News @ M-Media

Blog

  • အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီနဲ့စကားပြောဖို့ စီစဉ်ထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖိတ်သင့်တယ်လို့ ဆိုပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူမှာပါ။

    တရုတ်ကငွေကြေးထောက်ပံ့ထားတဲ့ ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံအစည်းအဝေးတွေမှာ ၁၀ နိုင်ငံစလုံး ပါဝင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဟာ အာဆီယံမိသားစုဝင်နိုင်ငံပါ။ အစည်းအဝေးတွေကိုတက်ပိုင်ခွင့် သူတို့မှာ ရှိပါတယ်”

    ဟွန်ဆန်ဟာ ပြီးခဲ့တစ်ပတ်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားလာဖို့ ဖိတ်ခေါ်ထားပြီး ဒီဇင်ဘာ ၇ ရက်နေ့ လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ရှိတယ်လို့လည်း ဒီကနေ့မိန့်ခွန်းမှာ ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အလုပ်တွဲလုပ်နိုင်ရေး ကျွန်တော် နေပြည်တော်ကိုသွားရောက်ဖို့ အလားအလာ တော်တော်လေးကောင်းပါတယ်။ ခေါင်းဆောင်ပိုင်းနဲ့အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့ တွဲလုပ်ရမလဲ”

    အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ရဆိုတဲ့ အာဆီယံပဋိဉာဏ်ကို ဟွန်ဆန်က ထောက်ပြခဲ့ပြီး ဒီပဋိဉာဏ်အရ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ မောင်းထုတ်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၄၀ နီးပါး ရယူထားပြီး အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရသူပါ။ သူ့နေရာကို စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူက ဆက်ခံလိမ့်မယ်လို့ ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    ရှိခ်သာနွန်ဟာ နှင့် အလီ ရှမ်ခါနီ၊

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရှိခ် သာနွန် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အီရန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။

    ယူအေအီးနဲ့ အီရန်တို့ဟာ ဒေသတွင်းပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းဖက်က ပါဝင်ရပ်တည်ပေးနေပြီး ဆက်ဆံရေးတင်းမာနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်လာပါတယ်။

    ရှိခ်သာနွန်ဟာ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီ ရှမ်ခါနီ၊ သမ္မတ အီဘရာဟင် ရိုင်စီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်နဲ့ ဒေသတွင်းပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

    အီရန် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှမ်ခါနီက အရှေ့အလယ်ပိုင်းဒေသကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ကြောင်း၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ရှိခ်သာနွန် လာရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်စတင်ကာ၊ ဒေသတွင်း ဆက်ဆံရေး ချဲ့ထွင်ဖို့ အခြေခံ​အုပ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်းရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့လည်း ပြီးခဲ့တဲ့လတွေအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့ပြီး ဧပြီလကစလို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အီရတ်မှာ လျှို့ဝှက် တွေ့ဆုံနွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref : Aljazeera

  • စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘာချလတ်က ပြောကြားပြီး ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ဒီကနေ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    “စစ်တပ်ကထိန်းချုပ်တဲ့ တရားရုံးမှာ လူမသိသူမသိ လီဆယ်တရားစွဲဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံကို ထောင်ချလိုက်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်ဖို့ကလွဲပြီး တစ်ခြားမဟုတ်ပါဘူး။ သူမရဲ့ လွတ်မြောက်ခွင့်ကို တစ်ဖက်သက်ငြင်းဆန်တာတင်မကဘဲ နိုင်ငံရေးဆွေးနွေးမှုတခါးကိုပါ ပိတ်လိုက်တာပါ” လို့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံကိန်းဝန်ကြီးတို့ကို ပြီးခဲ့တဲ့လက စစ်ကောင်စီကနေ ထောင်ဒဏ် ၇၆ နှစ်နဲ့ နှစ် ၉၀ အသီးသီးချမှတ်လိုက်တာကို ဘာချလတ်က ​ထောက်ပြခဲ့ပြီး နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားရေးအတွက် တရားရေးကို စစ်ကောင်စီက အလွဲသုံးစားလုပ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “တရားဥပဒေ ချိုးဖောက်အာဏာသိမ်းထားပြီး၊ စစ်အာဏာရှင်စနစ်သွားနေတာကို ဒီလိုတရားစွဲဆိုမှုတွေနဲ့ ဖုံးထားလို့ မရပါဘူး”

