ဇူလိုင် ၂၀၊ ၂၀၁၅
M-Media
– စနေနေ့က အသင်းဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရသည့် ဘာတိုမြူမှာ ဘာစီလိုနာအသင်းအား ဖျက်ဆီးလိမ့်မည်ဟု ဥက္ကဌဟောင်း လာပေါ်တာက ပြောကြားလိုက်သည်။
ဘာစီလိုနာအသင်းအား ပထမဆုံးအကြိမ် ဖလားသုံးလုံးရရှိအောင် စီမံပေးနိုင်ခဲ့သည့် လာပေါ်တာမှာ အဆိုပါ ဥက္ကဌရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့ပြီး ၂၀၁၃ ခုနှစ်က နေးမာအပြောင်းအရွှေ့နှင့် ဆက်စပ်သည့် အခွန်လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော ဘာတိုမြူ၏နောက် ဒုတိယသာ ရရှိခဲ့သည်။
“ကျွန်တော်တို့အတွက် မဲပေးခဲ့သူတွေနဲ့ ကျွန်တော်တို့ကို ထောက်ခံသူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့သူကိုလည်း ကျွန်တော် ချီးကျူးချင်ပြီး အသင်းမှာ မတူညီတဲ့ ပုံစံ ၂ မျိုး ရှိတယ်ဆိုတာကိုလည်း ကျွန်တော်က ရှင်းရှင်းလင်း ပြောချင်ပါတယ်။ ကာတာရဲ့ လက်ခုပ်ထဲမှာ လုံးဝရှိနေပြီး အသင်းကို ဖျက်ဆီးမယ့် တရားစွဲခံနေရတဲ့ ဥက္ကဌတစ်ယောက် ကလပ်ကို ကိုင်တွယ်ခြင်းကနေ ရှောင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး” ဟု လာပေါ်တာက Marca သတင်းစာသို့ ပြောကြားခဲ့သည်။
လာပေါ်တာက ၎င်းမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်ခြင်း ခံရပါက ကာတာလေကြောင်းလိုင်းနှင့် စပွန်ဆာကို အဆုံးသတ်ကာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာအား ခေါ်ယူပေးသွားမည်ဟု ကတိပြုခဲ့သူဖြစ်သည်။
“ကျွန်တော်က ဒီမိုကရက်တစ်ယောက်ဖြစ်ပြီး ရလဒ်ကို လက်ခံပါတယ်။ ဆွေးနွေးငြင်းခုံမှု လုံလုံလောက်လောက် မရှိခဲ့တဲ့အတွက်ကြောင့် ဒါဟာ ခက်ခဲတဲ့ မဲဆွဲပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရင်ဆိုင်ကြည့်ရတာပေါ့”
Ref: Goal


Leave a Reply
You must be logged in to post a comment.