News @ M-Media

Blog

  • မြန်မာနိုင်ငံရှိ ကလေးငယ် ၃ ဦးတွင် ၁ ဦးက အသက်ရှင်ရေး အကူအညီလိုအပ်နေ

    မြန်မာနိုင်ငံရှိ ကလေးငယ် ၃ ဦးတွင် ၁ ဦးက အသက်ရှင်ရေး အကူအညီလိုအပ်နေ

    ဒီဇင်ဘာ ၃၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ် မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်အကူအညီ လိုအပ်မယ့် ကလေးငယ်အရေအတွက်ဟာ ၅ သန်းကျော် ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါဟာ မြန်မာနိုင်ငံက ကလေးငယ် ၃ ဦးမှာ ၁ ဦး အကူအညီ အမြန်ဆုံးလိုအပ်နေတာဖြစ်တယ်လို့ Save The Children အဖွဲ့က ပြောပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) က ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ ၁၄ သန်းလောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ သန်း ပိုများလာတာပါ။

    မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံး ၁၀ နိုင်ငံထဲမှာ စတုတ္ထနေရာ ရှိနေတာဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ပဋိပက္ခတွေက ကလေးငယ်တွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေပြီး သန်းနဲ့ချီတဲ့ကလေးငယ်တွေ ငတ်မွတ်ခေါင်းပါးမယ့် အန္တရာယ်မျိုး ရင်ဆိုင်ရလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ် ၈၇၀၀၀ အပါအဝင် လူပေါင်း ၂၃၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထွက်ပြေးရသူအများစုဟာ တောထဲမှာ ဖြစ်သလိုနေထိုင်နေရပြီး အစားအ​သောက်နဲ့ ဆေးဝါးတွေ မရရှိသလို၊ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ဖို့ကလည်း ကန့်သတ်ချက်တွေ ရှိနေတယ်လို့ Save The Children က သတိပေးခဲ့ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ အခြေအနေက မျိုးဆက်တစ်ခုလုံးကို မထိခိုက်စေရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီထောက်ပံ့မှုတွေ ပိုမိုပြုလုပ်ကြဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    Ref: Relief Web

  • ကမ္ဘာဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံရန် ဖိတ်ကြားထား

    ကမ္ဘာဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံရန် ဖိတ်ကြားထား

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို လာမယ့်တစ်ပတ်မှာ လာရောက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့မိန့်ခွန်းမှာ ဖိတ်ကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်ဇန်နဝါရီမှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမှာပါ။ အခုဖိတ်ကြားမှုဟာ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေ ပြေလည်ရေးအတွက် သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ကမ္ဘောဒီးယားက ခြေလှမ်းစလှမ်းတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင် အာဏာရှင်ဖြစ်ပြီး နှစ်ပေါင်း ၄၀ နီးပါးလောက် အာဏာဆုပ်ကိုင်ထားတာဖြစ်ပါတယ်။ အတိုက်အခံတွေကို ညှင်းပမ်းနှိပ်ကွပ်မှုအတွက်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ဟာ လာမယ့်တစ်ပတ် တနင်္လာနေ့၊ အင်္ဂါ နှစ်ရက် လာရောက်ဖို့ ဟွန်ဆန်က ဖိတ်ကြားခဲ့တာပါ။

    ဟွန်ဆန်ဟာ မြန်မာနိုင်ငံက ပြဿနာ ဖြေရှင်းရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့လည်း ယခင်က ပြောကြားဖူးပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး သဘောတူခဲ့ပြီး ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဩဂုတ်လမှာ ခန့်အပ်နိုင်ခဲ့ပါတယ်။

    ဒါပေမယ့် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဒေသတွင်း ထိပ်သီးအစည်းအဝေး ၃ ခု တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

    Ref: Bangkok Post

  • မြန်မာဖက်မှ အဖိုးတန်မြေရှားသတ္တုများ တရုတ်ထံ ပြန်လည်တင်ပို့

    မြန်မာဖက်မှ အဖိုးတန်မြေရှားသတ္တုများ တရုတ်ထံ ပြန်လည်တင်ပို့

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -နိုဝင်ဘာနှောင်းပိုင်းကစပြီး မြန်မာဖက်ကနေ ‘မြေရှားသတ္တု’ (Rare Earth) တွေ ပြန်လည်တင်ပို့နေပြီလို့ တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ Global Times က ဒီကနေ့မှာ ရေးသားဖော်ပြပါတယ်။

