News @ M-Media

Blog

  • ကမ္ဘာ့ဒုက္ခသည်ပြဿနာ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဂျိုလီဝေဖန်

    ကမ္ဘာ့ဒုက္ခသည်ပြဿနာ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဂျိုလီဝေဖန်

    ဇွန် ၂၁၊ ၂၀၁၅
    M-Media

    – ကမ္ဘာတစ်ဝှမ်း တစ်ရှိန်ထိုး ထိုးတက်လာသည့် ဒုက္ခသည်ပြဿနာကို ဟောလီးဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီက ‘လူသားများ၏ ထိခိုက်ခံစားမှု ပေါက်ကွဲထွက်လာခြင်း’ ဟု ကင်ပွန်းတပ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုပြဿနာကို ရင်ဆိုင်ရန် ငြင်းဆန်မှုက ယခုကဲ့သို့ ကြီးထွားလာရခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

    ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အထူးသံတမန်ဖြစ်သူ ဂျိုလီမှာ စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသည့် ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်များ ခိုလှုံရာ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းသို့ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်သော ယမန်နေ့က
    သွားရောက်ခဲ့ပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်အရေအတွက်မှာ ၅၉.၅သန်း ရှိလာခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်ဟု ဖော်ပြခဲ့သည်။

    “လူသားတွေရဲ့ ထိခိုက်ခံစားရမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုဟာ ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့အဆင့်အထိ ပေါက်ကွဲထွက်လာပါတယ်။ သာဓကတစ်ခု ထုတ်ပြဖို့တောင် ခက်ခဲပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းတစ်ခုအနေနဲ့ ကျွန်မတို့ဟာ ဒုက္ခသည်တွေစီးဆင်းလာမှုရဲ့
    ရင်းမြစ်အကြောင်းတရားတွေကို ပြတ်ပြတ်သားသား ဖြေရှင်းရပါတော့မယ်” ဟု အိန်ဂျလီနာဂျိုလီက ပြောကြားခဲ့သည်။

    ဂျိုလီနှင့် ကုလသမဂ္ဂ ဒုက္ခသည်မျာဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်တို့မှာ တူရကီသမ္မတ တိုင်ယစ် အာဒိုဂန်နှင့်လည်း တူရကီနယ်စပ်မြို့ မစ်ဒ်ယက်တွင် တွေ့ဆုံခဲ့ပြီး၊ ထိုမြို့အနီးရှိ ဒုက္ခသည်စခန်းတွင် ပြလုပ်ခဲ့သည့် ရမ်ဇာန်စုပေါင်းဝါဖြေပွဲကို တက်ရောက်ခဲ့ကာ ဒုက္ခသည်များကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

    တူရကီရှိ ဒုက္ခသည်စခန်းများသို့ ဂျိုလီ သွားရောက်ကြည့်ရှုမှာ ဆီးရီးယားစစ်ပွဲစတင်သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက်လည်း ဖြစ်သည်။

    တူရကီမှာ ဆီးရီးယားမှ စစ်ကြောင့် ထွက်ပြေးလာရသည့် ယာဇီဒီများ၊ ရိုဇိုအက်စတာဘာသာဝင်များ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များအပါအ၀င် စုစုပေါင်း ဒုက္ခသည် ၁.၈ သန်းကို လက်ခံထားရသည်။

    Ref: Reuters

  • ဘာစီလိုနာမှာ နှစ်တိုင်း ဖလား ၃ လုံးရနိုင်စွမ်းရှိသည်ဟု ကွင်းလယ်လူပြော

    ဘာစီလိုနာမှာ နှစ်တိုင်း ဖလား ၃ လုံးရနိုင်စွမ်းရှိသည်ဟု ကွင်းလယ်လူပြော

    ဇွန် ၂၁၊ ၂၀၁၅
    M-Media

    baca

    – လက်ရှိဘာစီလိုနာအသင်းမှာ နုပျိုသန်မာပြီး ရာသီတိုင်း၌ ဖလားသုံးလုံး ရယူနိုင်စွမ်းရှိသည်ဟု အသင်း၏ အဓိကကွင်းလယ်ကစားသမား ဆာဂျီယို ဘက်စ်ကွက်က ပြောကြားလိုက်သည်။

    ဘာစီလိုနာမှာ ယမန်နှစ်တွင် လာလီဂါ၊ စပိန်ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် ဖလား ၃ လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး တရာသီအတွင်း ဖလား ၃ လုံးကို ၂ ကြိမ်မြောက် ဆွတ်ခူးနိုင်သည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

    ဘာကာ၏ ပထမဆုံး ဖလား ၃ လုံးအောင်ပွဲမှာ ၂၀၀၉ ခုနှစ် နည်းပြ ပက်ဂွာဒီယိုလာ ကိုင်တွယ်သည့်အချိန်တွင် ဖြစ်ပြီး ဘက်စ်ကွက်ကမူ လက်ရှိဘာကာအသင်းမှာလည်း လာမည့်နှစ်များတွင် ထိုကဲ့သို့ ဖလား ၃ လုံး ရရှိနိုင်စွမ်းရှိနေသည်ဟု ပြောကြားခဲ့သည်။