    မနေ့က ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကားနဲ့ ရက်ရက်စက်စက် တိုက်သတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ လက်ရှိ တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    Ref: AFP

  • ဘာသာရေးစော်ကားမှုခေါင်းစဉ်တပ်၍ အကြမ်းဖက်မှုအတွက် လူ ၁၂၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီးထား

    ဘာသာရေးစော်ကားမှုခေါင်းစဉ်တပ်၍ အကြမ်းဖက်မှုအတွက် လူ ၁၂၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီးထား

    ဒီဇင်ဘာ ၄၊ ၂၀၂၁
    M-Media

    -တမန်တော်မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သီရိလင်္ကာနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရမှုမှာ ပါဝင်သူ အနည်းဆုံး ၁၂၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အစိုးရက ထုတ်ပြန်ပါတယ်။

    မြို့တော် အစ္စလာမ်မာဘတ်မှာ သောကြာ​နေ့က ဖြစ်ပွားခဲ့တာပါ။ စက်ရုံမန်နေဂျာ သီရိလင်္ကာနိုင်ငံသားတစ်ဦးက တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက စက်ရုံကို၀ိုင်းပြီး မန်နေဂျာကို ဆွဲထုတ်ကာ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်ကို ကျူးလွန်သူတွေက ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်မှာပါ လွှင့်တင်ခဲ့ပါတယ်။

    ပါကစ္စတန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူရမ် ရှဇက်က ဒီအကြမ်းဖက်မှုအတွက် အဓိကတာဝန်ရှိသူတစ်ဦး အပါအဝင် လူပေါင်း ၁၂၀ ကို ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့လည်း ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းရဲ့ ဘာသာရေးဆိုင်ရာအကြံပေး အစ္စလာမ်သာသနာ့ပညာရှင် တာဟီရ် အက်ရှ်ရာဖီက ဖမ်းဆီးမှုတွေလုပ်ထားကြောင်း အတည်ပြုခဲ့ပြီး၊ မန်နေဂျာက စည်းကမ်းတင်းကြပ်မှုအတွက် အလုပ်သမားအချို့ မကျေနပ်တာတွေ ရှိနေတာကို ဖမ်းဆီးထားသူတွေထံက သိရကြောင်း ပြောကြားခဲ့ပါတယ်။

    “စက်ရုံအလုပ်သမားတစ်ချို့က မန်နေဂျာကို မကျေနပ်တာနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်လိုက်လားဆိုတာအပါအဝင် ဒီကိစ္စကို ရှုထောင့်ပေါင်းစုံကနေ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်”

    ရှက်စရာ

    ဒီတိုက်ခိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အုပ်အော်​သောင်းနင်းဖြစ်ခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဒါဟာ တိုင်းပြည်အတွက် ‘အရှက်ရစရာနေ့တစ်နေ့’ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ဆီလ်ကွတ်မှာ သီရိလင်္ကာမန်နေဂျာတစ်ဦးကို လူအုပ်ကြီးက အရှင်လတ်လတ်မီးရှို့သတ်လိုက်တဲ့ စက်ဆုပ်ဖွယ်ရာဒီကိစ္စဟာ ပါကစ္စတန်အတွက် အရှက်ရစရာနေ့တစ်နေ့ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုကို ကျွန်တော် ကြီးကြပ်နေပြီး ကျူးလွန်တဲ့သူတွေကို ဥပဒေအတိုင်း ပြည့်ပြည့်၀၀ အရေးယူအပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေလည်း လုပ်နေပါပြီ”

    ဒုတိယမြို့တော် ကရာချီမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဒီသတ်ဖြတ်မှုကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတစ်ခုကို ဒီကနေ့မှာ လုပ်ဆောင်ခဲ့ပါတယ်။

