News @ M-Media

Blog

  • စော်ကားမှုများကို ဥပေက္ခာဖြင့်တုန့်ပြန်ရန် အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း

    စော်ကားမှုများကို ဥပေက္ခာဖြင့်တုန့်ပြန်ရန် အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း

    မေ ၂၂၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်အား စော်ကားမှုများကို ဥပေက္ခာဖြင့် တုန့်ပြန်ရန် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက တိုက်တွန်းပြောကြားလိုက်သည်။

    တမန်တော်မိုဟမက်အား စော်ကားလှောင်ပြောင်ထားသည့် Innocence of Muslims ဗီဒီယို နမူနာကို YouTube တွင် ဆက်လက်ထားရှိရန် အမေရိကန်တရားရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်းများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လှုံ့ဆော်သူတွေ အမုန်းဆုံးအလုပ်ကို ကျွန်တော်တို့လုပ်နေတာပါ။ ဒါကတော့ ဒါကို ဥပေက္ခာပြုပြီး အခြားသူတွေကိုလည်း ဥပေက္ခာပြုဖို့ တိုက်တွန်းတာပါပဲ။ ဒီလိုမီးမွှေးတဲ့ကိစ္စတွေဟာ ထုတ်လုပ်သူတွေအတွက် တန်ဖိုးမရှိတဲ့ ကျော်ကြားမှုကိုရဖို့ စီစဉ်ထားတာပါ။ သူတို့ရဲ့ ကစားပွဲထဲကို ကျွန်တော်တို့ ၀င်မှာမဟုတ်ပါဘူး” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်မ်ဟူပါးက ပြောကြားခဲ့သည်။

    အဆိုပါရုပ်ရှင်ကို ၂၀၁၀ ခုနှစ်က ကုရ်အာန်ကျမ်းတော်မြတ် မီးရှို့ရန် လှုံ့ဆော်ခဲ့သည့် အမေရိကန်မှ ခရစ်ယာန် တရားဟောဆရာ တယ်ရီဂျုံးစ်က စီစဉ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

    တက္ကဆက်ရှိ အာဗင်းအစ္စလာမ့်စင်တာ၏ အကြီးအကဲဖြစ်သူ အီမာမ် ဇီယာရှိခ်က အဆိုပါရုပ်ရှင်အား လစ်လျူရှုကြရန် မွတ်စလင်များကို တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့က ငါးစာချခံနေရတာပါ။ သွားဟပ်လို့မဖြစ်ပါဘူး” ဟု ပြောကြားခဲ့သည်။

    မွတ်စလင်ပြည်သူ့ရေးရာကောင်စီမှ ဆက်သွယ်ရေးတာဝန်ခံဖြစ်သော ရီဟမ် အွတ်စ်မန်က

    “အမုန်းစကားကို ဖွဲ့စည်းဖုံအခြေခံဥပဒေက တားမြစ်ထားပါတယ်။ ဒါပေမယ့် လွတ်လပ်စွာပြောဆိုခွင့်က လူတွေကြားထဲရောက်လာပြီး၊ လူမှုရေးတာဝန်ရှိမှုက တစ်ယူသန်မှုကို ကျော်သွားပါတယ်။ အစ္စလာမ့်သင်ကြားချက်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို လွတ်လပ်စွာဖော်ပြခြင်းရဲ့ အရေးပါမှုကို အားပေးပါတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်ဆန့်ကျင်ရေး
    တစ်ယူသန်မှုတွေနဲ့ အမုန်းစကားတွေကို ရပ်တန့်လို့မရပါဘူး။ ဒါပေမယ့် အခြားသူတွေကို ပညာပေးခြင်းအားဖြင့်  ကျွန်တော်တို့ ခေါင်းဆောင်သွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဟူပါးကလည်း အဆိုပါရုပ်ရှင် သို့မဟုတ် နမူနာကို ကြည့်ရှုမည်မဟုတ်ဟုဆိုပြီး အခြားသူများအား မကြည့်ရှုရန် တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။