    “အောင်မြင်တဲ့အချိန် ပျော်ရွှင်မှုဟာ ရေရှည်ခံပါတယ်။ အဲဒီပျော်ရွှင်မှုကို ယူသွားလို့ မရပါဘူး။ ပိုပိုပြီး လိုချင်ကြပါတယ်။ ကျွန်တော်တို့မှာ လက်ဖျားခါလောက်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ပြီးတော့ နုပျိုတဲ့အသင်းဖြစ်ပြီး ဒီလိုစွမ်းဆောင်မှုအဆင့်မျိုးကို ဆက်လက်တိုးချဲ့သွားဖို့ ထူးခြားတဲ့ အခွင့်အရေးလည်း ရှိပါတယ်” ဟု ဘက်စ်ကွက်က El Pais သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အားထားရသည့် တိုက်စစ်မှူး လီယွန်နဲလ်မက်ဆီ ပေါ်ထွက်လာခြင်းနှင့်ပတ်သက်၍လည်း ပြောကြားခဲ့သည်။

    “မက်ဆီဟာ တစ်နှစ်ပြီးတစ်နှစ် တိုးတက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အသင်းနဲ့သူ့ကို အကျိုးရှိစေခဲ့တဲ့ နည်းစနစ်ပိုင်ဆိုင်းရာ ပြောင်းလဲမှုတွေလည်း ရှိခဲ့ပါတယ်”

    Ref: Goal

  • လူမည်းဆို “အကြမ်းဖက်သမား” ၊ လူဖြူဆို “စိတ်ဝေဒနာရှင်” (သို့) မီဒီယာများ၏ Double Standard

    လူမည်းဆို “အကြမ်းဖက်သမား” ၊ လူဖြူဆို “စိတ်ဝေဒနာရှင်” (သို့) မီဒီယာများ၏ Double Standard

    ဇွန် ၂၁ ၊ ၂၀၁၅
    M-Media

    Dylann Storm Roof appears by closed-circuit televison at his bond hearing in Charleston, South Carolina June 19, 2015 in a still image from video. A 21-year-old white man has been charged with nine counts of murder in connection with an attack on a historic black South Carolina church, police said on Friday, and media reports said he had hoped to incite a race war in the United States. REUTERS/POOL TPX IMAGES OF THE DAY
    – တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့က Emanuel AME ဘုရားကျောင်းမှာ အာဖရိကန်-အမေရိကန် ၉ ဦးကို ပစ်ခတ်သတ်ဖြတ်မှုမှာ လူဖြူတစ်ယောက်က ကျူးလွန်တဲ့ အမုန်းတရားအခြေခံ ရာဇ၀တ်မှုအဖြစ် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်နေပါတယ်။ လူမည်းတွေရဲ့ ခရစ်ယာန်ဘုရားကျောင်းတွေဟာ အချိန်တော်တော် ကြာကြာကတည်းက လူဖြူ လူမျိုးကြီး ၀ါဒီတွေရဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရပြီး ဒီဘုရားကျောင်းတွေနဲ့ ချိတ်ဆက်နေတဲ့ လူမည်းလူ့အဖွဲအစည်းအတွေကို အကြမ်းဖက်ဖို့ ကြိုးစားမှုအတွင်းမှာ လူဖြူတွေရဲ့ မီးရှို့မှု၊ ဗုံးခွဲမှုတွေကိုလည်း ခံခဲ့ရပါတယ်။ အမေရိကန်သမိုင်းမှာ ကမ်းအကုန်ဆုံး အကြမ်းဖက်တိုက်ခိုက်မှုတွေထဲက တစ်ခုကတော့ အလာစကာပြည်နယ် ဘာမင်ဂမ်မြို့မှာရှိတဲ့ လူမည်းခရစ်ယာန် ဘုရားကျောင်း တစ်ခုကို ၁၉၆၃ ခုနှစ်မှာ တိုက်ခိုက်ခဲ့တဲ့ အမှုပါပဲ။ 16th Street Baptist Church လို့အမည်တွင်တဲ့ အဲဒီဘုရားကျောင်းကို  Ku Klux Klan လူဖြူလူဆိုးဂိုဏ်း အဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်ရာမှာ မိန်းကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူများ ရပိုင်ခွင့် လှုပ်ရှားမှုကို သန္ဓေတည်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီး တစ်ခုလည်း ဖြစ်ပါတယ်။

