News @ M-Media
Blog
  • ထောင်ဖောက်ပြေးသည့် မက္ကဆီကို မူးယစ်ရာဇာ၏ ဓာတ်ပုံများ ထွက်ပေါ်လာ
    ထောင်ဖောက်ပြေးသည့် မက္ကဆီကို မူးယစ်ရာဇာ၏ ဓာတ်ပုံများ ထွက်ပေါ်လာ
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    mx 2
    – ပြီးခဲ့သည့် စနေနေ့မနက်ပိုင်းက ထောင်ဖောက်သွားသည့် မက္ကဆီကို မူးယစ်ရာဇာ၏ ထွက်ပြေးပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ဓာတ်ပုံ ၂ ပုံကြောင့် ၎င်းထွက်ပြေးရာ အကျဉ်းထောင် အုပ်ချုပ်ရေးမှူးကို ထုတ်ပယ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီး မီဂွဲ အိန်ဂျယ် အိုဆိုရီယို ချောင်က ပြောကြားခဲ့သည်။
    ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန် ထွက်ပြေးသွားပြီးနောက် ၂ ရက်ကြာ ယမန်နေ့တွင် ဘီယာသောက်နေသည့်ပုံနှင့် လေယာဉ်စီးနေသည့်ပုံများ ထွက်ပေါ်လာခြင်းဖြစ်ကာ ထို့နောက်တွင် အလ်တီပါလ်နို အကျဉ်းထောင်မှ အုပ်ချုပ်ရေးမှူးမှာ
    ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။
    မူးယစ်တိုက်ဖျက်ရေး အေဂျင်စီက ယမန်နေ့တွင် ထုတ်ပြန်သည့် စာရွက်စာတမ်းများ၌ အမေရိကန်မှာ ဂူဇ်မန် ထောင်ဖောက်ပြေးမည့် အစီအစဉ်နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၁၆ လကတည်းက မက္ကဆီကို အာဏာပိုင်များသို့ သတိပေးထားသည်ဟု ဖော်ပြထားသည်။
    အိုဆိုရီယိုချောင်က ဂူဇ်မန် ထောင်ဖောက်မပြေးခင် ၎င်းအချုပ်ခန်း၏ အခြေအနေများအား ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို မကြာမီ ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
    ယခုလက်ရှိတွင် ဂူဇ်မန်အား သတင်းပေးနိုင်သူကို ပီဆို သန်း ၆၀ (ကန်ဒေါ်လာ ၃.၈ သန်း) ပေးအပ်သွားမည်ဟု မက္ကဆီကိုအာဏာပိုင်များက ဆုကြေးငွေထုတ်ထားသည်။
    ဂူဇ်မန်၏ ဓာတ်ပုံများကို ၎င်း၏ သားတစ်ဦးက မက္ကဆီကိုရှိ မူးယစ်စစ်ပွဲများကို စောင့်ကြည့်နေသော ဘလော့ El Blog de Narco သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထောင်မှထွက်ပြေးပြီးနောက် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများဟုဆိုသည်။
    rx
    အကျဉ်းထောင်ထဲမှ ဓာတ်ပုံတွင် ဂူဇ်မန်မှာ ခေါင်းတုံး တုံးထားပြီး ၎င်း၏ အမှတ်သညာဖြစ်သော နှုတ်ခမ်းမွှေးကိုလည်း ရိတ်ထားသည်။ သို့သော်လည်း ယခုထွက်ပေါ်လာသည့် ဓာတ်ပုံတွင် ထူထဲသော ဆံပင်နှင့် နှုတ်ခမ်းမွှေးကို တွေ့မြင်ရသည်။
    ထို့ပြင် မက္ကဆီကိုဆန့်ကျင်သည့် သဘောထားများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသော အမေရိကန်မှ နာမည်ကြီးသူဌေး ဒေါ်နဲလ်ထရမ့်အနေဖြင့် ၎င်း၏ ပြောဆိုမှုများကို ရပ်တန့်ရန် ဂူဇ်မန်က Twitter မှတစ်ဆင့် ခြိမ်းခြောက်ခဲ့သည်။
    Ref: Dialymail
  • အာဂျင်တီးနားသို့ ပြန်လာရခြင်းကို ပျော်ရွှင်မိသည်ဟု တီဗက်ဇ်ဆို
    အာဂျင်တီးနားသို့ ပြန်လာရခြင်းကို ပျော်ရွှင်မိသည်ဟု တီဗက်ဇ်ဆို
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    te
    – ဘောလုံးသမားဘ၀စတင်ရာ ဘိုကာဂျူနီယာအသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းကို မိမိအနေဖြင့် အလွန်ပျော်ရွှင်မိပြီး မိမိမှာအကောင်းဆုံး ပုံစံရှိနေဆဲဖြစ်သည်ဟု အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ပြောကြားလိုက်သည်။
