်ဆုံး ဂုဏ်ပြုဆု ဖြစ်ပါတယ်။

    ကတ္တနီခရိုင်ရဲမှူး ကူးမားဂျိန်းက စာမှားရိုက်မိတာသာဖြစ်ပြီး၊ စာရိုက်တဲ့ စာရေးကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: deccanherald

  • ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်သူများ ပြန်ပေးဆပ်ရမည်ဟု တရုတ်ခြိမ်းခြောက်

    ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်သူများ ပြန်ပေးဆပ်ရမည်ဟု တရုတ်ခြိမ်းခြောက်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ် ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့ တရုတ်က အနောက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်အောင် လူ့အခွင့်အရေးချိုးဖောက်မှု​ကို ဆန့်ကျင်​တဲ့အနေနဲ့ ၂၀၂၂ ခုနှစ် ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ အမေရိကန်က အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဩတေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့လည်း သပိတ်မှောက်ကြောင်း မနေ့က ကြေငြာပါတယ်။

    ဒီသပိတ်မှောက်မှုဟာ အားကစာသမားတွေ မစေလွှတ်တာမျိုးသာ ဖြစ်ပေမယ့် တရုတ်အစိုးရက ဒေါသထွက်ခဲ့ပြီး လက်တုန့်ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ပြောပါတယ်။

    “အိုလံပစ်ပြိုင်ပွဲအပေါ် နိုင်ငံရေးအမြတ်ထုတ်တဲ့ အမေရိကန်၊ ဩစတေးလျ၊ ဗြိတိန်နဲ့ ကနေဒါတို့ရဲ့ လုပ်ရပ်ကို လူတွေက ထောက်ခံမှာမဟုတ်သလို၊ ကိုယ့်ကိုယ်ကို ဖယ်ကျဉ်လိုက်တာ ဖြစ်ပါတယ်။ ဒီအမှားတွေအတွက် မုချဧကန် ပြန်ပေးဆပ်ရပါလိမ့်မယ်”

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဒီလိုသပိတ်မှောက်မှုကို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကြိုဆိုပါတယ်။

    လူ့အခွင့်အရေး​စောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ တရုတ်ဆိုင်ရာ ဒါရိုက်တာ ဆိုဖီ ရစ်ချက်ဆန်က ဝီဂါနဲ့ အခြား တူရကီစကားပြော လူနည်းစုတွေအပေါ် တရုတ်အစိုးရက ရာဇဝတ်မှု ကျူးလွန်နေတာကို ဆန့်ကျင်ရာမှာ အခုသပိတ်မှောက်မှုက အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • အီရတ်တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု အဆုံးသတ်

    အီရတ်တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု အဆုံးသတ်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်သွားပြီလို့ အီရတ်နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။

    စစ်ရေးလှုပ်ရှားမှု အဆုံးသတ်ပြီး အီရတ်တပ်ဖွဲ့ကို အကြံပေးတဲ့ တာဝန်သာ ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ဆွေးနွေးမှု ပြီးဆုံးသွားတဲ့အချိန်မှာ အီရတ် အမျိုးသားလုံခြုံရေးအကြံပေး ကာစင် အလ်-အရဂျ်က Twitter စာမျက်မှာ ​​ရေးသားခဲ့တာ ဖြစ်ပါတယ်။

    “မဟာမိတ်အဖွဲရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်ပြီလို့ တရားဝင်ကြေငြာလိုက်ပါတယ်။ လေ့ကျင့်သင်ကြားရေး၊ အကြံပေးရေးနဲ့ စွမ်းရည်မြှင့်တင်ရေးတွေမှာတော့ နိုင်ငံတကာမဟာမိတ်အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ”

    အီရတ်ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ဖက်က တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် နှစ်ကုန်မှာ အီရတ်က စစ်ရေးလှုပ်ရှားမှုအားလုံး အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို စောင့်ထိန်းမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ဘဂ္ဂဒတ်က ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ ကာ့ဒ်တပ်ဖွဲ့က ဗိုလ်မှူးချုပ် ဟဇ်ဟာ အစ္စမာအီလ်က စစ်ရေးလှုပ်ရှားမှု အခုနှစ်ကုန်မှာ အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို အကောင်ထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေတဲ့အကြောင်း ဟာမိတ်အဖွဲ့က ပြောခဲ့တယ်လို့ ဆိုပါတယ်။

    ‘အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ’ ခေါင်းစဉ်နဲ့ အီရတ်ကို အမေရိကန်က ၂၀၀၃ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အီရတ်က အမေရိကန်စစ်သားအရေအတွက်ဟာ ၂၀၀၇ ခုနှစ်မှာ ၁ သိန်း ၇ သောင်းအထိ ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြန်လျှော့ခဲ့ကာ လက်ရှိမှာတော့ အမေရိကန်စစ်သား ၂၅၀၀၊ မဟာမိတ်စစ်သား တစ်ထောင်လောက်သာ ကျန်ရှိပါတယ်။

    Ref: Aljazeera