News @ M-Media

Blog

  • ဘောလုံးပွဲရှုံးခဲ့ပေမယ့် စိတ်ဓာတ်မရှုံးခဲ့တဲ့ မြန်မာလူငယ်

    ဘောလုံးပွဲရှုံးခဲ့ပေမယ့် စိတ်ဓာတ်မရှုံးခဲ့တဲ့ မြန်မာလူငယ်

    မေ ၃၀၊ ၂၀၁၅
    M-Media

    mya

    ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ အုပ်စု (က)

    အမေရိကန် ၂-၁ မြန်မာ
    …………………….

    ပွဲစတယ်ဆိုတာနဲ့ အမေရိကန်အသင်းက ဘောလုံးကိုင်ကစားပြီး မြန်မာအသင်းကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာအသင်း ကွင်းလယ်နဲ့ နောက်ခံလူတွေကို မကျော်နိုင်ခဲ့ပါဘူး။ မြန်မာအသင်းကတော့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ၅ မိနစ်မှာ နောက်ခံလူ ထိုက်ထိုက်အောင် ဂိုးဧရိယာအပြင်ဘက်နေ အပြင်းကန်သွင်းချက်ကို အမေရိကန်ဂိုးသမား ဖမ်းမိခဲ့ပါတယ်။

    ၈ မိနစ်မှာတော့ မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘောရခဲ့ပြီး ဂိုးဧရိယာထဲ ဘောလုံးပြန်အကျမှာ ရှုတ်ရှက်ခက်နေတဲ့ကြားက ရန်နိုင်ဦးက ကန်သွင်းနိုင်ခဲ့တာကြောင့် မြန်မာတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ၁၃ မိနစ်မှာ အမေရိကန်ရဲ့ တိုက်စစ်ဆင်မှုကို ဖြတ်ထုတ်ပြီး တန်ပြန်တိုက်စစ်ကနေ မြန်မာတို့ အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့ပေမယ့် အမေရိကန်နောက်တန်း ဖြတ်ထုတ်နိုင်ခဲ့ပါတယ်။

    အရပ်အမောင်းကွာဟမှုကို အားသာချက်ယူပြီး အမြင့်ဘောကစားတဲ့ အမေရိကန်တို့ ၁၇ မိနစ်မှာ ချေပဂိုးရခဲ့ပြီး ထောင့်ကန်ဘောက ကျလာတဲ့ဘာလုံးကို မာကင်လွတ်နေတဲ့ တောလ်က ကန်သွင်းသွားတာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ အမေရိကန်တို့က အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပေမယ့် မြန်မာနောက်တန်းနဲ့ ဂိုးသမားတို့ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဂိုးသမားမျိုးမင်းလတ်ကတော့ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ ဂိုးဧရိယာထဲက ပီလီကစ်တစ်လုံး အပါအ၀င် အမေရိကန်ရဲ့ အပိုင်အခွင့်အရေး ၂ ကြိမ်လောက်ကို ကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ အမေရိကန်က လူစားလဲမှုတွေပြုလုပ်ကာ မြန်မာအသင်းဘက်ကို ပိုမို ဖိအားပေးကစားခဲ့ပါတယ်။ ၅၂ မိနစ်မှာ ကွင်းလယ်မှာရတဲ့ ပြစ်ဒဏ်ဘောက အမှတ်မထင် တိုက်စစ်ဆင်မှုက အမေရိကန်ဟာ အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အဆုံးသတ်မသေချာခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။

    ၅၅ မိနစ်မှာ မြန်မာအသင်း အချိတ်အဆက်မိမိနဲ့ တိုက်စစ်ဆင်ခဲ့ပေမယ့် အဲဒီဘောလုံးကနေ တန်ပြန်တိုက်စစ်ထွက်လာတဲ့ အမေရိကန် ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ဟင်ဒ်မန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာလည်း အမေရိကန်က ပွဲကိုစိုးမိုးခဲ့ပါတယ်။ မိနစ် ၈၀ နောက်ပိုင်းမှာတော့ မြန်မာအသင်းက ကွင်းလယ်မှာ အချိတ်အဆက်မိခဲ့ပြီး အမေရိကန်ဖက်ကို တရစပ်ထိုးဖောက်ခဲ့ကာ ဂိုးရလုရခင်အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံတရားရဲ့ဖေးမမှုတော့ မရရှိခဲ့ပါဘူး။

    ဒုတိယပိုင်းမှာလည်း မြန်မာဂိုးသမား မျိုးမင်းလတ်ဟာ ပွဲပြီးကာနီး ပိတ်သွင်းမှုအပါအ၀င် အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်လောက် ကာကွယ်နိုင်ခဲ့ပါတယ်။ မြန်မာနည်းပြဟာ ဒီပွဲမှာ တစ်ယောက်မှ လူစားမလဲခဲ့ပါဘူး။