    “(တစ်ယူသန်မှုက) ပျောက်သွားမှာမဟုတ်ပါဘူး။ အကောင်းဆုံးက သင့်ရဲ့ကိုယ်ပိုင် အကျိုးရှိတဲ့သတင်းစကားကို ဖြန့်ဝေဖို့နဲ့ အစွန်းရောက်တွေကို ကျဉ်ထားဖို့ပါပဲ”

    Ref: Onislam

  • ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေ၀ယ်သာနှင့် ပက်ကွီအိုဦးဆောင်

    ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေ၀ယ်သာနှင့် ပက်ကွီအိုဦးဆောင်

    မေ ၂၂၊ ၂၀၁၅
    M-Media

    ေေ

    – ၂၀၁၅ ခုနှစ် ကမ္ဘာတစ်ဝှမ်း တစ်နှစ်တာဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းကို ESPN က ထုတ်ပြန်ခဲ့ရာ ထိပ်တန်းလှက်ဝှေ့ကျော်များဖြစ်သည့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့က ဦးဆောင်နေသည်ဟု သိရသည်။

    မေ၀ယ်သာမှာ ယခုနှစ်အတွင်း စုစုပေါင်း ၀င်ငွေ ပေါင် ၁၆၁ သန်းရှိနေပြီး ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့်ပွဲ၌ တစ်မိနစ်တွင် ၃.၈၆ သန်း ၀င်ငွေရှိခဲ့သည်။ ထိုပမာဏမှာ လီယွန်နယ်မက်ဆီ၏ ၂၀၁၅ ၀င်ငွေထက် လေးဆခွဲ ပိုမြင့်နေသည်။

    ပက်ကွီအို၏ ၀င်ငွေမှာ ပေါင် ၉၆.၅ သန်းရှိပြီး ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို၏ ၀င်ငွေထက် ၃ ဆနီးပါး မြင့်နေသည်။ ဘောလုံးလောကတွင် ၀င်ငွေအမြင့်ဆုံးဖြစ်သည့် မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့မှာ ပေါင် ၃၆.၂၃ သန်းနှင့် ၃၂.၃ သန်းတို့ဖြင့် အဆင့်သုံးနှင့် အဆင့်လေး နေရာတွင်ရှိနေသည်။

    ထိုစာရင်းတွင် ကစားသမားများ၏ လခနှင့် ဆုကြေးငွေများကိုသာ ထည့်တွက်ထားခြင်းဖြစ်ပြီး ကြော်ငြာဝင်ငွေများ၊ ရုပ်ပုံအသုံးပြုကြေးများ၊ စပွန်ဆာကြေးများနှင့် အခြားသော ၀င်ငွေများ မပါဝင်ပေ။

    ဖော်မြူလာဝမ်းမှ ပြိုင်ကားသမား ဆီဘက်စတီယန် ဗက်တဲလ်နှင့် ဖာနန်ဒိုအလွန်ဆိုတို့မှာ ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အဆိုပါစာရင်းတွင် အဆင့် ၅ နှင့် အဆင့် ၆ နေရာတို့တွင် အသီးသီးရှိနေသည်။

    ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ပေါင် ၂၂.၆ သန်းဖြင့် အဆင့် ၇ နေရာတွင် ရှိနေပြီး အဆင့် ၁၀ အတွင်းဝင်ခဲ့သည်။ မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီကမူ အဆင့် ၁၂ သာ ချိတ်ခဲ့သည်။

    Ref: Dailymail

  • မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ

    မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ

    မေ ၂၂၊ ၂၀၁၅
    M-Media

    morinho

    – ချယ်ဆီးအသင်းအား ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်၏ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ရာသီကုန်ရန် ၃ ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည်။ ယခုနှစ်ရာသီမှာ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မော်ရင်ဟို၏ ဒုတိယမြောက်ရာသီဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်းမှာ ဒုတိယ ရရှိခဲ့သည်။

    ယခုနှစ်တစ်နှစ်လုံးတွင် တစ်လတာအကောင်းဆုံး နည်းပြဆုကို မရခဲ့သည့် မော်ရင်ဟိုမှာ ရော်နယ်လ်ကိုးမန်း၊ ဂါရီ မောန့်၊ နီဂျဲလ် ပီယာဆန်နှင့် အာဆင်ဝင်းဂါးတို့ကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ချယ်ဆီး ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၄-၀၅နှင့် ၂၀၀၅-၀၆ ဘောလုံးရာသီများတွင်လည်း မော်ရင်ဟိုမှာ အဆိုပါဆုကို ရရှိခဲ့ပြီး ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်သည်။

    PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ဘောလုံးကလောင်ရှင်များအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့် ကွင်းလယ်လူ အေဒင် ဟဇာ့ဒ်မှာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဟဇာ့ဒ်မှာ အသင်းဖော် ဂျွန်တယ်ရီ၊ မာတစ်နှင့် ဖာဘရီဂတ်စ်တို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • ရေတပ်လေယာဉ်ကို မောင်းထုတ်မှုအတွက် တရုတ်ကို အမေရိကန် သတိပေး

    ရေတပ်လေယာဉ်ကို မောင်းထုတ်မှုအတွက် တရုတ်ကို အမေရိကန် သတိပေး

    မေ ၂၂၊ ၂၀၁၅
    M-Media

    us

    – တောင်တရုတ်ပင်လယ် လေပိုင်နက်အတွင်း အမေရိကန်လေယာဉ်များ ကင်းလှည့်မှုအား ထိပ်တိုင်ရင်ဆိုင်မှုနှင့် ပတ်သက်၍ အမေရိကန်က တရုတ်နိုင်ငံအား ယမန်နေ့တွင် သတိပေးလိုက်သည်။

    ဗုဒ္ဓဟူးနေ့က တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တလေကျွန်းစုမှ ဖိုင်ယာရီကရော့စ် ကျောက်တန်များပေါ်တွင် ပျံသန်းနေသော အမေရိကန်ရေတပ်မှ ထောက်လှမ်းရေး လေယာဉ်ပျံ Navy P8-A Poseidon ကို ထိုလေပိုင်နက်မှ ထွက်ခွာရန် တရုတ်စစ်ဘက်က ၈ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သည်။

    အမေရိကန်ရေတပ်ကမူ ယမန်နေ့က ထိုကိစ္စနှင့်ပတ်သက်သည့် ဗီဒီယို ၂ ခုနှင့် အပြန်အလှန်ပြောဆိုမှု အသံဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အသံဖိုင်တွင် မိမိတို့မှာ တရုတ်ရေတပ်ဖြစ်ကြောင်း၊ မိမိတို့၏ စစ်ဘက်ဆိုင်ရာ သတိပေးဇုန်ကို ကပ်လာသောကြောင့်
    ချက်ချင်းထွက်ခွာရန် တောင်းဆိုကြောင်း တရုတ်ဘက်က ပြောကြားခဲ့ပြီး အမေရိကန်ဘက်မှ မိမိတို့မှာ နိုင်ငံတကာရေပိုင်နက်အပေါ်တွင် ပျံသန်းနေခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော်လည်း တရုတ်ရေတပ်က အမေရိကန် ကင်းထောက်လေယာဉ်အား ထပ်မံနှင်ထုတ်ခဲ့သည်။

    ဖိုင်ယာရီ ကရော့စ် ကျောက်တန်းမှာ တရုတ်နိုင်ငံမှ စိုးမိုးရေးလုပ်ဆောင်နေသည့် နေရာလည်းဖြစ်ပြီး ယခုကိစ္စက တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်နှင့် ထိုကြေညာမှုကို လက်မခံသည့် အမေရိကန်တို့အကြား တောင်တရုတ်ပင်လယ်ပေါ်တွင် ထိပ်တိုက်တွေ့သည့် နောက်ဆုံးကိစ္စလည်း ဖြစ်သည်။

    အရှေ့အာရှဆိုင်ရာ အမေရိကန် သံတမန် ဒန်နီယဲလ် ရက်ဆဲလ်ကမူ အမေရိကန် ကင်းထောက်လေယာဉ်များ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံကာလေပိုင်နက်တွင် ပျံသန်းခြင်းမှာ ပုံမှန်ဖြစ်ပြီး သင့်တော်သည့်လုပ်ရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသာမကဘဲ နိုင်ငံအားလုံး၏
    ရေကြောင်းနှင့် လေကြောင်းခရီးသွားလာမှု အခွင့်အရေးများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက စပရက်တလေကျွန်းအား မိမိတို့ကသာ အငြင်းပွားဖွယ်မရှိ ပိုင်ဆိုင်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Foxnews

