News @ M-Media

Blog

  • ဘာသာရေးစော်ကားမှုခေါင်းစဉ်တပ်၍ အကြမ်းဖက်မှုအတွက် လူ ၁၂၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီးထား

    ဘာသာရေးစော်ကားမှုခေါင်းစဉ်တပ်၍ အကြမ်းဖက်မှုအတွက် လူ ၁၂၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီးထား

    ဒီဇင်ဘာ ၄၊ ၂၀၂၁
    M-Media

    -တမန်တော်မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သီရိလင်္ကာနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရမှုမှာ ပါဝင်သူ အနည်းဆုံး ၁၂၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အစိုးရက ထုတ်ပြန်ပါတယ်။

    မြို့တော် အစ္စလာမ်မာဘတ်မှာ သောကြာ​နေ့က ဖြစ်ပွားခဲ့တာပါ။ စက်ရုံမန်နေဂျာ သီရိလင်္ကာနိုင်ငံသားတစ်ဦးက တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက စက်ရုံကို၀ိုင်းပြီး မန်နေဂျာကို ဆွဲထုတ်ကာ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်ကို ကျူးလွန်သူတွေက ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်မှာပါ လွှင့်တင်ခဲ့ပါတယ်။

    ပါကစ္စတန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူရမ် ရှဇက်က ဒီအကြမ်းဖက်မှုအတွက် အဓိကတာဝန်ရှိသူတစ်ဦး အပါအဝင် လူပေါင်း ၁၂၀ ကို ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့လည်း ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းရဲ့ ဘာသာရေးဆိုင်ရာအကြံပေး အစ္စလာမ်သာသနာ့ပညာရှင် တာဟီရ် အက်ရှ်ရာဖီက ဖမ်းဆီးမှုတွေလုပ်ထားကြောင်း အတည်ပြုခဲ့ပြီး၊ မန်နေဂျာက စည်းကမ်းတင်းကြပ်မှုအတွက် အလုပ်သမားအချို့ မကျေနပ်တာတွေ ရှိနေတာကို ဖမ်းဆီးထားသူတွေထံက သိရကြောင်း ပြောကြားခဲ့ပါတယ်။

    “စက်ရုံအလုပ်သမားတစ်ချို့က မန်နေဂျာကို မကျေနပ်တာနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်လိုက်လားဆိုတာအပါအဝင် ဒီကိစ္စကို ရှုထောင့်ပေါင်းစုံကနေ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်”

    ရှက်စရာ

    ဒီတိုက်ခိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အုပ်အော်​သောင်းနင်းဖြစ်ခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဒါဟာ တိုင်းပြည်အတွက် ‘အရှက်ရစရာနေ့တစ်နေ့’ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ဆီလ်ကွတ်မှာ သီရိလင်္ကာမန်နေဂျာတစ်ဦးကို လူအုပ်ကြီးက အရှင်လတ်လတ်မီးရှို့သတ်လိုက်တဲ့ စက်ဆုပ်ဖွယ်ရာဒီကိစ္စဟာ ပါကစ္စတန်အတွက် အရှက်ရစရာနေ့တစ်နေ့ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုကို ကျွန်တော် ကြီးကြပ်နေပြီး ကျူးလွန်တဲ့သူတွေကို ဥပဒေအတိုင်း ပြည့်ပြည့်၀၀ အရေးယူအပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေလည်း လုပ်နေပါပြီ”

    ဒုတိယမြို့တော် ကရာချီမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဒီသတ်ဖြတ်မှုကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတစ်ခုကို ဒီကနေ့မှာ လုပ်ဆောင်ခဲ့ပါတယ်။

    သတ်ဖြတ်မှုကို ရှုတ်ချတယ်လို့ ဆန္ဒပြသူတွေက ဆိုပြီး၊ သာသနာညှိုးနွမ်းစေမှုဥပဒေ အလွဲသုံးစားလုပ်ခံနေရတာကို တားမြစ်အရေးယူပေးဖို့လည်း အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    “ဘာသာရေးစော်ကားတယ်ဆိုပြီး မတရားစွပ်စွဲ အသတ်ခံလိုက်ရတာပါ။ သူ့ကိုသတ်တဲ့သူတွေက သူ့လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့သူတွေပါ။ ရိုးရိုးသားသားအလုပ်လုပ်လို့ ပြောတဲ့အတွက် ဘာသာရေးစော်ကားတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတ်လိုက်ကြတာ ဖြစ်ပါတယ်။ သာသနာညှိုးနွမ်းစေမှု ဥပဒေကို လူတွေက အလွဲသုံးစားလုပ်နေကြပါတယ်” လို့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ မဟ်နက်ဇ်ရဟ်မန်က ပြောပါတယ်။