    ကမ္ဘာ့ဖလား ပွဲဦးထွက်မှာ ရှုံးခဲ့ပေမယ့် အရင်မြန်မာဘောလုံးအသင်းတွေမှာ သိပ်မြင်ရလေ့မရှိဘဲ ယူ ၂၀ လူငယ်အသင်းရဲ့ Trade Mark ဖြစ်တဲ့ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားတာကိုတော့ အပြည့်အ၀ တွေ့ခဲ့ရပါတယ်။

    ပထမပွဲ အိမ်ရှင်နယူးဇီလန်နဲ့ ယူကရိန်းတို့ပွဲမှာတော့ ဂိုးမရှိသရေကျခဲ့ပြီး မြန်မာကိုနိုင်သွားတဲ့ အမေရိကန်က အုပ်စုကို ဦးဆောင်နေပါတယ်။

  • ဆန်းတို့စ်အသင်း နေးမာနှင့် ဘာစီလိုနာတို့ကို တရားစွဲမည်

    ဆန်းတို့စ်အသင်း နေးမာနှင့် ဘာစီလိုနာတို့ကို တရားစွဲမည်

    မေ ၃၀၊ ၂၀၁၅
    M-Media

    naymar– ၂၀၁၃ ခုနှစ်က နေးမာ၏ အပြောင်းအရွှေ့အတွက် ဘာစီလိုနာ၊ နေးမာနှင့် ၎င်း၏ ဖခင်တို့အား တရားစွဲဆိုသွားမည်ဟု ဘရာဇီးလ်ကလပ် ဆန်းတို့အသင်းက အတည်ပြုပြောကြားလိုက်သည်။

    ယူရို သန်း ၈၀ ကျော်ရှိခဲ့သည့် နေးမာ၏အပြောင်းအရွှေ့တွင် ဆန်းတို့အသင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၁၇.၁ သန်းသာ ရရှိခဲ့ပြီး ၎င်းတို့က မိမိတို့မှာ ထိုပမာဏထက် ပိုမိုရသင့်သည်ဟု ယူဆနေသည်။

    “မနေ့က (ကြာသာပတေးနေ့က) ဆန်းတို့စ်အသင်းဟာ ဘာစီလိုနာ၊ နေးမာ၊ နေးမာ ဆေးလ်ဗား ဆန်းတို့စ် (နေးမာ၏ အဖေ)နဲ့ Neymar Sport Marketing လီမိတက်တို့ကို ဖီဖာမှာ တရားဝင်တိုင်ကြားမှု လုပ်ခဲ့ပါတယ်။ Fifa Ballon d’Or ဆုရဲ့ နောက်ဆုံး ဇကာတင်စာရင်းမှာပါရင် ထပ်ဆောင်း ယူရို ၂ သန်း ပေးရမယ်ဆိုတဲ့ အပိုဒ်အပါအ၀င် ကစားသမားရဲ့ အခွင့်အရေးတွေကို
    ဘာစီလိုနာထံ ယူရို ၁၇ သန်းနဲ့ ရောင်းခဲ့တဲ့ အပြောင်းအရွှေ့ သဘောတူညီချက်ဟာ မေလ ၃၁ ရက်နေ့ဆို ၂ နှစ်ပြည့်ပါပြီ။ ကစားသမားရဲ့ အပြောင်းအရွှေ့တန်ဖိုးဟာ ယူရို ၈၃ သန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆန်းတို့စ်က သိရပြီး ဘာစီလိုနာ၊ နေးမာနဲ့ သူ့ရဲ့ ကုမ္ပဏီတို့ဟာ ကျွန်တော်တို့အသင်းပေါ်မှာ နစ်နာကြေး အကြွေးတင်နေတယ်လို့ ဆန်းတို့စ်က ယူဆပါတယ်။ ပြီးတော့ ဘာစီလိုနာ ဒါရိုက်တာတွေအနေနဲ့ ဒီလုပ်ရပ်တွေအတွက် ပိတ်ဆို့မှုတွေ ခံစားရနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆန်းတို့စ် ဥက္ကဌ မိုဒက်စ်တို ရိုးမား ဂျေအာရ်က ပြောကြားခဲ့သည်။

    နေးမာ၏ အပြောင်းအရွှေ့တွင် အခွန်ရှောင်သည်ဟုဆိုကာ ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူနှင့် ယခင်ဥက္ကဌဟောင်း ဆန်ဒရို ရိုဆဲလ်တို့မှာ စပိန်တွင် ရားစွဲဆိုခြင်း ခံထားရသည်။