    တရုတ်နိုင်ငံအရှေ့ပိုင်း ကွက်ကျိုးမြို့က ကွန်မြူနစ်အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီရဲ့ မန်နေဂျာက မြန်မာနယ်စပ်မှာ သောင်တင်နေတဲ့ မြေရှားသတ္တုတွေ တရုတ်နိုင်ငံထဲဝင်လာပြီလို့ဆိုပါတယ်။ သောင်တင်နေတဲ့ မြေရှားသတ္တုပမာဏက တန် ၃ ထောင်ကနေ ​၄ ထောင်အထိရှိမယ်လို့လည်း သူက ပြောပါတယ်။

    တရုတ်-မြန်မာနယ်စပ်ကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတာ ၆ လလောက်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကုန်သွယ်ရေးအတွက် ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ပြန်ဝင်လာတာကြောင့် တရုတ်နိုင်ငံမှာ မြင့်တက်နေတဲ့ မြေရှားသတ္တုစျေးဟာ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့ တရုတ်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    မြေရှားသတ္တုဟာ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအပါအဝင် နယ်ပယ်စုံမှာ အသုံးပြုလို့ရတဲ့ အဖိုးတန် သတ္တုတစ်မျိုးဖြစ်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုလုပ်ငန်းကို ကြီးစိုးထားပြီး ထက်ဝက်လောက်ကို မြန်မာနိုင်ငံကနေ တင်သွင်းတာပါ။

    မြန်မာနိုင်ငံမှာ မြေရှားသတ္တုဟာ ကချင်ပြည်နယ်လို ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အဓိက တည်ရှိနေတာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူစစ်အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက တူးဖော်ကာ တရုတ်နိုင်ငံဖက်ကို မှောင်ခို တင်သွင်းနေတာဖြစ်ပါတယ်။

    မြေရှားသတ္တုရောင်းချမှုဟာ လူအခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုတွေကို အမြောက်အများ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့အတွက် ဒါကို တားဆီးပိတ်ပင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

    Ref: Global Times

  • တရုတ်၏ အသံထက်မြန်သည့်ဒုံးကျည် စမ်းသပ်မှုကို ကန်ကာကွယ်ရေးဝန်ကြီး ရှုတ်ချ

    တရုတ်၏ အသံထက်မြန်သည့်ဒုံးကျည် စမ်းသပ်မှုကို ကန်ကာကွယ်ရေးဝန်ကြီး ရှုတ်ချ

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -တရုတ်က အသံထက်မြန်တဲ့​ ဒုံးကျည်တွေ ပိုမိုပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတာဟာ ဒေသတွင်း တင်းမာမှု ပိုမိုမြင့်တက်လာစေပြီး၊ တရုတ်ရဲ့ခြိမ်းခြောက်မှုကို ဟန့်တားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားလိုက်ပါတယ်။

    ဆိုးလ်မြို့ကိုရောက်နေတဲ့ အော်စတင်ဟာ တောင်ကိုရီးယား တာဝန်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီး ဒီကနေ့မှာ ဒီလိုမှတ်ချက်ပေးခဲ့တာပါ။ အစည်းအဝေးမှာ တရုတ်၊ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှု၊ ဒေသတွင်းအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်

    “တရုတ်နိုင်ငံက စစ်ရေးအင်အားကောင်းဖို့ ကြိုးစားနေမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ နောက်ပြီး ဒီဆောင်ရွက်မှုတွေဟာ ဒေသတွင်းမှာ တင်းမာမှု မြင့်တက်စေပါတယ်” လို့ အော်စတင်က ပြောပါတယ်။

    ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ တရုတ်က အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုကို ​အော်စတင်က ရည်ညွှန်းခဲ့တာပါ။ တရုတ်က မိမိတို့ကို စိန်ခေါ်နိုင်မယ့်လမ်းကြောင်း ဘာ့ကြောင့်လျှောက်နေလဲဆိုတာသိချင်ကြောင်း အော်စတင်ကာ ပြောကြားခဲ့ပြီး၊ ကိုယ်တိုင်နဲ့ မဟာမိတ်တွေကို အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ရေးစွမ်းအားကို ဆက်လက်မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။