    Ref: Aljazeera

  • ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့်ခံစားလာရသည့် အိန္ဒိယမှ ခရစ်ယာန်များ

    ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့်ခံစားလာရသည့် အိန္ဒိယမှ ခရစ်ယာန်များ

    ဒီဇင်ဘာ ၄၊ ၂၀၂၁
    M-Media

    -အောက်တိုဘာလနှောင်းပိုင်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့ဆုံခဲ့ပြီး အိန္ဒိယကို လာလည်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယဟာ အာရှမှာ ခရစ်ယာန်ဘာသာဝင် ဒုတိယအများဆုံးရှိရာ နိုင်ငံပါ။

    ဒီမတိုင်ခင် သီတင်းနှစ်ပတ်လောက်က ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့အစည်း RSS ခေါင်းဆောင် မိုဟန် ဘဂ်ဝပ် (Mohan Bhagwat) ရဲ့ မိန့်ခွန်းမှာ ခရစ်ယာန်ဘာသာဝင်အများစုရှိရာ နိုင်ငံအရှေ့မြောက်ပိုင်းက ဘာသာကူးပြောင်းမှုတွေ၊ လူဦးရေအချိုးအစား ပြောင်းလဲမှုတွေကို သတိပြုဖို့ ဟိန္ဒူတွေကို တိုက်တွန်းခဲ့ပါတယ်။ RSS ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူအဆပိုင်းဆိုင်ရာ မိခင်အဖွဲ့အစည်း ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၄ ရက်နေ့ ဟိန္ဒူဘာသာရေးပွဲတော် Durga Puja မှာ မိုဟန် ဘဂ်ဝပ်က အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။

    “လူဦးရေမြင့်တက်လာတာနဲ့ လူဦးရေအချိုးအစား မညီမျှတာကို ဖြေရှင်းဖို့လိုအပ်နေတယ်။ လူဦးရေဆိုင်ရာ မူဝါဒကိုလည်း ပုံစံပြောင်းရပါလိမ့်မယ်။ လူမျိုးတွေနဲ့ ဇာတ်အားလုံးအပေါ် တစ်ပြေးညီကျင့်သုံးနိုင်တဲ့ မူဝါဒမျိုးပါ။ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာမှုတွေ၊ နိုင်ငံအရှေ့မြောက်ပိုင်းက ဘာသာပြောင်းမှုတွေဟာ လူဦးရေအချိုးအစား ပြောင်းလဲမှုကို ပိုဖြစ်စေပါတယ်”

    RSS ဟာ အိန္ဒိယတစ်ခုလုံး ဟိန္ဒူတွေသာကြီးစိုးအောင် ရည်ရွယ်ဖန်တီးနေတာ ဖြစ်ပါတယ်။ BJP ပါဝင်တဲ့ ဟိန္ဒူအမျိုးသားရေးတပ်ပေါင်း စုSangh Parivar ခေါင်းဆောင် ဘဂ်ဝပ်ရဲ့ Durga Puja နေ့ မိန့်ခွန်းဟာ သူတို့ ရှေ့ဆက်လုပ်ဆောင်မယ့် စီမံကိန်းလို့ မှတ်ယူလို့ရပါတယ်။

    ခရစ်ယာန်များ ပိုမိုတိုက်ခိုက်ခံလာရ

    ဘဂ်ဝပ်ရဲ့ ဒီစကားတွေဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘုရားကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို မီးထိုးပေးခဲ့တယ်ဆိုတာ နောက်ပိုင်းအဖြစ်အပျက်တွေမှာ တွေ့ရပါတယ်။ တိုက်ခိုက်မှုအတွင်း လူအုပ်ကြီးဟာ ခရစ်ယာန်တွေကို ‘ခေါင်းဖြတ်သတ်ဖို့’ ဆော်ဩတာ၊ ဟိန္ဒူတွေကို အတင်းအဓမ္မ ဘာသာပြောင်းတယ်လို့ စွပ်စွဲပြီး ဒါကို ရပ်တန့်ဖို့ ပြောတာတွေ ရှိခဲ့ပါတယ်။