    အသက် ၃၁ နှစ်အရွယ်ရှိ တီဗက်ဇ်မှာ အက်သလက်တီကိုမက်ဒရစ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ဂျူဗင်တပ်စ်မှ ၎င်းအား ပြုစုပျိုးထောင်ပေးခဲ့ရာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
    ယမန်နေ့က ဘိုကာဂျူနီယာပရိတ်သတ်နှင့် မိတ်ဆက်ခဲ့ပြီး ပရိတ်သတ်များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကာ တီဗက်ဇ်ကလည်း မိမိမှာ အိမ်ပြန်လာရန် တစ်နှစ်ခန့် စောင့်ခဲ့ရသည်ဟု ဆိုသည်။
    “ဘိုကာကို ကျွန်တော်စွန့်ခွာတဲ့အချိန်က ကျွန်တော့်အသက် ၂၀ ပဲ ရှိပါသေးတယ်။ အခု ကျွန်တော် ၃၁ နှစ်ပါ။ ရင့်ကျက်လာတယ်၊ အတွေ့အကြုံတွေပိုလာတယ်။ ပြီးတော့ လူငယ်တွေအတွက် အတုယူစရာဖြစ်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ အကောင်းဆုံး ပုံစံကို ပြန်ရနေပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ကျွန်တော့်ဟာ အိမ်ပြန်ဖို့ စဉ်းစားနေခဲ့တာပါ” ဟု တီဗက်ဇ်က
    အဆိုပါ မိတ်ဆက်ပွဲတွင် အာဂျင်တီးနား မီဒီယာများသို့ ပြောကြားခဲ့သည်။
    ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားခဲ့သည့် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီကိုလည်း ကျေးဇူးတင်မိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    “မနက်ဖြန် အသင်းသားတွေနဲ့ ကျွန်တော် လေ့ကျင့်ချင်ပါတယ်။ ပြီးတော့ စနေနေ့ ကွီမက်စ်နဲ့ပွဲမှာ ကျွန်တော်ဟာ ကစားဖို့ အခြေအနေကောင်းမှာ ရှိနေတယ်ဆိုတာ သူတို့ကိုပြချင်ပါတယ်”
    Ref: Goal
  • အီရန်နျူအရေး သဘောတူညီချက်ရပြီ
    အီရန်နျူအရေး သဘောတူညီချက်ရပြီ
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    iran
    – ၁၀ စုနှစ်တစ်ခုကြာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည့် နျူကလီးယားအရေးအတွက် အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သံတမန်များက ယနေ့တွင် ပြောကြားလိုက်သည်။
    အဆိုပါ သဘောတူညီချက်အရ အီရန်၏ နျူကလီးယားအစီစဉ်ကို ၁၀ စုနှစ် တစ်ခုကျော် ကန့်သတ်ထားမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်၏ ရေနံတင်ပို့မှုနှင့် နိုင်ငံ၏ စီးပွားရေးကို ထိုခိုက်စေသော ပိတ်ဆို့မှုများအားလုံးကို တစ်ဖြည်းဖြည်း ဖယ်ရှားပေးမည်ဖြစ်သည်။
    “အလုပ်တွေအားလုံး အောင်မြင်ခဲ့ပြီး ကျွန်တော်တို့ သဘောတူညီချက် ရရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ပြည်သူတွေအားလုံးကို ဘုရားသခင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါစေ” ဟု အမည်မဖော်လိုသည့် အီရန်သံတမန်တစ်ဦးက ပြောကြားခဲ့ပြီး အခြား အီရန်တာဝန်ရှိသူ
    တစ်ဦးကလည်း သဘေတူညီချက် ရရှိခဲ့သည်ဆိုခြင်းကို အတည်ပြုခဲ့သည်။
    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ ဗီယင်နာရှိ ကုလရုံးချုပ်တွင် ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ နာရီခွဲ၌ တွေ့ဆုံမည်ဖြစ်ပြီး၊ သဘောတူညီချက်အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားမည်ဟု ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်နှင့် ဥရောပနိုင်ငံရေးရာပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီတို့မှာ ပူးပေါင်း၍ ကြေညာချက်တစ်ခု ထုတ်ပြန်ရန်လည်း ရှိနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။