    အသံထက်မြန်တဲ့ဒုံးကျည်တွေ စမ်းသပ်တယ်ဆိုတဲ့သတင်းကို တရုတ်ဖက်က ငြင်းဆိုခဲ့ပြီး အာကာသယာဉ်တွေ ပြန်လည်အသုံးပြုနိုင်စေဖို့ စမ်းသပ်မှုသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    မြောက်ကိုရီးယားက ဒုံးကျည်နဲ့ အခြားလက်နက်တွေ ပိုမိုပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနေတာဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပွားစေတယ်ဆိုတာ အမေရိကန်၊ တောင်ကိုရီးယားခေါင်းဆောင်းတွေက အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် သံတမန်နည်းလမ်းနဲ့ ချဉ်းကပ်ဖြေရှင်းဖို့သာ စိတ်ပိုင်းဖြတ်ထားတယ်လို့ အစည်းအဝေးအပြီး ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : Reuters

  • ကမ္ဘောဒီယား ၀န်ကြီးချုပ်က သားဖြစ်သူကို အာဏာအမွေ​ပေးမည်

    ကမ္ဘောဒီယား ၀န်ကြီးချုပ်က သားဖြစ်သူကို အာဏာအမွေ​ပေးမည်

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -အာဏာရှင်စာရင်းဝင်တဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့နေရာကို သားဖြစ်သူ ဆက်ခံလိမ့်မယ်လို့ ဒီကနေ့မှာ ကြေငြာပါတယ်။

    တိုင်းပြည်ကို ၃၆ နှစ်ကြာ စိုးမိုးအုပ်ချုပ်လာတဲ့ ဟွန်ဆန်ဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို နှိပ်ကွပ်ညှင်းပမ်းမှုအတွက် နိုင်ငံတကာရဲ့ဝေဖန်မှုကို ခံနေရသူပါ။

    ကမ်းရိုးတန်းပြည်နယ် ပရီချ်သီဟာနုမှာ ဒီကနေ့မိန့်ခွန်းပြောခဲ့ပြီး သားဖြစ်သူ ဟွန်မာနက်ကို သူ့နေရာဆက်ခံမယ့်သူအဖြစ် ဟွန်ဆန်က အတည်ပြုခဲ့ပါတယ်။

    “ကျွန်တော်သား ဝန်ကြီးချုပ်အဖြစ် ဆက်ခံမှာကို ကျွန်တော်ထောက်ခံပါတယ်”

    အသက် ၄၄ နှစ်အရွယ် ဟွန်မာနက်ဟာ ကမ္ဘောဒီယား တော်ဝင်စစ်တပ်ရဲ့ ဒုတိယအကြီးအကဲနဲ့ စစ်ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ယူထားသူပါ။ အမေရိကန်စစ်တက္ကသိုလ် West Point ကနေ ၁၉၉၉ ခုနှစ်က ဘွဲ့ရထားပြီး၊ ဗြိတိန် Bristol တက္ကသိုလ်ကနေလည်း စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ကို ရရှိထားပါတယ်။

    ဟွန်ဆန်ရဲ့ အခုကြေငြာချက်ကြောင့် မာနက်ဟာ ၂၀၂၃ ခုနှစ်​ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လာဖွယ် ရှိနေပါတယ်။

    နိုင်ငံရေးမင်းဆက် ထူထောင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မနေ့က မိန့်ခွန်းမှာ ဟွန်ဆန်က ပြန်လည်ချေပခဲ့ပြီး ဂျပန်နိုင်ငံကို ထောက်ပြခဲ့ပါတယ်။

    “ဂျပန်မှာတောင် နိုင်ငံရေးမင်းဆက် ရှိနေတာပဲ။ (ဝန်ကြီးချုပ်ဟောင်း) အာ​ဘေးကိုကြည့်။ သူအဖိုးက ဝန်ကြီးချုပ် ကမ္ဘောဒီးယားကိုတောင် လာလည်သွားသေးတယ်။ သူ့အဖေက နိုင်ငံခြားရေးဝန်ကြီး။ သူက ဝန်ကြီးချုပ်”

    ဟွန်ဆန်ဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အစိုးရဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အဓိကအတိုက်အခံပါတီကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးသမားအများအပြားကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။

    ဟွန်ဆန်ရဲ့ CPP ပါတီဟာ ၁၉၇၉ ခုနှစ်ကစတင်ကာ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့ပြီး လက်ရှိ လွှတ်တော်အမတ် ၁၂၅ နေရာစလုံးကို CPP ကပဲ အနိုင်ရထားတာ ဖြစ်ပါတယ်။

    Ref: Reuters