    ဘဂ်ဝပ်ရဲ့မိန့်ခွန်းအပြီး ၃ ရက်မြောက်နေ့ မဒ်ယာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh) BJP လွှတ်တော်အမတ် ရမ်ရှ်ဝါ ရှရ်မာက သူ့ရဲ့မိန့်ခွန်းမှာ ‘ပုဝါဆောင်းတဲ့မွတ်စလင်နဲ့ ခရစ်ယာန်ဘုန်းကြီးကင်းစင်တဲ့ အိန္ဒိယ’ ဖြစ်ရေး တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့မှာတော့ နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် (Karnataka) ဘေလူးမြို့ (Belur) မှာ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့ (Bajrang Dal) က အဖွဲ့ဝင်လို့ ယူဆရသူတွေဟာ ခရစ်ယာန်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲအခမ်းအနားတစ်ခုကို ဝင်ရောက်နှောက်ယှက်ခဲ့ပြီး ခရစ်ယာန်တွေ ဘာသာကူးပြောင်းခိုင်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ Bajrang Dal အဖွဲ့ဟာ နိုင်ငံအတွင်းက လူနည်းစုတွေအပေါ် တိုက်ခိုက်မှုအများအပြား လုပ်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    အဲဒီနေ့မှာပဲ နယူးဒေလီမြို့က ခရစ်ယာန်ဘုရားကျောင်းအဖြစ် အသုံးပြုနေတဲ့ ဂိုထောင်တစ်ခုကို Bajrang Dal အဖွဲ့ဝင်တွေ ဝင်စီးပြီး ဝတ်ပြုဆုတောင်းပွဲကို နှောက်ယှက်တာ၊ ဘုရားကျောင်းကို တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်း ‘သစ္စာဖောက်တွေကိုသတ်ပစ်’ လို့ အော်နေတဲ့ ဗီဒီယိုတစ်ခုကို အလ်ဂျာဇီးရားသတင်းဌာနက ရရှိခဲ့ပါတယ်။

    နိုင်ငံမြောက်ပိုင်း အူတာရက်ဟန်ပြည်နယ် (Uttarakhand)၊ ရော်ကီမြို့ (Roorkee) မှာ အောက်တိုဘာလ ၃ ရက်နေ့က ဘုရားကျောင်းတစ်ခုကို သံတုတ်တွေကိုင်ကာ လူ ၂၅၀ လောက်ပါတဲ့ ဟိန္ဒူလူအုပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဒီပြည်နယ်ကို အာဏာရ BJP ပါတီက အုပ်စိုးတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန် ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းသူ တစ်ဒါဇင်လောက်ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ဘုရားကျောင်းက တရားဟောဆရာရဲ့ သမီး ပဲရ်လ်လန့်စ်(Pearl Lance) ကို လူအုပ်ထဲက အမျိုးသားတွေက လိင်ပိုင်ဆိုင်ရာ အရှက်ရအောင် ပြုလုပ်ခဲ့သလို၊ အမျိုးသမီးတွေက စော်ကားတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဖုန်းကိုလည်း လူအုပ်က လူယူသွာပါတယ်။ ဘုရားကျောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ ရာဂျက်ကူးမား (Rajat Kumar) ကတော့ သံတုတ်နဲ့ ခေါင်းကို အချက်များစွာ အရိုက်ခံခဲ့ရတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

    “ကျွန်တော်ကို ဂုတ်ကနေကိုင်ကာ တရွတ်တိုက်ဆွဲသွားပြီး မျက်နာနဲ့ ကျောကုန်းကို ထိုးကျ၊ ကန်ကြပါတယ်။ ခေါင်းကို သံတုတ်နဲ့ အရိုက်ခံခဲ့ရပြီးတဲ့နောက် ကျွန်တော် သတိမေ့သွားပါတယ်” လို့ ကူးမားက ပြောပါတယ်။

    ကူးမားရဲ့ ညာဖက်မျက်လုံးမှာ ဖူးယောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိနေပါတယ်။

    တရားဟောဆရာရဲ့ သမီးကြီး အီဗာလန့်စ် (Eva Lance) က ဒီတိုက်ခိုက်မှုမဖြစ်ခင် သံသယဖြစ်ဖွယ် အဖြစ်အပျက်တွေကို မိသားစုက ရဲတပ်ဖွဲ့ထံ ၄ ကြိမ်ထက်မနည်း တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။

    “တိုက်ခိုက်မှုမဖြစ်ခင် ဘယ်ကမှန်းမသိတဲ့လူတွေ ကျွန်မတို့နောက်လိုက်လာပြီး ခရစ်ယာန်ဆန့်ကျင်ရေး အမုန်းစကားတွေပြောကာ ခြိမ်းခြောက်မှုတွေ လုပ်ပါတယ်။ ဘာသာပြောင်းခိုင်းတယ်လို့ ကျွန်မတို့ကို စွပ်စွဲပြီး အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်တယ်။ ရဲကို အီးမေးလ်ပို့အကြောင်းအကြားခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့မှာ လူကိုယ်တိုင်စခန်းသွားပြီးတော့ တိုင်ချက်ဖွင့်ခဲ့ပါတယ်”

    တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန်မှုက နောက်ကျခဲ့တယ်လို့ အီဗာက ပြောပါတယ်။

    “ရဲက လုံခြုံရေးပေးမယ်လို့ ပြောလွှတ်လိုက်တယ်။ ဒါပေမယ့် ဘာမှ ရောက်မလာပါဘူး။ တိုက်ခိုက်မှုဖြစ်တဲ့နေ့မှာလည်း ကျွန်မတို့ တောက်လျှောက် ရဲစခန်းကို ဖုန်းဆက်တယ်။ ဒါပေမယ့် လူအုပ်က တိုက်ခိုက်ဖျက်ဆီးပြီးလို့ ပြန်သွားပြီး တစ်နာရီလောက်ကြာမှ ရဲတွေရောက်လာပါတယ်”

    ရဲတပ်ဖွဲ့ဟာ ဘုရားကျောင်းက တရားဟောဆရာရဲ့မိသားစုကို အမှုဖွင့်ခဲ့ပါတယ်။ အဓမ္မ ဘာသာပြောင်းခိုင်းတာ၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လုပ်တာ၊ ဓားပြမှုနဲ့ ရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်တာ စတဲ့ စွဲချက်တွေနဲ့ပါ။

    ခရစ်ယာန်ဆန့်ကျင်ရေး စမ်းသပ်ရာ နယ်မြေသစ်

    လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အောက်တိုဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုနှစ် ပထမ ၉ လအတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃၂ ခုက ကာနာတာကာပြည်နယ် (Karnataka) မှာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုပေါင်း ၃၀၅ ခုဖြစ်ခဲ့ရာမှာ အိန္ဒိယမြောက်ပိုင်း ပြည်နယ် ၄ ခုအတွင်း ၁၆၉ ခု၊ BJP အုပ်စိုးတဲ့ အူတာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) မှာ ၆၆ ခု၊ ကွန်ဂရက်ပါတီအုပ်စိုးတဲ့ ချက်တီဂါပြည်နယ် (Chhattisgarh) မှာ ၄၇ ခု၊ လူမျိုးစုတွေအဓိကနေထိုင်တဲ့ ဂျာ့ခ်ဟန်းပြည်နယ် (Jharkhand) မှာ ၃၀၊ BJP အုပ်စိုးတဲ့ မဒ်ယာပရာဒက်ရှ်ပြည်နယ်(Madhya Pradesh) မှာ ၃၀ ရှိခဲ့ပါတယ်။

    ချက်တီဂါ ပြည်နယ်အပါအဝင် အနည်းဆုံး ပြည်နယ် ၉ ခုမှာ ခရစ်ယာန်ဘာသာ ကူးပြောင်းမှု ပိတ်ပင်ရေးဥပဒေ ပြဌာန်းဖို့ စီစဉ်နေပါတယ်။ ချက်တီဂါပြည်နယ်ဟာ ခရစ်ယာန်ဆန့်ကျင်ရေးဝါဒ စမ်းသပ်ရာ ‘နယ်မြေသစ်’ ဖြစ်လာတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    အောက်တိုဘာ ၁ ရက်နေ့က ချက်တီဂါပြည်နယ် ဆူရ်ဂူဂျာခရိုင်(Surguja) မှာ ‘ဘာသာကူးပြောင်းမှုရပ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပြီး လူ ၁ ထောင်ကျော် ပါဝင်ခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း ချက်တီဂါပြည်နယ်မှာ ဒီလိုချီတက်ပွဲမျိုး တောက်လျှောက် လုပ်လာကြတာ ဖြစ်ပါတယ်။

    ဟိန္ဒူလက်ယာစွန်းခေါင်းဆောင် ပါမတ်မာနန် မဟာရက်ဂျ် (Parmatmanand Maharaj) က ‘ဘာသာပြောင်းမှုမှာ ပျော်မွေ့နေတဲ့ ခရစ်ယာန်တွေကို ပုဆိန်တွေကိုင်ကာ ပညာပေးဖို့’ ချီတက်ပွဲမှာ ဟောပြောခဲ့ပါတယ်။

    “ပုဆိန်တွေကို ဘာလုပ်ဖို့ သိမ်းထားတာလဲ။ အဲ့ကောင်တွေခေါင်းကို ဖြတ်ပစ်လိုက်” လို့ မဟာရက်ဂျ်ရဲ့ တိုက်တွန်းမှုအပြီးမှာ လူအုပ်ကြီးက “ရပ်ခိုင်း၊ သတိပေး၊ သတ်ပစ်” လို့ ခရစ်ယာန်တွေကို ရည်ညွှန်းပြီး သံပြိုင်အော်ကြပါတယ်။