    သတ်ဖြတ်မှုကို ရှုတ်ချတယ်လို့ ဆန္ဒပြသူတွေက ဆိုပြီး၊ သာသနာညှိုးနွမ်းစေမှုဥပဒေ အလွဲသုံးစားလုပ်ခံနေရတာကို တားမြစ်အရေးယူပေးဖို့လည်း အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    “ဘာသာရေးစော်ကားတယ်ဆိုပြီး မတရားစွပ်စွဲ အသတ်ခံလိုက်ရတာပါ။ သူ့ကိုသတ်တဲ့သူတွေက သူ့လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့သူတွေပါ။ ရိုးရိုးသားသားအလုပ်လုပ်လို့ ပြောတဲ့အတွက် ဘာသာရေးစော်ကားတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတ်လိုက်ကြတာ ဖြစ်ပါတယ်။ သာသနာညှိုးနွမ်းစေမှု ဥပဒေကို လူတွေက အလွဲသုံးစားလုပ်နေကြပါတယ်” လို့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ မဟ်နက်ဇ်ရဟ်မန်က ပြောပါတယ်။

    Ref: Aljazeera

  • ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့်ခံစားလာရသည့် အိန္ဒိယမှ ခရစ်ယာန်များ

    ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့်ခံစားလာရသည့် အိန္ဒိယမှ ခရစ်ယာန်များ

    ဒီဇင်ဘာ ၄၊ ၂၀၂၁
    M-Media

    -အောက်တိုဘာလနှောင်းပိုင်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့ဆုံခဲ့ပြီး အိန္ဒိယကို လာလည်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယဟာ အာရှမှာ ခရစ်ယာန်ဘာသာဝင် ဒုတိယအများဆုံးရှိရာ နိုင်ငံပါ။

    ဒီမတိုင်ခင် သီတင်းနှစ်ပတ်လောက်က ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့အစည်း RSS ခေါင်းဆောင် မိုဟန် ဘဂ်ဝပ် (Mohan Bhagwat) ရဲ့ မိန့်ခွန်းမှာ ခရစ်ယာန်ဘာသာဝင်အများစုရှိရာ နိုင်ငံအရှေ့မြောက်ပိုင်းက ဘာသာကူးပြောင်းမှုတွေ၊ လူဦးရေအချိုးအစား ပြောင်းလဲမှုတွေကို သတိပြုဖို့ ဟိန္ဒူတွေကို တိုက်တွန်းခဲ့ပါတယ်။ RSS ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူအဆပိုင်းဆိုင်ရာ မိခင်အဖွဲ့အစည်း ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၄ ရက်နေ့ ဟိန္ဒူဘာသာရေးပွဲတော် Durga Puja မှာ မိုဟန် ဘဂ်ဝပ်က အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။

    “လူဦးရေမြင့်တက်လာတာနဲ့ လူဦးရေအချိုးအစား မညီမျှတာကို ဖြေရှင်းဖို့လိုအပ်နေတယ်။ လူဦးရေဆိုင်ရာ မူဝါဒကိုလည်း ပုံစံပြောင်းရပါလိမ့်မယ်။ လူမျိုးတွေနဲ့ ဇာတ်အားလုံးအပေါ် တစ်ပြေးညီကျင့်သုံးနိုင်တဲ့ မူဝါဒမျိုးပါ။ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာမှုတွေ၊ နိုင်ငံအရှေ့မြောက်ပိုင်းက ဘာသာပြောင်းမှုတွေဟာ လူဦးရေအချိုးအစား ပြောင်းလဲမှုကို ပိုဖြစ်စေပါတယ်”

    RSS ဟာ အိန္ဒိယတစ်ခုလုံး ဟိန္ဒူတွေသာကြီးစိုးအောင် ရည်ရွယ်ဖန်တီးနေတာ ဖြစ်ပါတယ်။ BJP ပါဝင်တဲ့ ဟိန္ဒူအမျိုးသားရေးတပ်ပေါင်း စုSangh Parivar ခေါင်းဆောင် ဘဂ်ဝပ်ရဲ့ Durga Puja နေ့ မိန့်ခွန်းဟာ သူတို့ ရှေ့ဆက်လုပ်ဆောင်မယ့် စီမံကိန်းလို့ မှတ်ယူလို့ရပါတယ်။

    ခရစ်ယာန်များ ပိုမိုတိုက်ခိုက်ခံလာရ

    ဘဂ်ဝပ်ရဲ့ ဒီစကားတွေဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘုရားကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို မီးထိုးပေးခဲ့တယ်ဆိုတာ နောက်ပိုင်းအဖြစ်အပျက်တွေမှာ တွေ့ရပါတယ်။ တိုက်ခိုက်မှုအတွင်း လူအုပ်ကြီးဟာ ခရစ်ယာန်တွေကို ‘ခေါင်းဖြတ်သတ်ဖို့’ ဆော်ဩတာ၊ ဟိန္ဒူတွေကို အတင်းအဓမ္မ ဘာသာပြောင်းတယ်လို့ စွပ်စွဲပြီး ဒါကို ရပ်တန့်ဖို့ ပြောတာတွေ ရှိခဲ့ပါတယ်။

