ဇွန် ၈၊ ၂၀၁၅
M-Media
– ရဲတပ်ဖွဲ့က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီက တိုင်းပြည်ကို တောင်းပန်လိုက်သည်ဟု သိရသည်။
“ဘယ်လို စော်ကားမှုမျိုးကိုမဆို ခံခဲ့ရတဲ့ အီဂျစ်ပြည်သူတိုင်းကို ကျွန်တော် တောင်းပန်ပါတယ်။ အီဂျစ်နိုင်ငံသားတစ်ယောက်အပေါ်မှာ ဖြစ်ပွားတဲ့ ဘက်လိုကိစ္စမျိုးမဆို ကျွန်တော့်မှာ တာဝန်ရှိပါတယ်” ဟု ယမန်နေ့တွင် စီစီက ပြောကြားခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖြေရှင်းရန်အတွက် ရှင်းလင်းသော အစီအစဉ်ကို ပြောကြားခဲ့ခြင်း မရှိချေ။
စီစီ၏ ထိုကဲ့သို့ တောင်းပန်မှုမှာ ပြီးခဲ့သည့်တစ်ပတ်အတွင်း ရဲအရာရှိတစ်ဦးက ရှေ့နေတစ်ဦးကို ဖိနပ်ဖြင့် ကန်ကျောက်ခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် နိုင်ငံအတွင်းရှိ ရှေ့နေများက တစ်ရက်ကြာ ဆန္ဒပြမှုကို ပြုလုပ်ခဲ့သည်။
အီဂျစ်နိုင်ငံသမိုင်းတစ်လျှောက်တွင် ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း စစ်တပ်ခေါင်းဆောင်ဟောင်း စီစီမှာ အာဏာကို ရယူထားခြင်းဖြစ်သည်။
သမ္မတဟောင်း ဟိုစနီမူဘာရက် ပြုတ်သွားပြီးနောက်ပိုင်း အာဏာလျော့နည်းလာသည့် ရဲတပ်ဖွဲ့ဝင်များမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူခြင်းမခံရဟု တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနကမူ ငြင်းဆိုခဲ့သည်။
သို့သော်လည်း မကြာသေးမီကပင် အီဂျစ်တရားရုံးများမှာ ရဲတပ်ဖွဲ့များက ပြည်သူများကို သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များအတွက် စတင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
Ref: Ajlazeera


Leave a Reply
You must be logged in to post a comment.