News @ M-Media

Blog

  • အစ္စလာမ့်ခေတ်ဦးက ရွှံ့ဗလီတစ်လုံးကို အီရတ်တွေ တူးဖော်တွေ့ရှိ

    အစ္စလာမ့်ခေတ်ဦးက ရွှံ့ဗလီတစ်လုံးကို အီရတ်တွေ တူးဖော်တွေ့ရှိ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ရာ ခေတ်ဦးပိုင်းက တည်ဆောက်ခဲ့တဲ့ ရွှံ့ဗလီတစ်လုံးကို သုတေသနပညာရှင်တွေက အီရတ်နိုင်ငံတောင်ပိုင်း ဒီကွာဒေသမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။

    အလ်ရာဖိုင်မြို့က လူနေရပ်ကွက်အလယ်မှာ တွေ့ခဲ့တဲ့ ဒီဗလီဟာ ၂၆ ပေအကျယ်၊ ၁၆ ပေအမြင့် ရှိပါတယ်။ အနည်းဆုံး လူ ၂၅ ဦး ဝတ်ပြုနိုင်တဲ့ အနေအထားဖြစ်ပြီး ဗလီရဲ့အလယ်မှာ ရှေ့ဆောင်အီမာမ်တစ်ဦးရဲ့ အုတ်ဂူ ရှိပါတယ်။

    အူမိုင်ယာမင်းဆက်လက်ထက် အေဒီ ၆၇၉ ခုနှစ်မှာ ဆောက်လုပ်ထားတဲ့ ဗလီပါ။ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ တမန်တော် မိုဟာမက်က အစ္စလာမ်သာသနာကို စတင်ဟောကြားပြီး နှစ်ပေါင်း ၇၀ အတွင်း တည်ဆောက်ခဲ့တဲ့ ဗလီလည်း ဖြစ်ပါတယ်။

    ဒီကွာဒေသ ရှေးဟောင်းပစ္စည်းများ တူးဖော်ရေးဌာန အကြီးအကဲ အလီ ရှာလ်ဂမ်က အခုတွေ့ရှိမှုဟာ အရေးပါပြီး ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အူမိုင်ယာမင်းဆက်လက်ထက်က ဆောက်လုပ်ထားတဲ့ ရှေးဟောင်းဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အရင်က အနည်းငယ်သာ တွေ့ရှိခဲ့ပြီး ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးနေတဲ့အတွက် တည်ဆောက်ခဲ့တဲ့ ကာလအတိအကျကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့လည်း ရှာလ်ဂမ်က ဆိုပါတယ်။

    အီရတ်နိုင်ငံက ဒီကွာဒေသဟာ ရှေးဟောင်းနေရာအများအပြားရှိတဲ့ဒေသဖြစ်ပြီး နိုင်ငံပေါင်းစုံက ရှေးဟောင်း သုတေသနပညာရှင်တွေ လာရောက် ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အီရတ်အစိုးရတော့ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ၊ စီမံခန့်ခွဲမှုအမှားတွေကြောင့် ရှေးဟောင်းသုတေသနဖက်မှာ ငွေကြေးစိုက်ထုတ်နိုင်ခြင်း မရှိပါဘူး။

    အခုအစ္စလာမ့်ခေတ်ဦးက ရှေးဟောင်း ရွှံ့ဗလီကို ဗြိတိန်-အီရတ် ရှေးဟောင်းသု​တေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • လာအို၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်

    လာအို၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြင်ကွင်းတစ်နေရာ

    -လာအို၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်း (LDC) ကနေ လွတ်မြောက်ကြောင်း အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ကြာသာပတေးနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

    LDC စာရင်းကနေ လွတ်မြောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအဆင့် တက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်ချိန်ကာလကို ကုလက ၅ နှစ် သတ်မှတ်ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်အရောက်မှာ လာအို၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချိန်ကာလဟာ ပုံမှန်အားဖြင့် ၃ နှစ်ဖြစ်ပေမယ့် ကိုဗစ်နောက်ဆက်တွဲ စီးပွားရေး ပြဿနာတွေကြောင့် ကုလက နောက်ထပ် ၂ နှစ် တိုးပေးခဲ့ပါတယ်။

    ဖွံဖြိုးဆဲနိုင်ငံအဖြစ်ရောက်ဖို့ ပြင်ဆင်ချိန်ကာလမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ဖွံဖြိုးရေးစီမံကိန်းတွေ ရပ်ဆိုင်းသွားတာ၊ နောက်ပြန်ဆုတ်သွားတာတွေ ဖြစ်လို့မရပါဘူး။ ပြင်ဆင်ချိန်ကာလအတွင်း LDC နိုင်ငံတွေကိုပေးတဲ့ နိုင်ငံတကာရဲ့အထောက်အပံ့တွေ ဆက်လက်ရရှိမှာဖြစ်ပါတယ်။