    ဒီချီတက်ပွဲမှာ BJP ပါတီက လွှတ်တော်အမတ် ရမ်ဗီချာ နီတမ် (Ramvichar Netam)၊ BJP လွှတ်​တော် အမတ်ဟောင်း နန်ကူမားဆိုင်း (Nand Kumar Sai) နဲ့ ချက်တီဂါပြည်နယ် BJP ပါတီ ပြောရေးဆိုခွင့်ရှိသူ အနူရဂ် ဆင်း ဒီယို (Anurag Singh Deo) တို့ ပါဝင်ပါတယ်။

    ချက်တီဂါပြည်နယ်ကို အုပ်စိုးတဲ့ ကွန်ဂရက်ပါတီ ဆက်သွယ်ရေးဌာန အကြီးအကဲ ဆူဟီလ် ရှူကလာ (Sushil Shukla) က BJP ပါတီဟာ ‘ပြဿနာမရှိ ပြဿနာရှာနေပြီး၊ ဘာသာရေးအမုန်းတရားတွေ မီးထိုးပေးနေတယ်’ လို့ ပြောပါတယ်။ ဆူရ်ဂူဂျာခရိုင်က အဲဒီချီတက်ပွဲအတွက် ပြည်နယ်အစိုးရက စုံစမ်းစစ်​ဆေးမှု လုပ်နေပြီး ပွဲစီစဉ်သူတွေကို အရေးယူသွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဆူရ်ဂူဂျာခရိုင်ရဲမှူး တီအာရ်ကိုရှီမာ (T R Koshima) က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေပေမယ့် တိုက်ချက်လာဖွင့်တာမျိုး မရှိသေးတဲ့အတွက် အမှုမဖွင့်ရ​သေးဘူးလို့ ပြောပါတယ်။

    “စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေပေမယ့် ဒီပွဲအပြီး အကြမ်းဖက်မှုတွေ မဖြစ်ခဲ့တဲ့အတွက် မိန့်ခွန်းက ဘယ်လောက်အတိုင်းအတာအထိ လှုံဆော်ပေးခဲ့သလဲဆိုတာ သုံးသပ်လို့ မရပါဘူး”

    ပြီးခဲ့တဲ့လတွေအတွင်း ချက်တီဂါမှာဖြစ်ခဲ့တဲ့ ချီတက်ပွဲတွေဟာ ဒီတစ်ခုတည်း မဟုတ်ပါဘူး။

    ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တွေရဲ့ တိုင်ချက်ဖွင့်မှုကြောင့် စက်တင်ဘာ ၅ ရက်နေ့က ပြည်နယ်မြို့တော် ရိုင်ပူး (Raipur) မှာ ရဲတပ်ဖွဲ့က ခရစ်ယာန်တရားဟောဆရာတစ်ယောက်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။ တရားဟောဆရာ ရဲစခန်းကိုရောက်တဲ့အခါ တိုင်ထားတဲ့အဖွဲ့တွေက ကိုယ်ထိလက်ရောက် စော်ကားပါတယ်။

    ဘီလိုင်းခရိုင် (Bhilai)မှာ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တစ်ခုကို ဦးစီးနေတဲ့ အမျိုးသမီတစ်ဦးက ခရစ်ယာန်တရားဟောဆရာတစ်ယောက်ကို ရဲတွေအရှေ့မှာ ရိုက်နှက်နေတဲ့ဗီဒီယိုတစ်ခုလည်း စက်တင်ဘာလအတွင်းက ထွက်ပေါ်လာပြီး အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    တရားဟောဆရာကို ရိုက်နှက်ခဲ့တဲ့ အမျိုးသမီး ဂျိုတီရှရ်မာ (Jyoti Sharma) က ဒီလိုလုပ်တာ သူမမှားဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အပေါ် တိုင်ချက်ဖွင့်ထားမှုကို လက်ခံပြီး ဒါဟာ ‘ခြိမ်းခြောက်တဲ့လုပ်ရပ်’ တစ်ခုဖြစ်ကာ ‘တိုက်ခိုက်မှုတွေ’ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူမက ဆိုပါတယ်။

    အခုနှစ်ဇူလိုင်လတုန်းက ချက်တီဂါပြည်နယ် ဆူကမာခရိုင် (Sukma) ရဲမှူးဟာ သူ့လက်အောက်မှာရှိတဲ့ စခန်းတွေကို ညွှန်ကြားချက်တစ်ခု ပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ခရစ်ယာန်သာသနာပြုအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။

