News @ M-Media

Blog

  • ပြည်သူကို အာဏာပြန်အပ်ရန်နှင့် အကြမ်းဖက်မှုရပ်တန့်ရန် အာရှ-ဥရောပခေါင်းဆောင်များက စစ်ကောင်စီကို တိုက်တွန်း

    ပြည်သူကို အာဏာပြန်အပ်ရန်နှင့် အကြမ်းဖက်မှုရပ်တန့်ရန် အာရှ-ဥရောပခေါင်းဆောင်များက စစ်ကောင်စီကို တိုက်တွန်း

    နိုဝင်ဘာ ၂၈၊ ၂၀၂၁
    M-Media

    ASEAN  အစည်းအဝေးမြင်ကွင်း

    -ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြန်လည်လုပ်ဆောင်ပြီး ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ အာရှနဲ့ ဥရောပ နိုင်ငံ့ခေါင်းဆောင် ၅၀ ခန့်က မြန်မာအာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး(ASEAN) အပြီး သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို တိုက်တွန်းဆော်ဩလိုက်တာပါ။ ဒီအစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ခွင့်မရပါဘူး။

    မြန်မာနိုင်ငံကပြဿနာ ဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက်အတိုင်း အထူးကိုယ်စားလှယ်ကို လက်ခံဝင်ရောက်ခွင့်ပေးဖို့လည်း ခေါင်းဆောင်တွေက စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ခေါင်းဆောင်တွေက ပြောကြားခဲ့ပြီး ပြဿနာဖြေရှင်းရေး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာ ထောက်ခံအားပေးကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးဖို့၊ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ အဆုံးစွန်ဆုံး ထိန်းချုပ် လုပ်ဆောင်ကြဖို့၊ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားပြီး အမျိုးသားရင်ကြားစေ့ရေး၊ ရေရှည်ဖွံဖြိုးတိုးတက်ရေး လုပ်ဆောင်ဖို့ အာရှ-ဥရောပခေါင်းဆောင်တွေက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    ASEAN အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက ဦးစီးပြီး အွန်လိုင်းကနေ ၂ ရက်ကြာ ပြုလုပ်တာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက်တွေကို အကောင်အထည်မဖော်တာ၊ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေကို မလိုက်လျောတာကြောင့် အာဆီယံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖယ်ကျဉ်ထားတာ ဖြစ်ပါတယ်။

    အောက်တိုဘာလက ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မပေးသလို၊ နိုဝင်ဘာအလယ်ပိုင်းက ပြုလုပ်တဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်း မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရပါဘူး။

    Ref : eurasiareview

  • ကိုဗစ်မျိုးကွဲသစ် Omicron ကို ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံတွင် တွေ့လာ

    ကိုဗစ်မျိုးကွဲသစ် Omicron ကို ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံတွင် တွေ့လာ

    နိုဝင်ဘာ ၂၈၊ ၂၀၂၁
    M-Media

    -တောင်အာဖရိကနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Omicron ကူးစက်သူ ၂ ဦး တွေ့ရှိတယ်လို့ ဩစတေးလျနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး မျိုးကွဲသစ်ပြန့်နှံ့တဲ့နိုင်ငံ စုစုပေါင်း ၉ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။

    တောင်အာဖရိကကနေ ဆစ်ဒနီကိုရောက်ရှိလာတဲ့ ခရီးသည် ၂ ဦးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီသူတွေဟာ ကာကွယ်ဆေးထိုးထားပြီးဖြစ်သလို၊ ရောဂါလက္ခဏာလည်း မပြဘူးလို့ ဩစတေးလျအာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာ သူတို့ကို ကွာရန်တိန်း ထားရှိပါတယ်။

    နောက်ထပ် တောင်အာဖရိကခရီးသွား ၁၂ ဦးကို ကွာရန်တိန်းထားပြီး သူတို့နဲ့ဆက်နွယ်နေတဲ့ ခရီးသွားနဲ့ လေယာဉ်အမှုထမ်း ၂၆၀ ကိုတော့ ရောက်ရှိတဲ့အရပ်မှာ သီးခြားနေထိုင်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

    ကိုဗစ်မျိုးကွဲသစ် Omicron ကို တောင်အာဖရိကမှာ အခုတစ်ပတ်အစောပိုင်းက တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ဘယ်ဂျီယံ၊ ဘော့စ်ဝါနာ၊ အစ္စရေးနဲ့ ဟောင်ကောင်တို့မှာလည်း ကူးစက်သူတွေကို တွေ့ရှိထားပါတယ်။