    ရိုမားကမူ မိမိတို့၏ ထိုကဲ့သို့ တရားစွဲဆိုခြင်းမှာ အသင်း၏ ထိခိုက်မှုကို ဖြေရှင်းရန်အတွက်ဖြစ်ပြီး ထိုကဲ့သို့ မဖြေရှင်းပါက ကမ္ဘာ့ဘောလုံးလောအတွက် ဆိုးရွားသော ထိခိုက်မှုဖြစ်မည်ဖြစ်ကာ ဖီဖာမှ သတ်မှတ်ထားသည့် အပြောင်းအရွှေ့နည်းနာများ ပျက်စီးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • IS မှာ ကမ္ဘာ့ခြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပြီဟု ဘန်ကီမွန်ပြော

    IS မှာ ကမ္ဘာ့ခြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပြီဟု ဘန်ကီမွန်ပြော

    မေ ၃၀၊ ၂၀၁၅
    M-Media

    benkimon

    – အီရတ်နှင့် ဆီးရီးယားတို့ရှိ IS အဖွဲသို့ ၀င်ရောက်နေသော နိုင်ငံရပ်ခြားမှ စစ်သွေးကြွများမှာ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က သတိပေးပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အတည်ပြုခဲ့သည့် အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ယမန်နေ့က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဘန်ကီမွန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ပိုင်နက်မှ၊ သို့မဟုတ် ၎င်းတို့ပိုင်နက်ကို ဖြတ်ကာ နိုင်ငံခြားသားများ IS အဖွဲ့နှင့် ပူးပေါင်းခြင်းကို တားဆီးရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန်လည်း ဘန်ကီမွန်က တိုက်တွန်းခဲ့သည်။

    “ဒီစိန်ခေါ်မှုကို ဘယ်နိုင်ငံကမှ တစ်ဦးတည်း ရင်မဆိုင်နိုင်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သတင်းအချက်အလက်ဖလှယ်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ပြီး ထိရောက်တဲ့ နယ်စပ်ဒေသထိန်းချုပ်မှုကို ဖွံ့ဖြိုးဖို့၊ သူတို့ရဲ့ ရာဇ၀တ်မှုဆိုင်ရာ စနစ်တွေကို တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ခိုင်မာဖို့ တိုးမြှင့်ဆောင်ရွက်ရပါမယ်” ဟု
    ဘန်ကီမွန်က ထည့်သွင်း ပြောကြားခဲ့သည်။

    လုံခြုံရေးကောင်စီကမူ နိုင်ငံခြားစစ်သွေးကြွများ ဆီးရီးယားနှင့် အီရတ်နိုင်ငံများသို့ သွားရောက်မှုကို ထိန်းချုပ်ရေးအတွက် ပိုမိုဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး ကမ္ဘာ့နိုင်ငံများအကြား ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေရေး တိုးတက်အောင်ဆောင်ရွက်ရန်၊ လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်များ၏ သတင်းအချက်အလက်များကို အစိုးရနှင့် မျှဝေရန်၊
    လုံခြုံရေးဆိုင်ရာ စောင့်ကြည်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက်လည်း တိုက်တွန်းခဲ့သည်။

    ISနှင့် အလ်ကိုင်းဒါးလက်အောက်ခံ al-Nusra Front တပ်ဖွဲ့များသို့ နိုင်ငံရပ်ခြားမှ သွားရောက်ပူးပေါင်းသူများမှာ ၂၅၀၀၀ ခန့် ရှိနေပြီဟု ကုလမှ မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Press TV

  • ဖီဖာ ဥက္ကဌအဖြစ် ဆပ်ဘလတ္တာ ပြန်အရွေးခံရ

    ဖီဖာ ဥက္ကဌအဖြစ် ဆပ်ဘလတ္တာ ပြန်အရွေးခံရ

    မေ ၃၀၊ ၂၀၁၅
    M-Media

    fifa

    – ယမန်နေ့က ကျင်းပခဲ့သော ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာမှာ ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပြီး ၅ ကြိမ်ဆက် ဥက္ကဌတာဝန် ထမ်းဆောင်နိုင်ခွင့် ရခဲ့ပြီဟု သိရသည်။

    ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်တို့၏ ပထမအချီ ယှဉ်ပြိုင်မှုတွင် ဘလတ္တာက ၁၃၃ မဲနှင့် အလ်ဟူစိန် ၇၃ မဲ ရရှိခဲ့သည်။ ထို့နောက် ဒုတိယအချီမတိုင်ခင် အလ်ဟူစိန်က ယှဉ်ပြိုင်မှုမှ နှုတ်ထွက်သွားခဲ့ပြီး ရှုံးနိမ့်ကြောင်း ကြေညာခဲ့သည်။