    BJP အုပ်စိုးတဲ့ ကာနာတာကာပြည်နယ် (Karnataka) မှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်လို့ ခရစ်ယာန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United Christian Front ရဲ့ ဥက္ကဌ ဝီလီယံမိုက်ကယ်က ပြောပါတယ်။

    ပြည်နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တမ်းကောက်ယူဖို့၊ ‘အဓမ္မ ဘာသာပြောင်းမှု’ ကို စောင့်ကြည့်ဖို့၊ ထောက်လှမ်းရေးတွေချပြီး သတင်းအချက်အလက်တွေ ပိုမိုရယူဖို့ ပြည်နယ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာလတုန်းက ဟဘ်ဘာလီမြို့ (Hubballi) မှာ ဟိန္ဒူလက်ယာစွန်းရောက်တွေ ကိုယ်ထူကိုယ်ထ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဝင်စီးပြီး ဟိန္ဒူဘုရားသီချင်း ‘bhajans’ ကို ရွတ်ဆိုခဲ့ပါတယ်။ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။

    ဘီလာဂါဗီမြို့ (Belagavi) မှာ ရဲတွေက ဒီဇင်ဘာလအလယ်မှာလုပ်မယ့် ပြည်နယ်လွှတ်တော်အစည်းအဝေး မစမချင်း ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ကြဖို့ ‘သတိထားဖို့ပြောတာပါ’ လို့ စကားခံပြီး သတိပေးထားကြောင်း ခရစ်ယာန်တရားဟောဆရာတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေက ပြောပါတယ်။ အဲဒီ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ခရစ်ယာန်ဘာသာကူးပြောင်းမှု တားဆီးရေးဥပဒေကို BJP ပါတီက တင်သွင်းဖို့ ရှိနေပါတယ်။

    မွတ်စလင်တွေအပြီး ခရစ်ယာန်ဖက်လှည့်

    ချက်တီဂါပြည်နယ်လွှတ်တော်က BJP ပါတီကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး အတိုက်အခံအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဒါရာမလာ ကူရှစ် (Dharamlal Kaushik) က သူတို့ပါတီဟာ ‘ဘယ်လူ့အဖွဲ့အစည်းကိုမှ မဆန့်ကျင်ပေမယ့် ကွန်ဂရက်ပါတီအနေနဲ့ မဲအမြတ်ထုတ်တဲ့နိုင်ငံရေးမျိုး လုပ်တာကို ရပ်တန့်ရမယ်’ လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံအတွင်းက လူနည်းစုတွေကို ရွေးကောက်ပွဲ အဆုံးအဖြတ်ပေးမယ့် မဲဆန္ဒရှင်တွေအဖြစ် သတ်မှတ်ထားမှုကို ရည်ညွှန်းပြောကြားခဲ့တာပါ။

    ခရစ်ယာန်တွေအပေါ် အမုန်းစကားပြောဆိုမှု၊ တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အကြောင်း မေးမြန်းရာမှာတော့ ကူရှစ်က ဖြေကြားခဲ့ခြင်းမရှိဘဲ ‘ဘာသာကူးပြောင်းမှုအပေါ် ကွန်ဂရက်ပါတီက ဘာ့ကြောင့် နှုတ်ဆိတ်နေတာလဲ’ လို့ ပြန်မေးခွန်းထုတ်ခဲ့ပြီး ‘ဟိန္ဒူတွေ ခရစ်ယာန်ဘာသာကိုကူးပြောင်းမှု မြင့်တက်လာတာ’ ဟာ ကွန်ဂရက်ပါတီကြောင့်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ (ချက်တီဂါပြည်နယ်ကို ကွန်ဂရက်ပါတီက အုပ်ချုပ်နေတာ ဖြစ်ပါတယ်)

    “သိပ်မကြာခင်ကစလို့ ဟိန္ဒူအမျိုးသားရေးအဖွဲ့တွေဟာ ခရစ်ယာန်တွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတယ်။ ချက်တီဂါမှာ အကြီးအကျယ် လှုပ်ရှားလာတာ၊ ရော်ကီက ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်တာ၊ ဆူကမာမှာ ရဲက ညွှန်ကြားချက်ထုတ်တာ၊ ကာနာတာကာပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တမ်းကောက်ခိုင်းတာ။ ချီတက်ပွဲတွေမှာ မိုဟန် ဘဂ်ဝပ်က ခရစ်ယာန်သာသနာပြုမှုအကြောင်းတွေပြောတာ – ဒါတွေကို ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ မရပါဘူး။ မွတ်စလင်တွေပြီးတော့ ခရစ်ယာန်တွေဖက် လှည့်လာတယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လူထူကြားမှာ ပိုပြီး ထင်သာမြင်သာရှိလာအောင် လုပ်ဆောင်လာပုံရပါတယ်” လို့ ခရစ်ယာန်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ခရစ်ယာန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    ဒေလီတက္ကသိုလ်မှာ ဟင်ဒီစာပေဘာသာရပ်ကို သင်ကြားပေးနေပြီး နိုင်ငံအတွင်းက ဘာသာရေးအကြမ်းဖက်မှုတွေအကြောင်း ပုံမှန် ဆောင်းပါးရေးလေ့ရှိတဲ့ အပူရ်ဗာနန် (Apoorvanand) က ‘ခရစ်ယာန်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ ပုံမှန်လိုလို ဖြစ်လာနေတာ အလွန်စိုးရိမ်ဖွယ်ကောင်းတယ်’ လို့ ပြောပါတယ်။