    မျိုးကွဲသစ်လို့ သံသယဖြစ်စရာကူးစက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ဩစတြီးယားနိုင်ငံက ထုတ်ပြန်ထားပြီး၊ ပြင်သစ်ကျန်းမာရေးဝန်ကြီးက မျိုးကွဲသစ် နိုင်ငံအတွင်းမှာ ပြန့်နှံ့နေပြီလို့ ယုံကြည်ရကြောင်း ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    Omicron ဟာ အရင်ကပေါ်ထွက်ခဲ့တဲ့ ကိုဗစ်ပိုးတွေထက် ပိုမိုကူးစက်ပြန့်နှံ့လွယ်နိုင်ပြီး၊ ကာကွယ်ဆေးမတိုးတာမျိုး ဖြစ်မှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် ဒီမျိုးကွဲသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို နောက်သီတင်းပတ်အနည်းငယ်လောက်မှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံတွေကတော့ မျိုးကွဲသစ် မကူးစက်နိုင်ရေးအတွက် ခရီးသွားလာခွင့်ပိတ်ပင်တာ၊ ကိုဗစ်ကန့်သတ်ချက် ပြန်လည်တိုးမြှင့်တာတွေ လုပ်ဆောင်လာပါတယ်။

    Ref: Reuters

  • မြန်မာအဏာသိမ်းစစ်တပ်ကို ရှုတ်ချသည့် ကြေငြာချက်တစ်စောင်ကို နိုင်ငံ ၇ နိုင်ငံက ပူးတွဲထုတ်ပြန်

    မြန်မာအဏာသိမ်းစစ်တပ်ကို ရှုတ်ချသည့် ကြေငြာချက်တစ်စောင်ကို နိုင်ငံ ၇ နိုင်ငံက ပူးတွဲထုတ်ပြန်

    နိုဝင်ဘာ ၂၈၊ ၂၀၂၁
    M-Media ‌

    Myanmar’s Commander in Chief Senior General Min Aung Hlaing salutes as he attends an event marking Martyrs’ Day at Martyrs’ Mausoleum in Yangon, Myanmar July 19, 2018. REUTERS/Ann Wang – RC1F4623D2C0

    -အဏာသိမ်းမြန်မာစစ်တပ်အပေါ် အကူအညီပေးနေတာတွေအားလုံးကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းဆော်ဩတဲ့ ကြေငြာချက်တစ်စောင်ကို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံ ၇ နိုင်ငံက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ယူကေတို့က ပူးတွဲထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အလွန်အမင်း စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

    “စစ်တပ်က လက်နက်တွေ စုဆောင်းနေတာ၊ ဗုံးကြဲမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှု၊ အရပ်သားတွေအပေါ် ဆိုးဆိုးရွား ထိခိုက်စေမယ့် အကြမ်းဖက်တိုက်ဖျက်ရေး ခေါင်းစဉ်တပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ ထောင်ချီ ချထားတယ်ဆိုတဲ့ သတင်းတွေအတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်”

    လိင်အကြမ်းဖက်မှုနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေအပါအဝင် စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ ပြည်သူ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေကိုလည်း ကြေငြာချက်မှာ ထောက်ပြထားပါတယ်။

    ကြေငြာချက်မှာပါဝင်တဲ့ နိုင်ငံ ၇ ခုစလုံးဟာ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားသလို၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့လည်း စစ်ခေါင်းဆောင်တွေ၊ သူတို့နဲ့ ဆက်စပ်ပတ်သက်သူတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။

    စစ်ကောင်စီတပ်​တွေအနေနဲ့ အကြမ်းဖက်မှုရပ်တန့်ဖို့၊ ပြည်သူလူထုကို ကာကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ခွင့်ပြုပေးဖို့ တောင်းဆိုတဲ့ အခုလအစောပိုင်းက ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    မြန်မာစစ်တပ် လည်ပတ်နိုင်စေမယ့် အထောက်အပံ့ပေးတာတွေ၊ လက်နက်၊ ခဲယမ်း၊ စစ်ဖက်သုံးနိုင်မယ့် ပစ္စည်းတွေ၊ နည်းပညာဆိုင်ရာ အကူအညီ စတာတွေကို မြန်မာစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို ရောင်းချ၊ ပေးအပ်တာတွေ မလုပ်ဖို့လည်း နိုင်ငံ ၇ နိုင်ငံက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက ဒီကြေငြာချက်ကို ရှုတ်ချတဲ့ ကြေငြာချက်တစ်စောင်ကို စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: AFP

  • စစ်ကောင်စီက ပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေ

    စစ်ကောင်စီက ပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တိုက်ပွဲတွေဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောပါတယ်။

    ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်​ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီကလည်း တပ်အင်အားတွေ ထပ်တိုးကာ ထိုးစစ်တွေ လုပ်ဆောင်နေပါတယ်။