    ကုလသမဂ္ဂရဲ့ ဖွံဖြိုးရေးမူဝါဒရေးရာ ကော်မတီဟာ LDC စာရင်းမှာ ထည့်သွင်းတာ၊ ထုတ်ပယ်တာတွေကို နိုင်ငံတစ်ခုရဲ့ တစ်ဦးချင်းပျမ်းမျှဝင်ငွေ (GNI)၊ လူသားအရင်းအမြစ်၊ စီးပွားရေးခံနိုင်ရည်ရှိမှု စတဲ့ အချက်သုံးချက်အပေါ် အခြေခံစဉ်းစားတာဖြစ်ပါတယ်။ အချက် ၃ ချက်မှာ ၂ ချက် စံသတ်မှတ်ချက်ပြည့်မှီရင် စာရင်းကနေ လွတ်မြောက်မှာဖြစ်ပါတယ်။

    ကုလဟာ LDC စာရင်းအတွက် ၃ နှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု ပြုလုပ်ပြီး လာအို၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ နောက်ဆုံး ၃ ကြိမ်ဆက်တိုက် သတ်မှတ်စံနှုန်းတွေကို ပြည့်မှီတဲ့အတွက် အခုလို LDC စာရင်းကနေ လွတ်မြောက်တာ ဖြစ်ပါတယ်။

    LDC စာရင်းမှာ လာအိုဟာနဲ့ နီပေါက ၁၉၇၁ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်က ၁၉၇၅ ခုနှစ်တွေမှာ ပါဝင်ခဲ့တာပါ။

    အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၈၃ ရာခိုင်နှုန်း ရှိခဲ့ပြီး နောက်ပိုင်းမှာ အလုပ်အကိုင်ဖန်တီးနိုင်မှု မြင့်တက်လာတာကြောင့် ဆင်းရဲမွဲတေမှုရာခိုင်နှုန်း တစ်ဖြည်းဖြည်း ကျဆင်းခဲ့ကာ ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ဘင်္ဂလားဒေ့ရှ်ရဲ့ ဆင်းရဲမှုနှုန်းဟာ ၂၀.၅ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး မူစတာဖာ ကမားလ်က LDC စာရင်းကနေ လွတ်မြောက်သွားတာဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ LDC စာရင်းမှာ ၄၆ နိုင်ငံရှိပြီး မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း (LDC) ထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

    Ref: New Straits Times

  • စိုးရိမ်စရာ ကိုဗစ်မျိုးကွဲသစ်တစ်ခု တွေ့ရှိကြောင်း တောင်အာဖရိက ကြေငြာ

    စိုးရိမ်စရာ ကိုဗစ်မျိုးကွဲသစ်တစ်ခု တွေ့ရှိကြောင်း တောင်အာဖရိက ကြေငြာ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ပြီး၊ နိုင်ငံတစ်၀ှမ်း ကူးစက်မှုတွေ မြန်မြန်ဆန်ဆန် မြင့်တက်လာတာဟာ ဒီမျိုးကွဲကြောင့် ဖြစ်တယ်လို့ တောင်အာဖရိက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ကျန်းမာရေးဝန်ကြီး ဂျိုးဖာလာက ကူးစက်မှုအသစ်တွေဟာ ပုံမှန်အတိုင်း ဖြစ်တယ်လို့ အစောပိုင်းမှာ ထင်ခဲ့ပေမယ့် သိပ္ပံပညာရှင်တွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ ကိုဗစ်မျိုးကွဲသစ်တစ်ခုကြောင့် ဖြစ်လာတာကို အောက်တိုဘာ ၂၅ ရက်နေ့က စတင်သိရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိ အဲဒီကိုဗစ်မျိုးကွဲသစ်ကို တောင်အာဖရိက၊ ဘော့စ်ဝါနာနဲ့ ဟောင်ဟောင်က တောင်အာဖရိက ခရီးသွားတစ်ဦးမှာ တွေ့ရှိထားပါတယ်။