    အဆိုပါ သဘောတူညီချက်ရရန် လပေါင်း ၂၀ ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဇွန်လ ၃၀ ရက်နေ့က နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း မပြီးပြတ်သဖြင့် ဆက်လက်ဆွေးနွေးခဲ့ရခြင်း ဖြစ်သည်။
    Ref: Channelnewsasia
  • ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော
    ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    mu
    – ဒဏ်ရာကြောင့် ဘွန်ဒစ်လီဂါတွင် ခြေစွမ်းမပြနိုင်ခြင်းကို ကျော်လွှားနိုင်ခဲ့ပြီး မန်ယူအသင်းမှာလည်း လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ကို ဆွတ်ခူးရရှိနိုင်သည်ဟု အသင်း၏ ကွင်လယ်လူသစ် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်သည်။
    အသက် ၃၀ အရွယ်ရှိ ရှဝိုင်းစတိုင်ဂါကို မန်ယူက ပြီးခဲ့သည့် သီတင်းပတ်တွင် ကမ်းလှမ်းခဲ့ပြီးနောက် ယမန်နေ့က မန်ယူနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
    ၎င်းမှာ ဒဏ်ရာပြဿနာများကြောင့် ယမန်နှစ်က ဘိုင်ယန်မြူးနစ်အသင်းတွင် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း မိမိမှာ ဒဏ်ရာပြဿနာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါက ဆိုသည်။
    “အားလုံးအေးဆေးပါပဲ။ မန်ယူအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ပြီးတော့ ဒီကိုရောက်လာတာ တကယ့်ကို ပျော်ပါတယ်။ တကယ်တော့ ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော် ခက်ခဲခဲ့ပြီး အောက်တိုဘာလကုန်လောက်အထိ ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရှဝိန်းစတိုင်ဂါက MUTV သို့ ပြောကြားခဲ့သည်။
    ထို့ပြင် နောက်ပိုင်းတွင် ဘိုင်ယန်အသင်းနှင့် အချိန်ကောင်းများရခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိမှာ ကောင်းဆုံးဖြစ်နေသည်ဟု ခံစားရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “ကျွန်တော်ဟာ ဆုဖလားတွေရဖို့ ဒီကိုရောက်လာခဲ့တာပါ။ ပြီးတော့ ဆုဖလားရရှိခြင်းဆိုတာ မန်ယူက အသားကျနေတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ မန်ယူဂျာစီဝတ်ပြီး ကစားဖို့ စိတ်အားထက်သန်နေပါတယ်”
    Ref : Goal
  • အစ္စလာမ်အပေါ် အမြင်မှားများ ဖယ်ရှားရေး ဘီလ်ဘုတ်လှုပ်ရှားမှုကို အမေရိကန်တွင် ပြုလုပ်
    အစ္စလာမ်အပေါ် အမြင်မှားများ ဖယ်ရှားရေး ဘီလ်ဘုတ်လှုပ်ရှားမှုကို အမေရိကန်တွင် ပြုလုပ်
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    us
    – အစ္စလာမ်၏ စစ်မှန်သော သတင်းစကားကို ဖော်ပြခြင်းဖြင့် သာသနာအပေါ် ရှိနေသည့် ထင်မြင်ယူဆချက်အမှားများကို ပြင်ဆင်ပေးရန်၊ အစ္စလာမ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုရှာဖွေသူများအား ခိုင်မာတိကျသည့် အဖြေများ ပေးရန်အတွက်
    အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ဘီလ်ဘုတ်လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။