    ဘဂ်ဝပ်ရဲ့မိန့်ခွန်းအပြီး ၃ ရက်မြောက်နေ့ မဒ်ယာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh) BJP လွှတ်တော်အမတ် ရမ်ရှ်ဝါ ရှရ်မာက သူ့ရဲ့မိန့်ခွန်းမှာ ‘ပုဝါဆောင်းတဲ့မွတ်စလင်နဲ့ ခရစ်ယာန်ဘုန်းကြီးကင်းစင်တဲ့ အိန္ဒိယ’ ဖြစ်ရေး တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့မှာတော့ နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် (Karnataka) ဘေလူးမြို့ (Belur) မှာ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့ (Bajrang Dal) က အဖွဲ့ဝင်လို့ ယူဆရသူတွေဟာ ခရစ်ယာန်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲအခမ်းအနားတစ်ခုကို ဝင်ရောက်နှောက်ယှက်ခဲ့ပြီး ခရစ်ယာန်တွေ ဘာသာကူးပြောင်းခိုင်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ Bajrang Dal အဖွဲ့ဟာ နိုင်ငံအတွင်းက လူနည်းစုတွေအပေါ် တိုက်ခိုက်မှုအများအပြား လုပ်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    အဲဒီနေ့မှာပဲ နယူးဒေလီမြို့က ခရစ်ယာန်ဘုရားကျောင်းအဖြစ် အသုံးပြုနေတဲ့ ဂိုထောင်တစ်ခုကို Bajrang Dal အဖွဲ့ဝင်တွေ ဝင်စီးပြီး ဝတ်ပြုဆုတောင်းပွဲကို နှောက်ယှက်တာ၊ ဘုရားကျောင်းကို တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်း ‘သစ္စာဖောက်တွေကိုသတ်ပစ်’ လို့ အော်နေတဲ့ ဗီဒီယိုတစ်ခုကို အလ်ဂျာဇီးရားသတင်းဌာနက ရရှိခဲ့ပါတယ်။

    နိုင်ငံမြောက်ပိုင်း အူတာရက်ဟန်ပြည်နယ် (Uttarakhand)၊ ရော်ကီမြို့ (Roorkee) မှာ အောက်တိုဘာလ ၃ ရက်နေ့က ဘုရားကျောင်းတစ်ခုကို သံတုတ်တွေကိုင်ကာ လူ ၂၅၀ လောက်ပါတဲ့ ဟိန္ဒူလူအုပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဒီပြည်နယ်ကို အာဏာရ BJP ပါတီက အုပ်စိုးတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန် ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းသူ တစ်ဒါဇင်လောက်ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ဘုရားကျောင်းက တရားဟောဆရာရဲ့ သမီး ပဲရ်လ်လန့်စ်(Pearl Lance) ကို လူအုပ်ထဲက အမျိုးသားတွေက လိင်ပိုင်ဆိုင်ရာ အရှက်ရအောင် ပြုလုပ်ခဲ့သလို၊ အမျိုးသမီးတွေက စော်ကားတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဖုန်းကိုလည်း လူအုပ်က လူယူသွာပါတယ်။ ဘုရားကျောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ ရာဂျက်ကူးမား (Rajat Kumar) ကတော့ သံတုတ်နဲ့ ခေါင်းကို အချက်များစွာ အရိုက်ခံခဲ့ရတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

    “ကျွန်တော်ကို ဂုတ်ကနေကိုင်ကာ တရွတ်တိုက်ဆွဲသွားပြီး မျက်နာနဲ့ ကျောကုန်းကို ထိုးကျ၊ ကန်ကြပါတယ်။ ခေါင်းကို သံတုတ်နဲ့ အရိုက်ခံခဲ့ရပြီးတဲ့နောက် ကျွန်တော် သတိမေ့သွားပါတယ်” လို့ ကူးမားက ပြောပါတယ်။