    ဒါပေမယ့်  အဓိက မီဒီယာဌာန အများစုကို နားထောင်ကြည့်ရာမှာတော့ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ဘုရားကျောင်း သေနတ် ပစ်မှုကို ဖော်ပြရာမှာ “အကြမ်းဖက်ဝါဒ” ဆိုတဲ့စကားလုံး အသုံးပြုတာကို ကြားရမှာ မဟုတ်ပါဘူး။ သံသယရှိသူ အသက် ၂၁ နှစ်အရွယ်၊ လူဖြူအမျိုးသား ဒိုင်လန်ရုဖ်ကို “ဖြစ်နိုင်ဖွယ်ရှိသော အကြမ်းဖက်သမား” အဖြစ် အဓိက သတင်းအေဂျင်စီတွေမှာ ဖော်ပြတာမျိုးကိုလည်း မကြားခဲ့ရပါဘူး။ (ဒါပေမယ့် ၀ါရှင်တန်ပို့စ်အပါအ၀င် အချို့သော သတင်းမီဒီယာတွေက ဒီကွာဟချက်အတွက် ငြင်းခုံမှုတွေ တိုးလာနေတယ်လို့တော့ ဖော်ပြခဲ့ပါတယ်။) မကြာခင်က ဖြစ်ပွားခဲ့တဲ့ လူဖြူအမျိုးသားတွေရဲ့ သေနတ်ပစ်မှုမှာ ဒီလိုဖော်ပြမှုမျိုးကို မတွေ့ခဲ့ရသလို ရုဖ်ကိုလည်း ဘယ်တော့မှ အဲဒီလို ဖော်ပြမှာမဟုတ်ပါဘူး။ အဲဒီအစား သူ့ရဲ့လုပ်ရပ်ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့နေတာကြောင့် ဖြစ်တယ်လို့ ရှင်းပြကြပါလိမ့်မယ်။  သူ့ကို လူသားချင်း စာနာခိုင်းကြပြီး သူဟာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက် ခံရသူ ဒါမှမဟုတ် စိတ်ကျန်းမာရေး ကုသမှု လုံလုံလောက်လောက် မရတဲ့ နေထိုင်မကောင်းသူ ဖြစ်လာပါလိမ့်မယ်။

    ရုဖ်နဲ့ပတ်သက်လို့ ဒီလိုပြောကြားမှုဟာလည်း မြန်မြန်ဆန်ဆန်ပဲ ထွက်လာခဲ့ပါတယ်။ ကြာသာပတေးနေ့က သူ့ကိုဖမ်းဆီးပြီး သိပ်မကြာခင်မှာ FBI အထူးအေးဂျင့်ဟောင်း ဂျိုနသန် ဂီလီယန်က ရုဖ်ဟာ “စိတ်ပိုင်းဆိုင်ရာပြဿနာအချို့” ရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ အမှားလုပ်ခဲ့တယ်ဆိုတာ သိမှာမဟုတ်ဘူးလို့ CNN ကို ပြောခဲ့ပါတယ်။ ဒါက အမေရိကန်မှာ လူဖြူဖြစ်ခြင်းရဲ့ စွမ်းအားပါပဲ။