    အခုမျိုးကွဲသစ်ဟာ အကြိမ်ပေါင်း ၃၀ ကျော် ပုံပြောင်းပြီးဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်အာဖရိက သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ပရောဖက်ဆာ တူလီယို ဒီ အိုလီဗီယာရာက ပညာရှင်တွေမျှော်လင့်ထားတာထက် ပိုမို ပုံပြောင်းခဲ့ကာ ကူးစက်မှုလည်း အလွန်မြန်ဆန်သလို ဒီဒဏ်ကို လာမယ့် ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်း မြင်လာရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အကြီးအကျယ် ကူးစက်စေနိုင်တဲ့ လူစုလူဝေးပြုလုပ်တာတွေကို ရှောင်ရှားဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    တောင်အာဖရိက အခု ကိုဗစ်မျိုးကွဲသစ်ဟာ ပုံပြောင်းမှုများလွန်းတာကြောင့် ကူးစက်မှုအလွန်မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးမှာကို ပညာရှင်တွေက စိုးရိမ်နေပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ ဘာကိုမှ အတိအကျ မပြောနိုင်သေးဘဲ လေ့လာမှုတွေ ဆက်လုပ်ရမယ်လို့ ပညာရှင်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီသတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ယူကေအစိုးရက တောင်အာဖရိကအပါအဝင် အာဖရိကနိုင်ငံတစ်ချို့ကို ပြည်ဝင်ခွင့်မပေးတဲ့ ‘အနီရောင်စာရင်း’ ထဲ ထည့်သွင်းခဲ့ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အခုအချိန်အထိ ကူးစက်မှုအမြန်ဆုံးနဲ့ အသေအပျောက်အများဆုံးက Delta မျိုးကွဲဖြစ်ပါတယ်။

    Ref: CNN

  • ရာထူးမှ မဆင်းပေးသေးဟု ဝန်းကြီးချုပ်တာဝန်ယူထားသည့် ထိုင်းစစ်ခေါင်းဆောင်ဟောင်းပြော

    ရာထူးမှ မဆင်းပေးသေးဟု ဝန်းကြီးချုပ်တာဝန်ယူထားသည့် ထိုင်းစစ်ခေါင်းဆောင်ဟောင်းပြော

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -မိမိအနေနဲ့ လက်ရှိအချိန် ရာထူးကနေ ဆင်းပေးမှာမဟုတ်သေးဘဲ အနည်းဆုံး အာရှပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း (အေပက်) ထိပ်သီးအစည်းအဝေးကျင်းပမယ့် ၂၀၂၂ ခုနှစ်အထိ ဆက်ရှိသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

    မနေ့က ကာကွယ်ရေးကောင်စီအစည်းအဝေးအပြီး သတင်းထောက်တွေကို ပရာယွတ်က ဖြေကြားခဲ့တာပါ။

    “တိုင်းပြည်ကို လည်ပတ်အောင်လုပ်ရမယ့် ကိစ္စပါ။ ဥပဒေအရ ကျွန်တော်တို့ ရာထူးမှာ ဆက်နေသွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ပြဿနာတွေအများကြီးဖြစ်နေတယ်။ အဲဒါတွေကို ဖြေရှင်းရအုံးမှာပါ”

    သူ့လက်ထက် တိုင်းပြည်မှာ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း ပရာယွတ်က ဆိုပါတယ်။

    လက်ရှိဝန်ကြီးချုပ်သက်တမ်းကုန်တဲ့ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ပရာယွတ်က ခေါင်းညိမ့်ပြခဲ့ပါတယ်။ အာဏာရ PPRP နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို၊ သူတို့ရဲ့ ညွန့်ပေါင်းအစိုးရ ချည့်နဲ့နေပြီဆိုတဲ့ အတိုက်အခံတွေရဲ့စကားကိုလည်း ပရာယွတ်က ပယ်ချခဲ့ပါတယ်။

    အေပက် ထိပ်သီးအစည်းအဝေးကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

    ထိုင်းစစ်တပ်အကြီးအကဲဖြစ်တဲ့ ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ် နိုင်ငံရေးအကြပ်အတည်ဖြစ်တဲ့အချိန် အာဏာသိမ်းခဲ့​ပြီး ဆန့်ကျင်တဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ကာ ၂၀၁၇ ခုနှစ်မှာတော့ သူအာဏာတည်မြဲရေး အာမခံချက်ရှိစေမယ့် အခြေခံဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။

    အဲဒီ အခြေခံဥပဒေအောက်က ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ ပရာယွတ်ဟာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံခဲ့ရပါတယ်။

    Ref: Bangkok Post

  • ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -တူရကီမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကြေငြာလိုက်ပါတယ်။

    စွမ်းအင်၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အပါအဝင် မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှာပါ။ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ မနေ့က အန်ကာရာမှာ တွေ့ဆုံဆွေးနွေးမှုအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒါဟာ ဒေသတွင်း ပြိုင်ဘက်နိုင်ငံနှစ်ခု ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ယူအေအီးအစိုးရက အခုလိုရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာဟာ တူရကီရဲ့ စီးပွားရေးကို အထောက်အပံ့ဖြစ်စေဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်ဟာ တူရကီအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ တူရကီနိုင်ငံ အန်ကာရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ဒေသတွင်းပြဿနာတစ်ချို့မှာ သဘောထားမတိုက်ဆိုင်ဘဲ ထိပ်တိုက်တွေ့ဆုံတာတွေရှိပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်အောင် ယူအေအီးနဲ့ တူရကီတို့က ကြိုးစားလာကြပါတယ်။

    Ref : Alarabiya