    ထို့ကြောင့် ၁၉၇၅ ခုနှစ်က ဖီဖာနှင့် ဆက်သွယ်ခဲ့ပြီး ၁၉၉၈ ခုနှစ်ကစ၍ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘလတ္တာမှာ ၎င်း၏ ၅ ကြိမ်မြောက်သက်တမ်းကို ထပ်မံ ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်သည်။

    “နောက်ထပ် ၄ နှစ်အတွက် ကျွန်တော့်ကို လက်ခံတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ ဖီဖာလို့ခေါ်တဲ့ သင်္ဘောကြီးကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်သွားမှာဖြစ်ပြီး ကမ်စပ်ကို ရောက်အောင် ခေါ်ဆောင်သွားမှာပါ” ဟု အနိုင်ရရှိခဲ့ပြီးနောက် ဘလတ္တာက ပြောကြားခဲ့သည်။

    ချစားမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာအကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြီးနောက် ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ၎င်းသာ ပြန်လည် အနိုင်ရခဲ့ပြီး ဘလတ္တာကမူ မိမိမှာ ပြီးပြည့်စုံသော လူတစ်ယောက် မဟုတ်သော်လည်း ကြုံတွေနေရသည့် ပြဿနာများကို ဖြေရှင်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အလီ ဘင် အလ် ဟူစိန်မှာ အမှုဆောင်ကော်မတီတွင်လည်း ၎င်း၏ နေရာကို ဆုံးရှုံးခဲ့သည်။

    “ခင်ဗျားတို့နဲ့ သိကျွမ်းရတာ၊ အလုပ်အတူတွဲလုပ်ရတဲ့ အချိန်တွေဟာ အံ့သြစရာ ကောင်းခဲ့ပါတယ်။ ကျွန်တော့်ကို ထောက်ခံသူအားလုံးကို ကျေးဇူးတင်ပြီး အနာဂတ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု အလ် ဟူစိန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အဖြူရောင်ကတ် အပ်နှံသူတွေကို အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်

    အဖြူရောင်ကတ် အပ်နှံသူတွေကို အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်

    မေ ၃၀ ၊ ၂၀၁၅
    image (1)
    White Card ခေါ် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံခဲ့သူတွေကို နိုင်ငံအတွင်း နေထိုင်ခွင့် ကတ်ပြားသစ်အဖြစ် အစိမ်းရောင်ကတ်တွေ ပြန်လည်ထုတ်ပေးမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ သတင်းထောက်တွေကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

    ပန်းရောင်နိုင်ငံသားကတ် လျှောက်ထားလို့မရခင်မှာ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

    “ယာယီသက်သေခံလက်မှတ် အဲ့လူတွေကို ကျနော်တို့က ကတ်ပြားတစ်မျိုးမျိုးပြန်ပေးရမယ်၊ ကျနော်တို့ နောက်ပြန်ပေးမဲ့ကတ်ကလည်း အစိမ်းနုရောင်လေးပါ၊ နိုင်ငံသား စိစစ်ခံရမည့်သူများ ကိုင်တွယ်ရန်လက်မှတ်ဆိုပြီး အဲ့ဒါပြန်ပေးမှာ၊ သို့သော်လည်း ကာလက ၂ လပဲရှိတယ်၊ မတ်လ ကုန်ကနေ မေလကုန်အထိ ဒီကြားထဲမှာကျရင် အခုနက ကတ်ပြားကြီးပေးဖို့ဆိုတာက ဓါတ်ပုံရိုက်ရမယ် ဟိုဟာတွေလုပ်ရမယ် မလွယ်ဘူး၊ အဲ့ဒီတော့ လောလောဆယ် လက်ခံရရှိကြောင်း ပေးထားတယ်”

    ယာယီသက်သေခံလက်မှတ်ဟာ နိုင်ငံသားအတိအကျ မရှိသူတွေကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပေးထား တာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက် အတိအကျမပါရှိတဲ့အတွက် ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း အစိုးရကကြေညာခဲ့တာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

    တစ်နိုင်ငံလုံးမှာ ယာယီသက်သေခံလက်မှတ် ၇ သိန်းကျော်ရှိပြီး လက်ရှိအချိန်မှာ ၄ သိန်းကျော် ပြန်လည်အပ်နှံ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပ်နှံပြီးသား လူပုဂ္ဂိုလ်တွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ကတ် အစိမ်းရောင် ကတ်ပြားတွေပေးအပ်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
    .
    RFA မှ ကူးယူဖော်ပြသည်။
    .
    http://www.rfa.org/burmese/news/ministry-issue-green-cards-former-white-card-holders-05292015121205.html