    အထူးအကြံပေးကောင်စီက စစ်ကောင်စီတပ်တွေဟာ အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ အထောက်အပံ့တွေကို ဖျက်ဆီးပစ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေကို သတ်တာ၊ စားနပ်ရိက္ခာသယ်ဆောင်ရာ လမ်းကြောင်းတွေကို ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လယ်သမားတွေလည်း ကောက်ပဲသီးနှံတွေ မရိပ်သိမ်းနိုင်ပါဘူး။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက လိုအပ်နေသူတွေကို အကူအညီပေးအပ်ဖို့ ကြိုးစားရာမှာ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ကောင်စီက ပြောပါတယ်။

    စစ်ကောင်စီဟာ ပြည်သူတွေ အငတ်ဘေးဆိုက်အောင် လုပ်ဆောင်နေပြီး ဒါဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က တိုင်းရင်းသား ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အထူးအကြံပေးကောင်စီကို ကုလသမဂ္ဂက ဖွဲ့စည်းထားတာပါ။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ကောင်စီကို ဆက်လက်ပစ်ပယ်ထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၃၄၆၀၀ ရှိပြီး၊ အရင်ကအရေအတွက်နဲ့ပေါင်းလိုက်ရင် ၆ သိန်းကျော် ရှိနေတယ်လို့ ကုလရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူ​ အများစုဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်တောက်မှုတွေ ကြုံတွေ့နေရပါတယ်။

    မြန်မာနိုင်ငံမှာ အသက်ဆက်ရှင်ရေး အရေးပါတဲ့ အကူအညီ လိုအပ်နေသူအရေအတွက်က ၃ သန်းလောက်ရှိနေပြီး ၂ သန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ တိုးလာတာဖြစ်ပါတယ်။

    Ref : The Guardian

  • တောင်အာဖရိကမှ ကိုဗစ်မျိုးကွဲသစ် ကာကွယ်ဆေးမတိုးနိုင်ဟု ပညာရှင်များသုံးသပ်

    တောင်အာဖရိကမှ ကိုဗစ်မျိုးကွဲသစ် ကာကွယ်ဆေးမတိုးနိုင်ဟု ပညာရှင်များသုံးသပ်

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာဖရိကမှာ ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ အလွန်စိုးရိမ်စရာကောင်းပြီး လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မတိုးတဲ့ ထူးထူးခြားခြား မျိုးကွဲမျိုးဖြစ်နိုင်တယ်လို့ ဗြိတိန်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    B.1.1.529 လို့အမည်ပေးထားတဲ့ အဲဒီမျိုးကွဲသစ်ဟာ တောင်အာဖရိကနဲ့ ဘော့စ်ဝါနာတို့မှာ ပြန့်နှံ့နေပြီး ဟောင်ကောင်မှာလည်း ဒီကနေ့အထိ ၂ ဦး တွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်က ကိုယ်ခံအားကို တိုက်ခိုက်နိုင်တဲ့ ပရိုတိန်းအချွန် (spike protein) ပုံပြောင်းမှုဟာ အကြိမ် ၃၀ ကျော်ရှိပြီး မူရင်း ကိုဗစ်ဗိုင်းရပ်စ်နဲ့ လုံး၀ ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။

    ဗြိတိန်ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က အခုမျိုးကွဲသစ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အကြီးအကျယ် စိုးရိမ်နေတယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ မျိုးကွဲသစ်အကြောင်း စောစောစီးစီး ထုတ်ဖော်ပြောဆိုခဲ့တဲ့ တောင်အာဖရိက သိပ္ပံပညာရှင်တွေကို ကျေးဇူးတင်တယ်လို့လည်း ဂျာဗစ်က ဆိုပါတယ်။

    B.1.1.529 အကြောင်းကို များများစားစား မသိရသေးပေမယ့် လတ်တလောသိရှိထားမှုအရ ဒီမျိုးကွဲသစ်ဟာ ပိုမိုပြန့်နှံ့လွယ်ပြီး ကာကွယ်ဆေးမတိုးတာမျိုးအထိ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုဗစ်မျိုးကွဲသစ် ဘယ်လောက်အထိ ​ပြန့်နှံ့လွယ်သလဲဆိုတာ သိရဖို့ သီတင်းပတ်အနည်းငယ်လောက် စောင့်ကြည့်ရအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေ၊ စင်ကာပူတို့အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ချို့ဟာ တောင်အာဖရိကကနေ ခရီးသွားတွေဝင်ရောက်မှုကို ပိတ်ပင်ထားပြီး အခြားနိုင်ငံတွေကလည်း ဒီလိုကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

    Ref: Reuters