    အမေရိကန် မီဒီယာဌာနတွေက အာဖရိကန်-အမေရိကန်တွေ ဒါမှမဟုတ် မွတ်စလင်တွေပါဝင်တဲ့ ရာဇ၀တ်မှုတွေကို ဖော်ပြရမှာ ခြားနားတဲ့ပေါ်လစီကို ကျင့်သုံးကြပါတယ်။ သူတို့တွေဟာ သံသယရှိသူတွေ ဖြစ်ပြီဆိုရင် ပြင်ပက မတရားမှုတွေ အစား ဆိုးဝါးတဲ့အကြံနဲ့ ကျူးလွန်တဲ့ အကြမ်းဖက်တွေအဖြစ်၊ လူရမ်းကားတွေအဖြစ် လျင်လျင်မြန်ပဲ တံဆိပ်ကပ် ခံကြရပါတယ်။ လူဖြူသံသယရှိသူတွေကတော့ တစ်ကိုယ်တော် ကျူးလွန်သူတွေပါတဲ့။ ချာလ်စတန် မြို့တော်ဝန် ဂျိုးဆက်ပ် ရီလေးက ဒီပစ်ခတ်မှုဟာ “မုန်းတီးသူတစ်ယောက်ရဲ့” ကျူးလွန်မှုသာ ဖြစ်တယ်ဆိုပြီး အလေးထားပြောခဲ့ပါတယ်။ လူမည်းတွေ၊ မွတ်စလင်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုက စနစ်တကျ ကျူးလွန်တာဖြစ်ပြီး ကျူးလွန်သူတွေနဲ့ လူမျိုးတူ ဒါမှမဟုတ် ဘာသာသူတွေကထံကနေ တုံ့ပြန်မှု၊ အရေးယူမှုကို တောင်းဆိုကြတော့တာပါပဲ။ အတိုက်ခိုက်ခံရသူ လူမည်းတွေတောင်မှ သွားပုပ်လေလွင့် အပြောခံကြရပါတယ်။ သူတို့မှာ မှားယွင်းမှု တစ်ခုခုများ ရှိမလားဆိုပြီး ပြူးပြဲရှာကြတယ်။ ဒါမှမဟုတ် သူတို့ကို သတ်ဖြတ်မှု၊ တိုက်ခိုက်မှုအတွက် အကြောင်းပြချက် ကောင်းကောင်း ကို ချပြကြပါတယ် – “ခေါင်းစွပ်ပါတဲ့ အင်္ကျီဝတ်သွားတဲ့ ထရေဗွန်မာတင် (၂၀၁၂ ခုနှစ်က မိုင်ယာမီတွင် သေနတ်ဖြင့် ပစ်ခံရသည့် အသက် ၁၇ နှစ်အရွယ် လူမည်းလူငယ်) ကို (ရပ်ကွက်လုံခြုံရေးအဖွဲ့ဝင် လူဖြူ) ဂျော့ဂ်ျ ဇင်မာမန်က ပစ်သတ်မှုမှာ အဲဒီ အင်္ကျီက တာဝန်ရှိတယ်” လို့ Fox News က ဂျီရာလ်ဒို ရိုင်ဗီရာက ကောက်ချက်ချခဲ့ပါတယ်။ မိုက်ကယ်ဘရောင်းကျတော့ ဆေးပြင်းလိပ် ခိုးတယ်၊ အဲရစ်ဂါနာက စီးကရက်ကို တစ်လိပ်ချင်းရောင်းတယ် – ဒါတွေဟာ တော်တော်လေး ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တွေပါပဲလို့ နယူးယောက်ပို့စ်က ပင်တိုင်ဆောင်းပါးရှင်း ဘော့ဘ် မက်မန်နက်စ်နဲ့ အခြား သူတွေတော်တော် များများက ပြောကြပြီး လူမည်းတွေရဲ့သေဆုံးမှုတွေကို တစ်နည်းနည်းနဲ့ အကြောင်းပြချက် ပေးလေ့ ရှိပါတယ်။ ဘယ်လိုပြစ်မှုမျိုးမှ မကျူးလွန်ခဲ့ဘဲ တက္ကဆက်ပြည်နယ် မက်ကင်နီမြို့က ရေကန်ပါတီတစ်ခုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ရိုက်နှက်လှဲချ ဖမ်းဆီးခံခဲ့ရတဲ့ လူမည်းလူငယ် အမျိုးသမီး ဒါဂျီရီယာ ဘက်ခ်တန်ရဲ့ အဖြစ်အပျက်မှာတော့ Fox News အစီအစဉ်တင်ဆက်သူ မီဂျန် ကီလီက သူမဟာ “ခြောက်ပြစ်ကင်း သဲလဲစင်” တစ်ယောက် မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။

    တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ လူမည်းကလေးတွေဟာ နောက်ပိုင်း လူသိရှင်ကြား ဖော်ပြမှုတွေမှာ အရွယ်ရောက်သူတွေ အဖြစ် ပုံပြောင်းခံရပြီး လူဖြူသေနတ်သမားတွေကတော့ အသက် ၂၀ ကျော်နေတာတောင်မှ အရွယ် မရောက်သူအဖြစ် ဖော်ပြ ခံရပါတယ်။ အရုပ်သေနတ် တစ်လက်နဲ့ ကစားနေတဲ့ အသက် ၁၂ နှစ်အရွယ် လူမည်းကလေးတစ်ဦးကို ကလီဗ်လန်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ မနှစ်က အဖြစ်အပျက်မှာ မီဒီယာဖော်ပြမှုတွေနဲ့ ရဲတပ်ဖွဲ့ကြေညာချက်တွေက ဒီကလေးကို “လူငယ်” တစ်ယောက် အဖြစ် ဖော်ပြထား ပါတယ်။ ဒါပေမယ့် ကော်လိုရာဒိုပြည်နယ် အူရိုရာမြို့က ရုပ်ရှင်ရုံတစ်ခုမှာ လူတစ်ဒါဇင်လောက်ကို ပစ်သတ်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် လူဖြူသေနတ်သမား ဂျိမ်းစ်ဟုမ်းစ်ကိုတော့ မီဒီယာတွေက သူ့ရဲ့ ပျိုမြစ်မှုကိုသာ မကြာခဏ ဇောင်းပေးကြပြီး “သာမန်ချာတိတ် တစ်ယောက်” “သာမန်အမေရိကန် လူငယ်တစ်ယောက်” “လူဖြောင့် ချာတိတ်တစ်ယောက်” လို့သာ ဖော်ပြကြပါတယ်။

    ရုဖ်လည်း ဒီလိုမျက်နှာသာပေးမှုမျိုး ခံရပါတယ်။ ကြာသာပတေးနေ့ကပြုလုပ်တဲ့ CNN နဲ့ အင်တာဗျူးမှာ ရီပက်ဘလစ်ကန် လွှတ်တော် အမတ် လင်ဆေး ဂရေဟမ်က အသက် ၂၁ နှစ်အရွယ် ရုဖ်ဟာ “အရက် ဒါမှမဟုတ် မူးယစ်ဆေးစွဲနေတဲ့ ကလေးတွေထဲက တစ်ယောက်သာ” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူသတ်မှု ၉ ခုနဲ့ ရုဖ် အဖမ်းခံရပြီကတည်းက Wall Street ဂျာနယ်နဲ့ အခြားသော အဓိက သတင်းဌာနတွေဟာ သူ့ကို “တစ်ကိုယ်တော် သေနတ်သမား” ဆိုပြီး ခေါင်းကြီးပိုင်းမှာ ဖော်ပြကြတော့တာပါပဲ။

