ဇွန် ၃၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် ချန်ပီယံလိဂ်တွင် ကစားချင်သော်လည်း လက်ရှိအချိန်တွင် အဲဗာတန်၌ ပျော်ရွှင်နေသည်ဟု ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ပြောကြားလိုက်သည်။
လူကာကူက မိမိမှာ အသင်းကြီးများတွင် ပုံမှန်ကစားခွင့်ရကာ ဆုဖလားများ ဆွတ်ခူးခွင့် ရချိန်တန်ပြီဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး အဲဗာတန်အသင်းနှင့် အနာဂတ်အတွက် သံသယများ ဖြစ်ပေါ်စေခဲ့သည်။
ယခုနှစ်နွေရာသီတွင် အဲဗာတန်မှ ထွက်ခွာဖြစ်မည်လားဟု မေးမြန်းခဲ့ရာ မိမိအနေဖြင့် အဲဗာတန်တွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သော်လည်း ထွက်ခွာမှုနှင့်စပ်လျဉ်း၍ ငြင်းဆိုခဲ့ခြင်း မရှိချေ။
“အခုအချိန်မှာတော့ ကျွန်တော်က အဲဗာတန်မှာပါ။ ကျွန်တော် စာချုပ်ရှိနေပြီး ပျော်လည်းပျော်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘယ်တော့မှ ကံသေကံမ မပြောနိုင်ပါဘူး” ဟု Sky Sport သို့ ပြောကြားခဲ့သည်။
ချယ်ဆီးမှ အငှားဖြင့် သွားရောက်ကစားခဲ့သည့် လူကာကူမှာ ခြေစွမ်းပြနိုင်သောကြောင့် ယူရို ၂၈ သန်းဖြင့် အဲဗာတန်က အပြီးသတ် ခေါ်ယူခဲ့သည်။ သို့သော်လည်း ၎င်း၏ အေးဂျင့်အသစ် မီနို ရီအိုလာက လူကာကူမှာ ဒီယေဂိုကော်စတာကဲ့သို့ အမြင့်ဆုံးအဆင့်တွင် ကစားသင့်သူတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ၎င်း၏အနာဂတ်မှာလည်း မသေမချာ ဖြစ်လာခဲ့သည်။
လူကာကူကမူ အေးဂျင့်၏ ပြောကြားမှုကို သဘောတူခဲ့သော်လည်း ထိပ်တန်းပြိုင်ပွဲများတွင် ကစားချင်သည့် စိတ်ဆန္ဒမှာ မိမိတစ်ဦးတည်းတွင် ရှိသည့် ဆန္ဒမျိုးမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“(အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ဆိုတာ) ရည်ရွယ်ချက်တစ်ခုပါ။ ကစားသမားတိုင်းဟာ ချန်ပီယံလိဂ်မှာ ကစားချင်ကြပါတယ်။ ကစားသမားတိုင်းက အမြင့်ဆုံးအဆင့်မှာ ကစားချင်ကြပါတယ်”
လူကာကူအား ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းကြီးများ အပါအ၀င် ကမ္ဘာတစ်ဝှမ်း ထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.