ဇူလိုင် ၁၉၊ ၂၀၁၅
M-Media
– ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် ငယ်စဉ်က နာဇီအလေးပြုနည်းအတိုင်း အလေးပြုနေသည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဘက်ကင်ဟမ်နန်းတော်က ထိုဗီဒီယိုအတွက် ကာကွယ်ပြောကြားခဲ့ပြီး အသုံးပြုမှုအတွက်လည်း စိတ်ပျက်မိသည်ဟု ဖွင့်ဟခဲ့သည်။
၁၉၃၃ ခုနှစ်ခန့်က ရိုက်ထားသည့် အဆိုပါဗီဒီယိုကို ဗြိတိန်၏ အရောင်းရဆုံး The Sun သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာ အာဏာရစအချိန်တွင် ရိုက်ကူးထားသည့် အဆိုပါဗီဒီယို၌ နောက်ပိုင်းတွင် ဘုရင်ဖြစ်ခဲ့သည့် အက်ဒ၀ပ် ၈ က ၎င်း၏ တူမများဖြစ်ကြသော အသက် ၇ နှစ်အရွယ် အဲလိဇဘတ် (လက်ရှိဘုရင်မ)၊ သူမ၏ သုံးနှစ်အရွယ် ညီမ မင်းသမီး မာဂရက်တို့အား ဟစ်တလာအလေးပြုနည်း သင်ပေးနေသည်ကို တွေ့ရှိခဲ့ရသည်။
အလေးပြုမှု၏ အရေးပါပုံကို အနည်းငယ်သာ နားလည်ပုံရပြီး ကခုန်မြူးထူးနေကြသည့် အဆိုပါ ကလေးနှစ်ယောက်အား စကော့တလန်ရှိ တော်ဝင်ခြံတစ်ခြံတွင် အက်ဒ၀ပ်က အလေးပြုပုံပြုနည်းကို အကျဉ်းချုပ် သင်ပေးခဲ့ခြင်းဖြစ်သည်။
The Sun ကမူ ၁၇ စက္ကန့်သာ ကြာမြင့်သော ထိုဗီဒီယိုကို ၎င်းတို့၏၀ဘ်ဆိုက်တွင် Their Royal Heilnesses ခေါင်းစဉ်ဖြင့် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယိုတွင် အပ်ဒ၀ပ်နှင့် ၎င်း၏ ခယ်မဖြစ်သော အဲလိဇဘတ်ဘုရင်မကြီး၏ မိခင်မှာလည်း နာဇီအလေးပြုနည်းအတိုင်း အလေးပြုခဲ့ကြသည်။
“လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က ရိုက်ထားတဲ့ ဒီဗီဒီယိုအတွက် စိတ်ပျက်ရပါတယ်။ ဘုရင်မကြီးရဲ့ မိသားစုမော်ကွန်းတိုက်ကဖြစ်တဲ့ ဒီဗီဒီယိုဟာ ရယူခံလိုက်ရပြီး ဒီလိုပုံစံနဲ့ အမြတ်ထုတ်ခံလိုက်ရပါတယ်။ လူအများစုကတော့ ဒီဗီဒီယိုတွေကို သူတို့ရဲ့ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှုအတွင်းမှာ ရှုမြင်ပါလိမ့်မယ်။ ဒါဟာ မိသားစုဗီဒီယိုဖြစ်ပြီး ခေတ်ပြိုင် သတင်းဗီဒီယိုတွေမှာ
အများစု တွေ့မြင်ဖူးခဲ့ကြတဲ့ ဟန်ပန်တစ်ခုကို တစ်ခဏတာ ရည်ညွှန်းတာပဲ ဖြစ်ပါတယ်” ဟု ဘက်ကင်ဟမ် နန်းတော်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုအချိန်က လှုံဆော်မှုသဘောထား မပါဝင်ခဲ့ကြောင်း၊ ထိုဗီဒီယိုအား တစ်စုံတစ်ခု သဘောသက်ရောက်စေခြင်းမှာ မှားယွင်းပြီး မရိုးသားမှုသာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ နန်းရပြီး ၁၁ လအကြာတွင် အချစ်ရေးအတွက် နန်းစွန့်ခဲ့သည့် အက်ဒ၀ပ်ဘုရင်မှာ ဟစ်တာလအစိုးရအား စာနာသူအဖြစ် လူသိများသည်။
The Sun သတင်းစာ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ စတဂ် အဘဲလ်ကမူ ထိုတင်ပြမှုမှာ ပြည်သူများ၏ စိတ်ဝင်စားမှုအတွက်ဖြစ်ပြီး သတင်းစာတွင် ထိုသတင်းပတ်သက်၍ ၈ မျက်နှာ ဖော်ပြမှုတွင်လည်း သင့်လျော်သည့် သမိုင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်ဟု
ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ဗီဒီယိုအား မည်ကဲ့သို့ ရရှိခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။
Ref: Aljazeera
