    ဒီလိုမျိုး အပျက်ဖက်ကနေ ရှုမြင်ဖို့ ခက်ခဲတယ်လို့ လူမျိုးရေးခွဲခြားတဲ့ မီဒီယာတွေက ချာလ်စတန် ပစ်ခတ်မှုကို ဖော်ပြတဲ့ အခါမှာ ပြောကြပါတယ်။

    အသတ်ခံရသူတွေဟာ ဗုဒ္ဓဟူးနေ့ညက ပြုလုပ်တဲ့ ကျမ်းစာလေ့လာမှုအတန်းမှာ သာမန်ပါဝင်ကြသူတွေပါ။ ပြီးတော့ ဘုရားကျောင်းရဲ့သမိုင်းကြောင့် သေနတ်သမားက Emanuel AME ဘုရားကျောင်းကို ရွေးချယ်ခဲ့တာဟာ တမင်သက်သက်ရွေးချယ်ခဲ့တယ် ဆိုတာ အဖြစ်နိုင်ဆုံးပါပဲ။ ဒီဘုရားကျောင်းဟာ တောင်းပိုင်းမှာ လူမည်းတွေရဲ့ ပထမဆုံး  African Methodist Episcopal ဘုရားကျောင်းဖြစ်ပြီး ၁၈၁၈ ခုနှစ်မှာ ထင်ရှားတဲ့ သင်းအုပ်ဆရာ မောရစ်ဘရောင်း၊ ချာလ်စတန်မှာ မအောင်မြင်ခဲ့တဲ့ ကျွန်လူတန်းစား ပုန်ကန်ထကြွမှုကို ကျယ်ကျယ်ပြန်ပြန့် ဦးဆောင်ခဲ့တဲ့ ဒိန်းမတ်ဗီဆေးတို့ ပါဝင်တဲ့ အမျိုးသားတစ်စုက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကပဲ ဒီဘုရားကျောင်းဟာ ကြောက်ရွံ့နေတဲ့ လူဖြူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီဘုရားကျောင်းဟာ မြောက်ပိုင်း ကျွန်စနစ် ဆန့်ကျင်ရေး အသိုင်းအ၀ိုင်းက ရတဲ့ ငွေတွေနဲ့ ဆောက်ထားတားကြောင့်ပါပဲ။ ၁၈၂၂ ခုနှစ်မှာ ဒီဘုရားကျောင်းတာဝန်ရှိသူတွေဟာ ဗီဆေးရဲ့ ကျွန် လူတန်းစားတော်လှန်ရေး စီမံကိန်းမှာ ပါဝင်မှုအတွက် စုံစမ်းစစ်ဆေးခံခဲ့ရပြီး ဒီကိစ္စကို ဒဏ်ခတ်တဲ့အနေနဲ့ ဘုရားကျောင်းဟာလည်း ပြာပုံဘ၀ရောက်တဲ့ အထိ မီးရှို့ခံခဲ့ရပါတယ်။

    အခုကိစ္စမှာလည်း သင်းအုပ်ဆရာနဲ့ ဘုရားကျောင်းလာတဲ့သူတွေကို ပစ်သတ်တာမျိုးဟာ အမုန်းအကြောင့် တမင်တကာလုပ်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားပါတယ်။ မြို့တော်ဝန် ရီလေးက “လူတစ်ယောက်ဟာ ဘုရားကျောင်းထဲဝင်သွားပြီး ဆုတောင်းတဲ့သူတွေကို ပစ်ခတ်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းဟာ အမုန်းတရားကြောင့်ပါပဲ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တ်ာတို့ နောက်တစ်ဆင့် တက်ကြည့်ဖို့လိုပါတယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ လူ့အခွင့်အရေးတွေကို ရရှိဖို့ လှုံ့ဆော်မှုမှာ ပါဝင်ခဲ့တဲ့ လူမည်းအသင်းအဖွဲ့တွေအပေါ် သမိုင်းနဲ့ချီရှိခဲ့တဲ့ အကြမ်းဖက်ဝါဒကို ရောင်ပြန်ဟပ်စေတဲ့ ဒီ သေနတ်ပစ်မှု နောက်ကွယ်မှာ ခြောက်လှန့်မှု သတင်း စကားတစ်ခု ရှိပါတယ်။ မီဒီယာမှာ အချို့က သေနတ်သမားဟာ လူဖြူအမျိုးသား၊ အကြမ်းဖက်သမားလို့ ပြောရမှာကို ရှက်ရွံနေခြင်းဟာ ဒီခြောက်လှန့်မှုကို ပြသနေတာပါပဲ။