    ပြည်နယ်၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သော ဂျက်ဆွန်ဗီလီတွင် အဆိုပါလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိနေသည်။
    “ဖုန်းခေါ်ကြတဲ့သူ အများစုကတော့ သူတို့မှာ မေးခွန်းတွေရှိရင် သူတို့ဟာ အစ္စလာမ့်စင်တာကို လာရောက်ချင်ကြပြီး မွတ်စလင်တွေနဲ့ တွေ့ချင်ကြပါတယ်။ ပြီးတော့ ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန် ဒါမှမဟုတ် အစ္စလာမ့်စာပေတွေကိုလည်း သူတို့က လိုချင်ပါတယ်။ အစ္စလာမ့်စင်တာကို လာရောက်လည်ပတ်ရုံပါပဲ” ဟု မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်း ICNA မှ ဒေသတွင်း ဥက္ကဌဖြစ်သူ မိုဟာမက်အီလ်ယက်စ်က ပြောကြားခဲ့သည်။
    အဆိုပါ ဘီလ်ဘုတ်လှုပ်ရှားမှုအသစ်ကို ICNA က ဆောင်ရွက်ခြင်းဖြစ်ပြီး “မုဟမ္မဒ်ဆိုတာဘယ်သူလဲ” ဟု ရေးသားထားသော ဘီလ်ဘုတ်ကြီး ၃ ခုကို ဂျက်ဆွန်ဗီလီမြို့တစ်ဝှမ်းတွင် စိုက်ထူထားကာ အစ္စလာမ်နှင့်ပတ်သက်၍ အသိပညာပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ အဆိုပါဘီလ်ဘုတ်များတွင် အစ္စလာမ်နှင့်ပတ်သက်၍ အခမဲ့မေးမြန်းနိုင်သော ဖုန်းနံပါတ်နှင့်
    အီလ်ယက်စ်၏ အဆိုအရ အဆိုပါလှုပ်ရှားမှုကို ပြီးခဲ့သည်လက စတင်ပြီးနောက်ပိုင်းတွင် ICNA မှ စေတနာ့ဝန်ထမ်းများမှာ ဖုန်းခေါ်ဆိုမှု ထောင်နှင့်ချီ ရရှိခဲ့သည်ဟု သိရသည်။
    “ကျွန်တော့် အသားအရောင်ကို ကျွန်တော် စီမံလို့မရဘူး၊ ဘာသာစကားကိုလည်း ထိန်းချုပ်လို့မရဘူး၊ ကျွန်တော့် လူမျိုးကိုလည်း ကျွန်တော် မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းနိုင်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရား၊ ကျွန်တော့်ရဲ့အသိသတိ၊ အခြားသူတွေနဲ့ ဆက်ဆံရေး အဲဒါတွေကိုတော့ ကျွန်တော် ထိန်းနိုင်ပါတယ်။ တကယ်လို့များ တစ်ပါးသူတွေကို
    ဘယ်လိုယူဆမလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်ကို ကျွန်တော်တို့ပြင်နိုင်ရင် တရားမျှတမှုကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်” ဟု အီလ်ယက်စ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့သော ဘီလ်ဘုတ်လှုပ်ရှားမှုကို အမေရိကန်ရှိ အခြားသောမြို့များတွင်လည်း ပြုလုပ်ခဲ့ပြီး ဘီလ်ဘုတ် ၈၀ ကျော်ဖြင့် အစ္စလာမ်နှင့်ပတ်သက်သည့် တင်ကူးမှန်းဆမှုများကို ပပျောက်ရန် ဆောင်ရွက်နေသည်။
    ICNA မှာ မြောက်အမေရိကတွင် အောက်ခြေအထိရောက်ရှိသည့် အကျိုးအမြတ်မယူသော အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်ပြီး လူ့အဖွဲ့အစည်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအတွက် ကူညီရန် ဖော်ဆောင်ထားသော စီမံကိန်းများ
    အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်နေသည်။
    ICNA မှာ ၁၉၆၈ ခုနှစ်ကတည်းက ပညာရေး၊ ဆေးဘက်ဆိုင်ရာ၊ လူမှုဝန်ဆောင်မှုလုပ်ငန်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းများအကြား ဆက်ဆံရေးတည်ဆောက်မှုတွင် လုပ်ဆောင်ခဲ့သည်။
    ပြီးခဲ့သည့်နှစ်တွင် ICNA မှာ ရှရီအာနှင့် ပတ်သက်၍ အမေရိကန်များအား ပညာပေးရန်၊ မှားယွင်းသော အမြင်များကို ဖယ်ရှားရန်အတွက် လှုပ်ရှားမှုတစ်ခုလည်း ပြုလုပ်ခဲ့သေးသည်။
    Ref: Onislam