    “သတင်းမထွက်တာတွေလည်း အများကြီး ရှိအုံးမှာပါ။ (မွတ်စလင်တွေအပြီး) ပစ်မှတ်အသစ်ရှာကာ ရာဇဝတ်မှုကျူးလွန်တာကိုကြည့်ရင် အိန္ဒိယက ဟိန္ဒူကြီးစိုးရေးစီမံကိန်း (Hindutva) ရဲ့ လူနည်းစုမုန်းတီးရေး လှုပ်ရှားမှုမှာ ဘာသာစုံလူမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ပေါင်းထည့်လာတာ တွေ့ရပါတယ်။ ဒါဟာ လူနည်းစုကို မုန်းတီးတာတွေ၊ လူအုပ်စုအင်အားနဲ့ ကိုယ်တိုင်တရားစီရင်တာတွေဟာ မှန်တယ်၊ လုပ်ရမယ်လို့ ဟိန္ဒူဘာသာဝင်တွေအကြား ထင်မြင်လာစေပါတယ်”

    Ref: Aljazeera

    (အလ်ဂျာဇီးရားသတင်းဌာနတွင် ဖော်ပြထားသည့် Why India is witnessing spike in attacks on Christians, churches ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • IS အကြမ်းဖက်အဖွဲ့၏ မူဆိုးလ်အကျဉ်းထောင် သတ်ဖြတ်မှုကို စစ်ရာဝတ်မှုအဖြစ် သတ်မှတ်

    IS အကြမ်းဖက်အဖွဲ့၏ မူဆိုးလ်အကျဉ်းထောင် သတ်ဖြတ်မှုကို စစ်ရာဝတ်မှုအဖြစ် သတ်မှတ်

    ဒီဇင်ဘာ ၃၊ ၂၀၂၁
    M-Media

    -၂၀၁၄ ခုနှစ် ဇွန်လက အီရတ်နိုင်ငံ မူဆိုးလ်​မြို့အကျဉ်းထောင်မှာ လူ ၁၀၀၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့လုပ်ရပ်ဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    Badush Central အကျဉ်းထောင်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း IS အကြမ်းဖက်အဖွဲ့ဟာ ဒီသတ်ဖြတ်မှုကို စနစ်တကျ ကျူးလွန်ခဲ့တာပါ။

    အီရတ်မှာ IS ရဲ့ ရက်စက်ကြမ်းကြုတ်မှု​တွေကို ဖော်ထုတ်နေတဲ့ ကုသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (UNITAD) အကြီးအကဲ ခရစ္စတီယန် ရစ်ချာက သတ်ဖြတ်ခံရသူတွေကို အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ နေရာတွေ၊ IS ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုက်က ဒီသတ်ဖြတ်မှုကို စီစဉ်ခဲ့ကြောင်း လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်တွေလို သက်သေအထောက်အထား အသေးစိတ်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    “အကျဉ်းသားတွေကို ထောင်နားက ကွင်းပြင်တွေဆီ ခေါ်သွားတယ်။ ဘာသာအလိုက်ခွဲထုတ်ပြီး စော်ကားမော်ကားလုပ်တယ်။ အဲဒီနောက် ရှီအာမွတ်စလင် အနည်းဆုံး ၁၀၀၀ လောက်ကို စနစ်တကျ သတ်ဖြတ်ခဲ့ပါတယ်”