    မြန်မြန်ဆန်ဆန်ထွက်လာတဲ့ သတင်းဖော်ပြချက်တွေမှာ လူမည်းတွေရဲ့ ဘုရားကျောင်းတွေနဲ့ ဗလီတွေဟာ အမေရိကန်ရဲ့ လူမျိုးရေး အကြမ်းဖက်မှုမှာ သမိုင်းနဲ့ချီ ပစ်မှတ်ထားခံရတယ်ဆိုတာ ထိန်ချန်ထားဖို့ မသင့်ပါဘူး။ ၁၉၆၃ ခုနှစ် ဘာမင်ဂမ်ဘုရားကျောင်း ဗုံးခွဲမှုဟာ သမိုင်းအ၀င်ဆုံး ဖြစ်ရပ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များမှာလည်း ခရစ်ယာန်ဘုရားကျောင်းတွေ တစ်ခုပြီးတစ်ခု မီးရှို့ခံခဲ့ရပါတယ်။ အကြမ်းဖက်မှုလို့ အသိအမှတ်ပြုခဲ့ခြင်းနဲ့အတူ လူ့အဖွဲ့အစည်းအပေါ်မှာ ရှိလာခဲ့တဲ့ ဒီလိုလုပ်ရပ်တွေနဲ့ ပုံစံတူလုပ်ရပ်တွေကို ၂၀၀၁ ခုနှစ် စက်တင်တာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းမှာ မေ့လျော့လာပုံရပါတယ်။ နောက်ပိုင်းထွက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါဟာ မီဒီယာကဏ္ဍနဲ့ နိုင်ငံရေးတွေမှာ နေရာယူသွားခဲ့ပြီး “အကြမ်းဖက်ဝါဒ” ဆိုတာကို အသားပိုညိုတဲ့ သံသယရှိသူတွေပါတဲ့ အမှုတွေမှာသာ သုံးကြ၊ ဖော်ပြကြပါတော့တယ်။

    ဒီတစ်ကြိမ်မှာတော့ အမေရိကမှာ လူမျိုးရေးခွဲခြားမှုက လှုံ့ဆော်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြစ်တွယ်နေပြီလားဆိုတာကို ဂျာနယ်လစ်တွေက မေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူမည်းတွေကို အလွန်အမင်းမုန်းတီးဖို့ ဒီလူက ဘယ်ကနေ သင်လာတာလဲ? တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှာ ဆက်လက်လွှင့်ထူထားမယ့် (ပြည်တွင်းစစ်မတိုင်ခင်သုံးတဲ့ လူမျိုးရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားမှုရှိတဲ့) ကွန်ဖက်ဒရိတ်အလံတော်ကို သူသစ္စာခံခဲ့လား? လူမည်းအမေရိကန်တွေကို အပြင်းထူသူတွေ၊ အကြမ်းဖက်သူတွေအဖြစ် တစ်စိုက်မတ်မတ်ဖော်ပြကြတဲ့ လက်ယာစွန်းရောက် မီဒီယာတွေက သူ့အပေါ်မှာ လွှမ်းမိုးခဲ့လား? စတဲ့ မေးခွန်းတွေပါပဲ။

    ကျူးလွန်သူဟာ တစ်ကိုယ်တော်ဖြစ်တယ် ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေတဲ့ လူငယ်တွေ ဖြစ်ကြတယ်ဆိုတဲ့ လူဖြူအမျိုးသား သေနတ်သမားတွေ အတွက် ပုံသေလိုလို မှတ်ယူဖော်ပြကြတဲ့ပုံစံမျိုး မီဒီယာတွေမှာ မဖြစ်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါဟာ “အမုန်းတရားကိန်းဝပ်နေတဲ့ လူတစ်ယောက်” ရဲ့ ကျူးလွန်မှုတစ်ခုသာ မဟုတ်ပါဘူး။ လူမျိုးရေးမုန်းတီးမှု၊ ပြည်သူများရပိုင်ခွင့်လှုပ်ရှားမှုကြီးကို လှုံ့ဆော်ပေးခဲ့တဲ့ ဘာမင်ဂမ် ဗုံးခွဲမှုအပြီး နှစ်ပေါင်း ၅၀ အကြာမှာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းတွင်း စူးဝင်ပြန့်နှံ့နေတဲ့ လူဖြူကြီးစိုးရေးဝါရဲ့ သရုပ်သကန်လည်းဖြစ်ပါတယ်။