    ကူးမားရဲ့ ညာဖက်မျက်လုံးမှာ ဖူးယောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိနေပါတယ်။

    တရားဟောဆရာရဲ့ သမီးကြီး အီဗာလန့်စ် (Eva Lance) က ဒီတိုက်ခိုက်မှုမဖြစ်ခင် သံသယဖြစ်ဖွယ် အဖြစ်အပျက်တွေကို မိသားစုက ရဲတပ်ဖွဲ့ထံ ၄ ကြိမ်ထက်မနည်း တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။

    “တိုက်ခိုက်မှုမဖြစ်ခင် ဘယ်ကမှန်းမသိတဲ့လူတွေ ကျွန်မတို့နောက်လိုက်လာပြီး ခရစ်ယာန်ဆန့်ကျင်ရေး အမုန်းစကားတွေပြောကာ ခြိမ်းခြောက်မှုတွေ လုပ်ပါတယ်။ ဘာသာပြောင်းခိုင်းတယ်လို့ ကျွန်မတို့ကို စွပ်စွဲပြီး အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်တယ်။ ရဲကို အီးမေးလ်ပို့အကြောင်းအကြားခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့မှာ လူကိုယ်တိုင်စခန်းသွားပြီးတော့ တိုင်ချက်ဖွင့်ခဲ့ပါတယ်”

    တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန်မှုက နောက်ကျခဲ့တယ်လို့ အီဗာက ပြောပါတယ်။

    “ရဲက လုံခြုံရေးပေးမယ်လို့ ပြောလွှတ်လိုက်တယ်။ ဒါပေမယ့် ဘာမှ ရောက်မလာပါဘူး။ တိုက်ခိုက်မှုဖြစ်တဲ့နေ့မှာလည်း ကျွန်မတို့ တောက်လျှောက် ရဲစခန်းကို ဖုန်းဆက်တယ်။ ဒါပေမယ့် လူအုပ်က တိုက်ခိုက်ဖျက်ဆီးပြီးလို့ ပြန်သွားပြီး တစ်နာရီလောက်ကြာမှ ရဲတွေရောက်လာပါတယ်”

    ရဲတပ်ဖွဲ့ဟာ ဘုရားကျောင်းက တရားဟောဆရာရဲ့မိသားစုကို အမှုဖွင့်ခဲ့ပါတယ်။ အဓမ္မ ဘာသာပြောင်းခိုင်းတာ၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လုပ်တာ၊ ဓားပြမှုနဲ့ ရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်တာ စတဲ့ စွဲချက်တွေနဲ့ပါ။

    ခရစ်ယာန်ဆန့်ကျင်ရေး စမ်းသပ်ရာ နယ်မြေသစ်

    လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အောက်တိုဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုနှစ် ပထမ ၉ လအတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃၂ ခုက ကာနာတာကာပြည်နယ် (Karnataka) မှာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုပေါင်း ၃၀၅ ခုဖြစ်ခဲ့ရာမှာ အိန္ဒိယမြောက်ပိုင်း ပြည်နယ် ၄ ခုအတွင်း ၁၆၉ ခု၊ BJP အုပ်စိုးတဲ့ အူတာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) မှာ ၆၆ ခု၊ ကွန်ဂရက်ပါတီအုပ်စိုးတဲ့ ချက်တီဂါပြည်နယ် (Chhattisgarh) မှာ ၄၇ ခု၊ လူမျိုးစုတွေအဓိကနေထိုင်တဲ့ ဂျာ့ခ်ဟန်းပြည်နယ် (Jharkhand) မှာ ၃၀၊ BJP အုပ်စိုးတဲ့ မဒ်ယာပရာဒက်ရှ်ပြည်နယ်(Madhya Pradesh) မှာ ၃၀ ရှိခဲ့ပါတယ်။