  • ပါလက်စတိုင်းအား အသိအမှတ်ပြုရေး ဂရိလွှတ်တော် မဲခွဲမည်

    ပါလက်စတိုင်းအား အသိအမှတ်ပြုရေး ဂရိလွှတ်တော် မဲခွဲမည်

    မေ ၂၂၊ ၂၀၁၅
    M-Media

    palestine

    – ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန်အတွက် လွှတ်တော်အတွင်း မဲခွဲမှုကို ဂရိအစိုးရက မကြာမီ ပြုလုပ်သွားမည်ဟု သိရသည်။

    “ပါလက်စတိုင်းအား အသိအမှတ်ပြုရေးဟာ လာမယ့်သီတင်းပတ်တွေမှာလုပ်မယ့် လွှတ်တော်အစည်းအဝေးကဏ္ဍမှာ ပါသွားမှာပါ” ဟု ဂရိအာဏာရပါတီ ဆီရီဇာ၏ သတင်းရင်းမြစ်ကို ကိုးကား၍ Spuntnik သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါ မဲခွဲမှုတွင် ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်လည်း ပါဝင်ရန် မျှော်လင့်ထားသည်ဟု အာဏာရပါတီက ဆိုသည်။ ယခုလအစောပိုင်းက ဗာတီကန်မှာ နိုင်ငံအချင်းချင်း သဘောတူစာချုပ်တွင် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။

    အမေရိကန်၊ အစ္စရေးနှင့် ဥရောပ နိုင်ငံအချို့မှလွဲ၍ တစ်ကမ္ဘာလုံးနီးပါးမှာ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဥရောပ နိုင်ငံအချို့မှာလည်း သဘောထားများ ပြောင်းလာကြသည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပါလက်စတိုင်းအား အဖွဲ့ဝင်မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် မဲခွဲကာ အသိအမှတ်ပြုခဲ့သည်။

    ဆွီဒင်နိုင်ငံကမူ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့တွင် ပါလက်စတိုင်းအား တရားဝင် အသိအမှတ်ပြုခဲ့ပြီး၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြစ်သစ်နှင့် စပိန်တို့ရှိ လွှတ်တော်အမတ်များက ပါလက်စတိုင်းအား အသိအမှတ်ပြုရေးအတွက် အစိုးရအား တိုက်တွန်းခဲ့ကြသည်။ ထို့ပြင် ဂျာမနီအပါအ၀င် ဥရောပနိုင်ငံအချို့တွင်လည်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး တိုက်တွန်းဆော်သြမှုများ မြင့်တက်လာသည်။

    ဒုတိယကမ္ဘာစစ်ကြောင့် အရှေ့ဥရောပမှ ထွက်ပြေးလာခဲ့သည့် ဂျူးများမှာ အမေရိကန်နှင့် အနောက်နိုင်ငံတစ်ချို့၏ အကူအညီဖြင့် ပါလက်စတိုင်းနယ်မြေအတွင်း ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ပါလက်စတိုင်းများမှာ မိမိတို့၏ နယ်မြေအတွင်းမှာပင် နိုင်ငံမဲ့ ဖြစ်ခဲ့ရသည်။

    နောက်ပိုင်းတွင် အစ္စရေးက ပါလက်စတိုင်း၏ နယ်မြေများကို နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ကန့်ကွက်မှုများကြားမှပင် နည်းမျိုးစုံဖြင့် တိုးချဲ့သိမ်းပိုက်ခဲ့သည်။

    ပါလက်စတိုင်းကမူ ၁၉၆၇ စစ်ပွဲအပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သတ်မှတ်ပေးခဲ့သည့် နယ်မြေများကို စုပေါင်းကာ နိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးစားနေသော်လည်း အစ္စရေးက နည်းအမျိုးမျိုးဖြင့် အနှောက်အယှက်ပေးနေသောကြောင့် ကြန့်ကြာနေရသည်။

    Ref: PressTV