    စနစ်တကျဖြစ်လာတဲ့ မလိုမုန်းထားစိတ်ဟာ ပြည်နယ်လွှတ်တော်မှာ ကွန်ဖက်ဒရိတ် အလံတော်ရှိနေခြင်းက ထင်ရှားနေပြီး ဘာ့ကြောင့်လဲဆိုတော့ လူဖြူတွေရဲ့ ဓလေ့ထုံးတမ်းက လူမည်းတွေအပေါ် သမိုင်းနဲ့ချီခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်ဝါဒထက် ပိုပြီး အရေးပါနေလို့ပါပဲ။ တိုက်ပွဲဝင် ရိုင်ဖယ်တွေကိုင်ထားတဲ့ လူဖြူမျိုးချစ်တွေဟာ အရီဇိုးနား ဗလီတစ်ဝိုက်မှာ ချီတက် ဆန္ဒပြခွင့်ရနေတဲ့အချိန် အိုဟိုင်းယိုး Wal-Mart မှာ ရောင်းဖို့အတွက် ရိုင်ဖယ် တစ်လက်ကိုင်ထားတဲ့ လူမည်းတစ်ယောက်ကို ရဲတပ်ဖွဲ့က ရိုင်ဖယ်ကိုင်တဲ့ အတွက် ပစ်သတ်လိုက်တာက ထင်ရှားတဲ့ သက်သေပါပဲ။ လက်ဖက်ရည် ပါတီပွဲ ချီတက်မှုမှာ “ငါတို့တိုင်းပြည်ကို ပြန်ယူကြ” ဆိုတဲ့ တိုက်တွန်းဆော်သြမှုဟာ လူမည်း ၉ ယောက်ကို သတ်ခဲ့တဲ့ ချာလ်စတန်က လူသတ်သမားကို ရောင်ပြန်ဟပ်ခဲ့ပါတယ်။

    ချာလ်စတန်ပစ်ခတ်မှုဟာ အရိုးစွဲနေတဲ့ အမေရိက,က လူမျိုးရေးခွဲခြားခြင်း ယဉ်ကျေးမှုနဲ့ သမိုင်းနဲ့ချီတဲ့ အကြမ်းဖက်မှုရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ မီဒီယာမှာ  ဒီလိုပဲ ဖော်ပြသင့်ပါတယ်။ သောကြာနေ့မှာတော့ တရားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အီမီလီ ပီယာစီက ချာလ်စတန် သေနတ်ပစ်မှုဟာ “ဒီ (လူမည်း) လူ့အဖွဲ့အစည်း အတွင်းမှာ ကြောက်ရွံ့စိုးထိတ်မှုတွေ ၀င်ရောက်စေဖို့ ဖော်ဆောင်ခဲ့တယ် ဆိုတာ သံသယရှိစရာမလိုပါဘူး” လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ (ဒါပေမယ့် အခုအချိန်အထိ ရုဖ်ကိုစွဲတဲ့ လူသတ်မှုစွဲချက် ၉ ခုထဲမှာ အကြမ်းဖက်ဝါဒ စွဲချက်တော့ မပါဝင်ပါဘူး) ပြီးတော့ အခု ရုဖ်က သူဟာ “လူမျိုးရေးစစ်ပွဲ” စတင်ဖို့ ဒီလူတွေကို သတ်ရတာပါလို့ ၀န်ခံခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ဟာ သူ့ကို “အကြမ်းဖက်သမား” လို့ ခေါ်သင့်နေပါပြီ။

    **Washington Post မီဒီယာရဲ့ PostEverything ကဏ္ဍမှာရေးသား ဖော်ပြထားတဲ့ ဆောင်းပါးရှင် Anthea Butler (associate professor of religion and Africana studies at the University of Pennsylvania) ရဲ့  Shooters of color are called ‘terrorists’ and ‘thugs.’ Why are white shooters called ‘mentally ill’?”  ခေါင်းစဉ်ဖြင့် ဆောင်းပါးကို လေးမောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်

    နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်

    ဇွန် ၂၁၊ ၂၀၁၅
    M-Media

    india

    – ယနေ့တွင်ကျရောက်သည့် ပထမဆုံး နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ အခမ်းအနားကို ယောဂကျင့်စဉ်ထွန်းကားသော အန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

    အဆိုပါ ယောဂကျင့်စဉ်နေ့ အခမ်းအနားတွင် ထောင်ပေါင်းများစွာသော ပြည်သူများနှင့်အတူ သမ္မတ မိုဒီ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူမျာ၊ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများနှင့် သံတမန်များလည်း ပါဝင်ခဲ့ကြသည်။ သမ္မတ မိုဒီကမူ နယူးဒေလီ မြို့လည်ကောင်တွင်ပြုလုပ်သည့် ယောဂကျင့်စဉ်တစ်ခုကို ဦးဆောင်ခဲ့သည်။

    “ယောဂကျင့်စဉ်နဲ့ မထိတွေ့တဲ့နေရာ ဒီနေ့ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ ယောဂဟာ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” ဟု မိုဒီ၏ ပြောကြားမှုကို NDTV သတင်းဌာနက ပြောကြားခဲ့သည်။

    အိန္ဒိယဖက်ဒရယ်အစိုးရမှာ ယောဂကျင့်စဉ်လှုပ်ရှားမှု တိုးမြှင့်ရေး အစီစဉ်များကို ဆောင်ရွက်ရန်လည်း စီစဉ်ထားကြသည်။ ပြီးခဲ့သည့်နှစ်တွင် မိုဒီမှာ ယောဂကျင့်စဉ်ဆောင်ရွက်မှုများကို စီမံခန့်ခွဲရန်အတွက် AYUSH ဟု အမည်ရသည့် ၀န်ကြီးဌာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။

