ဇွန် ၈၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကာလ်ဗာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် Spike TV’s Guys Choice ဆုပေးပွဲတွင် လက်ဝှေ့ကျော် ဖလွိုက် မေ၀ယ်သာမှာ The Best Ever (ထာဝရအကောင်းဆုံး) ဆုကို ရရှိခဲ့သည်ဟု သိရသည်။
WBC၊ WBO နှင့် WBA ၀ယ်သာဝိတ်ချန်ပီယံဘွဲ့များကို ဆွတ်ခူးရရှိထားပြီး ယခုအချိန်အထိ ရှုံးပွဲမရှိသည့် မေ၀ယ်သာအား ဂုဏ်ပြုသည့် အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် ရောဘတ် ဒီနီရိုက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Spike ရုပ်သံလိုင်းမှာ ၂၀၀၇ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုပေးပွဲ အခမ်းအနားတွင် ဆုပေါင်း ၁၁ ဆု ပါဝင်ခဲ့ပြီး ပရိတ်သတ်များ၊ ရုပ်သံကြည့်ရှုသူများ၏ မဲဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုအား အနိုင်ရရှိပြီးနောက် မေ၀ယ်သာက မိမိမှာ နောက်ဆုံးပွဲအဖြစ် ယခုနှစ် စက်တင်ဘာလတွင် ထိုးသတ်သွားမည်ဟု ကြေညာခဲ့သည်။
ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီးရ်ခန်းကမူ မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက် ဖြစ်ချင်နေပြီး ထိုးသတ်ရန်လည်း အသင့်ရှိနေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။ ၎င်းနှစ်ဦး ထိုးသတ်ခွင့်ရမလားဆိုသည့်မှာ လာမည့် သီတင်း ၂ ပတ်အတွင်း အဖြေပေါ်လာဖွယ် ရှိနေသည်။
Ref: Dialymail
Leave a Reply
You must be logged in to post a comment.