ဇွန် ၃၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းအပေါ် ၀န်ကြီးချုပ် နေတန်ယာဟု၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အစ္စရေးမှာ နိုင်ငံတကာ၏ ယုံကြည်မှုကို ဆုံးရှုံးနေပြီဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
အိမ်ဖြူတော်၌ အစ္စရေး Channel Two ရုပ်သံနှင့် ယမန်နေ့ အင်တာဗျူးတွင် အိုဘားမားက ယခုကဲ့သို ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြဿနာကြောင့် ကုလ၌ အစ္စရေးအား ရေရှည် ထောက်ခံမှုပေးလာခဲ့သည့် သံခင်းတမန်ခင်းကိုလည်း မိမိတို့အစိုးရက ပြန်လည် တွက်ချက်ရတော့မည်ဟု သတိပေးခဲ့သည်။
ထို့ပြင် နေတန်ယာဟု၏ ပေါ်လစီကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အလှမ်းဝေးနေသေးသည်ဟုလည်း အိုဘားမားက ၀န်ခံခဲ့သည်။
“မူဘောင်သဘောတူညီချက် အလားအလာကို ကျွန်တော်မမြင်ပါဘူး။ ဒါ့ကြောင့် အန္တရာယ်က အစ္စရေးကို ယုံကြည်မှု ကျဆင်းလာတာပါပဲ။ အစ္စရေးဟာ နှစ်နိုင်ငံအဖြေအတွက် အားတက်သရောရှိတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက မယုံကြည်ကြပါဘူး” ဟု အိုဘားမားက အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အရင်က နေတန်ယာဟုမှာ ၎င်း ၀န်ကြီးချုပ်အဖြစ် ဆက်အရွေးခံရပါက ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုစကားအား ပြန်၍ ပြင်ခဲ့သည်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လွန်ခဲ့သည့် တစ်နှစ်ကပင် ရပ်တန့်ခဲ့ပြီး ပါလက်စတိုင်းကမူ ၎င်းတို့နယ်နမိတ်အတွင်း အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်မှု အစီအစဉ်အတွက် ပြစ်တင်ပြောဆိုခဲ့သည်။
အမေရိကန်အနေဖြင့် အစ္စရေးအတွက် ကုလတွင် ဗီတို ဆက်လက်အသုံးပြုမည်လားဟု မေးမြန်းခဲ့ရာ အိုဘားမားက တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိချေ။ အိုဘားမားမှာ ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုအတွက် အကြိမ်ကြိမ်အခါခါ ဝေဖန်ခဲ့သူဖြစ်သည်။
Ref: PressTV