    အဆိုပါ AYUSH ၀န်ကြီးဌာန၏ ၀န်ကြီး ရှရီပဒ်နိုက်ကမူ အပြည်ပြည်ဆိုင်ရာ ယောဂကျင့်စဉ်နေ့ကို ဒေလီရှိ သမ္မတအိမ်တော်အနီးတွင် ကျင်းပသွားမည်ဟုဆိုသည်။

    “ယောဂကျင့်စဉ်ကို အတူကျင့်ဖို့ လူပေါင်း လေးသောင်းလောက် ပါဝင်မှာပါ။ ဒါဟာ တစ်ချိန်တည်းမှာ ယောဂကျင့်စဉ်ကို လူအများကြီးဆောင်ရွက်ကြတဲ့ အကြီးဆုံးသော အောင်မြင်မှုတွေထဲက တစ်ခု ဖြစ်မှာဖြစ်တာကြောင့် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ထည့်သွင်းခံရဖို့အတွက်လည်း စာရင်းပေးပြီးပါပြီ” ဟု နယူးဒေလီတွင်နေထိုင်သူ နာယက်က ပြောကြားခဲ့သည်။

    သို့သော်လည်း ယောဂကျင့်စဉ်မွေးဖွားရာ အိန္ဒိယနိုင်ငံအတွင် အဆိုပါယောဂကျင့်စဉ်ကို အများပြည်သူလေ့ကျင့်ခန်းအဖြစ် ပြောင်းလဲမှုအတွက်လည်း အိန္ဒိယအစိုးရမှာ ဝေဖန်မှုများကို ခံနေရသည်။

    မိုဒီမှာ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဇွန်လ ၂၁ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ယောဂကျင့်စဉ်နေ့အဖြစ် သတ်မှတ်ပေးရန် ကုလကို တိုက်တွန်းခဲ့သူဖြစ်သည်။ ၎င်း၏ Twitter စာမျက်မှာတွင် ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ ယောဂကျင့်စဉ်နေ့အတွက်
    ပြည်သူများအားဆုမွန်ကောင်း တောင်းပေးခဲ့သည်။

    မလေးရှား၊ ထိုင်ဝမ်၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကတို့တွင်လည်း နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ကို ကျင်းပရန် ဆောင်ရွက်နေကြသည်။ ဗြိတိန်တွင်မူ သိမ်းမြစ်ကမ်းနဖူး၌ ယောဂကျင့်စဉ် ပြုကျင့်နိုင်ရန်အတွက် ဖျာများကို စီတန်းချထားကြသည်။

    Ref: Aljazeera

  • # ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ #

    # ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ #

    ဇွန် ၂၁ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။
    11062680_683784341727722_3996778075657158954_n
    ၁၉၉၁ ခုနှစ်
    ————-
    “သားကြီး ကျောင်းသွားတော့မှာလား”
    “ဟုတ်ကဲ့ဖေဖေ”
    “စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ”
    “အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”
    “ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
    “ရော့…သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်”
    x
    ၂၀၀၂ ခုနှစ်
    ————
    “သားကြီးရေ၊ သားကြီး”
    “မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”
    “သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
    “ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
    အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”
    “အဖေကြီး…ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ”
    “သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”
    “ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်”
    “ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
    “မင်းသိလား….ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
    ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
    “အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”
    x
    ၂၀၁၂ ခုနှစ်
    ————
    “မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”
    “ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
    လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”
    ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”
    “ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
    သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”
    “ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
    ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”
    x
    ၂၀၁၄ ခုနှစ်
    ————-
    (က)
    “ဟလို…သားကြီးလား…ဖေဖေပါ”
    “ဖေဖေ အသုံးစရိတ်ပြတ်နေလို့
    ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”
    “ဟာ…ဖေဖေကလည်းဗျာ”
    “ပြီးခဲ့တဲ့ လ,တုန်းကပဲ
    ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”
    ဟုတ်တယ် သားကြီးရဲ့…
    ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”
    “မင်းမေမေ မရှိကတည်းက
    ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်”
    (ခ)
    “သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ”
    “ကျွန်တော်…
    ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”
    “ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”
    “သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”
    “သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
    “ဖေဖေ ပါဝါတိုးရမလားမသိဘူး”
    “သားကြီး အဆင်ပြေရင်
    ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”
    “ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
    “ကျွန်တော်လည်း အခုက မအားသေးဘူး”
    “ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”
    “ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”
    (ဂ)
    “သားကြီးရေ”
    “ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”
    “နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”
    “သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”
    “သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
    မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”
    “ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
    “ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”
    “အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”
    “ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”
    x
    ၂၀၁၅ ခုနှစ်။
    ————-
    လူဆိုတဲ့ သတ္တဝါဟာ
    ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
    သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
    ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
    အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
    ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။
    x
    ၂၀၁၆ ခုနှစ်
    ————
    ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
    မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
    ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။
    —————-
    အိမ်ဝေးသူ(KZ)
    —————-