    ချက်တီဂါ ပြည်နယ်အပါအဝင် အနည်းဆုံး ပြည်နယ် ၉ ခုမှာ ခရစ်ယာန်ဘာသာ ကူးပြောင်းမှု ပိတ်ပင်ရေးဥပဒေ ပြဌာန်းဖို့ စီစဉ်နေပါတယ်။ ချက်တီဂါပြည်နယ်ဟာ ခရစ်ယာန်ဆန့်ကျင်ရေးဝါဒ စမ်းသပ်ရာ ‘နယ်မြေသစ်’ ဖြစ်လာတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    အောက်တိုဘာ ၁ ရက်နေ့က ချက်တီဂါပြည်နယ် ဆူရ်ဂူဂျာခရိုင်(Surguja) မှာ ‘ဘာသာကူးပြောင်းမှုရပ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပြီး လူ ၁ ထောင်ကျော် ပါဝင်ခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း ချက်တီဂါပြည်နယ်မှာ ဒီလိုချီတက်ပွဲမျိုး တောက်လျှောက် လုပ်လာကြတာ ဖြစ်ပါတယ်။

    ဟိန္ဒူလက်ယာစွန်းခေါင်းဆောင် ပါမတ်မာနန် မဟာရက်ဂျ် (Parmatmanand Maharaj) က ‘ဘာသာပြောင်းမှုမှာ ပျော်မွေ့နေတဲ့ ခရစ်ယာန်တွေကို ပုဆိန်တွေကိုင်ကာ ပညာပေးဖို့’ ချီတက်ပွဲမှာ ဟောပြောခဲ့ပါတယ်။

    “ပုဆိန်တွေကို ဘာလုပ်ဖို့ သိမ်းထားတာလဲ။ အဲ့ကောင်တွေခေါင်းကို ဖြတ်ပစ်လိုက်” လို့ မဟာရက်ဂျ်ရဲ့ တိုက်တွန်းမှုအပြီးမှာ လူအုပ်ကြီးက “ရပ်ခိုင်း၊ သတိပေး၊ သတ်ပစ်” လို့ ခရစ်ယာန်တွေကို ရည်ညွှန်းပြီး သံပြိုင်အော်ကြပါတယ်။

    ဒီချီတက်ပွဲမှာ BJP ပါတီက လွှတ်တော်အမတ် ရမ်ဗီချာ နီတမ် (Ramvichar Netam)၊ BJP လွှတ်​တော် အမတ်ဟောင်း နန်ကူမားဆိုင်း (Nand Kumar Sai) နဲ့ ချက်တီဂါပြည်နယ် BJP ပါတီ ပြောရေးဆိုခွင့်ရှိသူ အနူရဂ် ဆင်း ဒီယို (Anurag Singh Deo) တို့ ပါဝင်ပါတယ်။

    ချက်တီဂါပြည်နယ်ကို အုပ်စိုးတဲ့ ကွန်ဂရက်ပါတီ ဆက်သွယ်ရေးဌာန အကြီးအကဲ ဆူဟီလ် ရှူကလာ (Sushil Shukla) က BJP ပါတီဟာ ‘ပြဿနာမရှိ ပြဿနာရှာနေပြီး၊ ဘာသာရေးအမုန်းတရားတွေ မီးထိုးပေးနေတယ်’ လို့ ပြောပါတယ်။ ဆူရ်ဂူဂျာခရိုင်က အဲဒီချီတက်ပွဲအတွက် ပြည်နယ်အစိုးရက စုံစမ်းစစ်​ဆေးမှု လုပ်နေပြီး ပွဲစီစဉ်သူတွေကို အရေးယူသွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဆူရ်ဂူဂျာခရိုင်ရဲမှူး တီအာရ်ကိုရှီမာ (T R Koshima) က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေပေမယ့် တိုက်ချက်လာဖွင့်တာမျိုး မရှိသေးတဲ့အတွက် အမှုမဖွင့်ရ​သေးဘူးလို့ ပြောပါတယ်။

    “စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေပေမယ့် ဒီပွဲအပြီး အကြမ်းဖက်မှုတွေ မဖြစ်ခဲ့တဲ့အတွက် မိန့်ခွန်းက ဘယ်လောက်အတိုင်းအတာအထိ လှုံဆော်ပေးခဲ့သလဲဆိုတာ သုံးသပ်လို့ မရပါဘူး”

    ပြီးခဲ့တဲ့လတွေအတွင်း ချက်တီဂါမှာဖြစ်ခဲ့တဲ့ ချီတက်ပွဲတွေဟာ ဒီတစ်ခုတည်း မဟုတ်ပါဘူး။

    ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တွေရဲ့ တိုင်ချက်ဖွင့်မှုကြောင့် စက်တင်ဘာ ၅ ရက်နေ့က ပြည်နယ်မြို့တော် ရိုင်ပူး (Raipur) မှာ ရဲတပ်ဖွဲ့က ခရစ်ယာန်တရားဟောဆရာတစ်ယောက်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။ တရားဟောဆရာ ရဲစခန်းကိုရောက်တဲ့အခါ တိုင်ထားတဲ့အဖွဲ့တွေက ကိုယ်ထိလက်ရောက် စော်ကားပါတယ်။

    ဘီလိုင်းခရိုင် (Bhilai)မှာ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တစ်ခုကို ဦးစီးနေတဲ့ အမျိုးသမီတစ်ဦးက ခရစ်ယာန်တရားဟောဆရာတစ်ယောက်ကို ရဲတွေအရှေ့မှာ ရိုက်နှက်နေတဲ့ဗီဒီယိုတစ်ခုလည်း စက်တင်ဘာလအတွင်းက ထွက်ပေါ်လာပြီး အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    တရားဟောဆရာကို ရိုက်နှက်ခဲ့တဲ့ အမျိုးသမီး ဂျိုတီရှရ်မာ (Jyoti Sharma) က ဒီလိုလုပ်တာ သူမမှားဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အပေါ် တိုင်ချက်ဖွင့်ထားမှုကို လက်ခံပြီး ဒါဟာ ‘ခြိမ်းခြောက်တဲ့လုပ်ရပ်’ တစ်ခုဖြစ်ကာ ‘တိုက်ခိုက်မှုတွေ’ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူမက ဆိုပါတယ်။

    အခုနှစ်ဇူလိုင်လတုန်းက ချက်တီဂါပြည်နယ် ဆူကမာခရိုင် (Sukma) ရဲမှူးဟာ သူ့လက်အောက်မှာရှိတဲ့ စခန်းတွေကို ညွှန်ကြားချက်တစ်ခု ပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ခရစ်ယာန်သာသနာပြုအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။

    BJP အုပ်စိုးတဲ့ ကာနာတာကာပြည်နယ် (Karnataka) မှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်လို့ ခရစ်ယာန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United Christian Front ရဲ့ ဥက္ကဌ ဝီလီယံမိုက်ကယ်က ပြောပါတယ်။

    ပြည်နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တမ်းကောက်ယူဖို့၊ ‘အဓမ္မ ဘာသာပြောင်းမှု’ ကို စောင့်ကြည့်ဖို့၊ ထောက်လှမ်းရေးတွေချပြီး သတင်းအချက်အလက်တွေ ပိုမိုရယူဖို့ ပြည်နယ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာလတုန်းက ဟဘ်ဘာလီမြို့ (Hubballi) မှာ ဟိန္ဒူလက်ယာစွန်းရောက်တွေ ကိုယ်ထူကိုယ်ထ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဝင်စီးပြီး ဟိန္ဒူဘုရားသီချင်း ‘bhajans’ ကို ရွတ်ဆိုခဲ့ပါတယ်။ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။

    ဘီလာဂါဗီမြို့ (Belagavi) မှာ ရဲတွေက ဒီဇင်ဘာလအလယ်မှာလုပ်မယ့် ပြည်နယ်လွှတ်တော်အစည်းအဝေး မစမချင်း ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ကြဖို့ ‘သတိထားဖို့ပြောတာပါ’ လို့ စကားခံပြီး သတိပေးထားကြောင်း ခရစ်ယာန်တရားဟောဆရာတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေက ပြောပါတယ်။ အဲဒီ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ခရစ်ယာန်ဘာသာကူးပြောင်းမှု တားဆီးရေးဥပဒေကို BJP ပါတီက တင်သွင်းဖို့ ရှိနေပါတယ်။

    မွတ်စလင်တွေအပြီး ခရစ်ယာန်ဖက်လှည့်

    ချက်တီဂါပြည်နယ်လွှတ်တော်က BJP ပါတီကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး အတိုက်အခံအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဒါရာမလာ ကူရှစ် (Dharamlal Kaushik) က သူတို့ပါတီဟာ ‘ဘယ်လူ့အဖွဲ့အစည်းကိုမှ မဆန့်ကျင်ပေမယ့် ကွန်ဂရက်ပါတီအနေနဲ့ မဲအမြတ်ထုတ်တဲ့နိုင်ငံရေးမျိုး လုပ်တာကို ရပ်တန့်ရမယ်’ လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံအတွင်းက လူနည်းစုတွေကို ရွေးကောက်ပွဲ အဆုံးအဖြတ်ပေးမယ့် မဲဆန္ဒရှင်တွေအဖြစ် သတ်မှတ်ထားမှုကို ရည်ညွှန်းပြောကြားခဲ့တာပါ။