    ဒစ်ဂျစ်တယ်အထောက်အထားတွေ၊ မှတ်တမ်း​တွေ၊ လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုတွေ၊ သေဆုံးသူတွေကို မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေ၊ IS အဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို လေ့လာဆန်းစစ်ခဲ့ရာမှာ ဒီသတ်ဖြတ်မှုအတွင်း IS အဖွဲ့ဝင် အများအပြား ပါဝင်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးသူတွေက တွေ့ခဲ့ရကြောင်း ရစ်ချာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် Badush Central အကျဉ်းထောင်မှာ IS ရဲ့ ဒီသတ်ဖြတ်မှုဟာ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေမြောက်ကြောင်း UNITAD အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နေရာတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး ခါလီဖိတ်နိုင်ငံအဖြစ် ကြေငြာခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေအကူအညီနဲ့ အီရတ်စစ်တပ်ဟာ ၃ နှစ်ကြာ တိုက်ခိုက်ခဲ့ရပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် IS အဖွဲ့ ကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့အကြွင်းအကျန်တွေ ရှိနေပြီး တိုက်ခိုက်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

    IS ဟာ အီရတ်နဲ့ ဆီးရီးယားတို့က ယာဇီဒီလူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကို တွေ့ရကြောင်း UNITAD အဖွဲ့ အကြီးအကဲဟောင်း ကာရင်ခန်းက မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံရှိ ကလေးငယ် ၃ ဦးတွင် ၁ ဦးက အသက်ရှင်ရေး အကူအညီလိုအပ်နေ

    မြန်မာနိုင်ငံရှိ ကလေးငယ် ၃ ဦးတွင် ၁ ဦးက အသက်ရှင်ရေး အကူအညီလိုအပ်နေ

    ဒီဇင်ဘာ ၃၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ် မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်အကူအညီ လိုအပ်မယ့် ကလေးငယ်အရေအတွက်ဟာ ၅ သန်းကျော် ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါဟာ မြန်မာနိုင်ငံက ကလေးငယ် ၃ ဦးမှာ ၁ ဦး အကူအညီ အမြန်ဆုံးလိုအပ်နေတာဖြစ်တယ်လို့ Save The Children အဖွဲ့က ပြောပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) က ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ ၁၄ သန်းလောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ သန်း ပိုများလာတာပါ။

    မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံး ၁၀ နိုင်ငံထဲမှာ စတုတ္ထနေရာ ရှိနေတာဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ပဋိပက္ခတွေက ကလေးငယ်တွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေပြီး သန်းနဲ့ချီတဲ့ကလေးငယ်တွေ ငတ်မွတ်ခေါင်းပါးမယ့် အန္တရာယ်မျိုး ရင်ဆိုင်ရလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ် ၈၇၀၀၀ အပါအဝင် လူပေါင်း ၂၃၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထွက်ပြေးရသူအများစုဟာ တောထဲမှာ ဖြစ်သလိုနေထိုင်နေရပြီး အစားအ​သောက်နဲ့ ဆေးဝါးတွေ မရရှိသလို၊ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ဖို့ကလည်း ကန့်သတ်ချက်တွေ ရှိနေတယ်လို့ Save The Children က သတိပေးခဲ့ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ အခြေအနေက မျိုးဆက်တစ်ခုလုံးကို မထိခိုက်စေရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီထောက်ပံ့မှုတွေ ပိုမိုပြုလုပ်ကြဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    Ref: Relief Web

  • ကမ္ဘာဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံရန် ဖိတ်ကြားထား

    ကမ္ဘာဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံရန် ဖိတ်ကြားထား

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို လာမယ့်တစ်ပတ်မှာ လာရောက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့မိန့်ခွန်းမှာ ဖိတ်ကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်ဇန်နဝါရီမှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမှာပါ။ အခုဖိတ်ကြားမှုဟာ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေ ပြေလည်ရေးအတွက် သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ကမ္ဘောဒီးယားက ခြေလှမ်းစလှမ်းတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင် အာဏာရှင်ဖြစ်ပြီး နှစ်ပေါင်း ၄၀ နီးပါးလောက် အာဏာဆုပ်ကိုင်ထားတာဖြစ်ပါတယ်။ အတိုက်အခံတွေကို ညှင်းပမ်းနှိပ်ကွပ်မှုအတွက်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ဟာ လာမယ့်တစ်ပတ် တနင်္လာနေ့၊ အင်္ဂါ နှစ်ရက် လာရောက်ဖို့ ဟွန်ဆန်က ဖိတ်ကြားခဲ့တာပါ။

    ဟွန်ဆန်ဟာ မြန်မာနိုင်ငံက ပြဿနာ ဖြေရှင်းရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့လည်း ယခင်က ပြောကြားဖူးပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး သဘောတူခဲ့ပြီး ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဩဂုတ်လမှာ ခန့်အပ်နိုင်ခဲ့ပါတယ်။

    ဒါပေမယ့် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဒေသတွင်း ထိပ်သီးအစည်းအဝေး ၃ ခု တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

    Ref: Bangkok Post