    ခရစ်ယာန်တွေအပေါ် အမုန်းစကားပြောဆိုမှု၊ တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အကြောင်း မေးမြန်းရာမှာတော့ ကူရှစ်က ဖြေကြားခဲ့ခြင်းမရှိဘဲ ‘ဘာသာကူးပြောင်းမှုအပေါ် ကွန်ဂရက်ပါတီက ဘာ့ကြောင့် နှုတ်ဆိတ်နေတာလဲ’ လို့ ပြန်မေးခွန်းထုတ်ခဲ့ပြီး ‘ဟိန္ဒူတွေ ခရစ်ယာန်ဘာသာကိုကူးပြောင်းမှု မြင့်တက်လာတာ’ ဟာ ကွန်ဂရက်ပါတီကြောင့်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ (ချက်တီဂါပြည်နယ်ကို ကွန်ဂရက်ပါတီက အုပ်ချုပ်နေတာ ဖြစ်ပါတယ်)

    “သိပ်မကြာခင်ကစလို့ ဟိန္ဒူအမျိုးသားရေးအဖွဲ့တွေဟာ ခရစ်ယာန်တွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတယ်။ ချက်တီဂါမှာ အကြီးအကျယ် လှုပ်ရှားလာတာ၊ ရော်ကီက ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်တာ၊ ဆူကမာမှာ ရဲက ညွှန်ကြားချက်ထုတ်တာ၊ ကာနာတာကာပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တမ်းကောက်ခိုင်းတာ။ ချီတက်ပွဲတွေမှာ မိုဟန် ဘဂ်ဝပ်က ခရစ်ယာန်သာသနာပြုမှုအကြောင်းတွေပြောတာ – ဒါတွေကို ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ မရပါဘူး။ မွတ်စလင်တွေပြီးတော့ ခရစ်ယာန်တွေဖက် လှည့်လာတယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လူထူကြားမှာ ပိုပြီး ထင်သာမြင်သာရှိလာအောင် လုပ်ဆောင်လာပုံရပါတယ်” လို့ ခရစ်ယာန်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ခရစ်ယာန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    ဒေလီတက္ကသိုလ်မှာ ဟင်ဒီစာပေဘာသာရပ်ကို သင်ကြားပေးနေပြီး နိုင်ငံအတွင်းက ဘာသာရေးအကြမ်းဖက်မှုတွေအကြောင်း ပုံမှန် ဆောင်းပါးရေးလေ့ရှိတဲ့ အပူရ်ဗာနန် (Apoorvanand) က ‘ခရစ်ယာန်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ ပုံမှန်လိုလို ဖြစ်လာနေတာ အလွန်စိုးရိမ်ဖွယ်ကောင်းတယ်’ လို့ ပြောပါတယ်။

    “သတင်းမထွက်တာတွေလည်း အများကြီး ရှိအုံးမှာပါ။ (မွတ်စလင်တွေအပြီး) ပစ်မှတ်အသစ်ရှာကာ ရာဇဝတ်မှုကျူးလွန်တာကိုကြည့်ရင် အိန္ဒိယက ဟိန္ဒူကြီးစိုးရေးစီမံကိန်း (Hindutva) ရဲ့ လူနည်းစုမုန်းတီးရေး လှုပ်ရှားမှုမှာ ဘာသာစုံလူမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ပေါင်းထည့်လာတာ တွေ့ရပါတယ်။ ဒါဟာ လူနည်းစုကို မုန်းတီးတာတွေ၊ လူအုပ်စုအင်အားနဲ့ ကိုယ်တိုင်တရားစီရင်တာတွေဟာ မှန်တယ်၊ လုပ်ရမယ်လို့ ဟိန္ဒူဘာသာဝင်တွေအကြား ထင်မြင်လာစေပါတယ်”

    Ref: Aljazeera

    (အလ်ဂျာဇီးရားသတင်းဌာနတွင် ဖော်ပြထားသည့် Why India is witnessing spike in attacks on Christians, churches ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)