News @ M-Media
Blog
  • မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ
    မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ
    မေ ၂၂၊ ၂၀၁၅
    M-Media
    morinho
    – ချယ်ဆီးအသင်းအား ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်၏ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်ဟု သိရသည်။
    ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ရာသီကုန်ရန် ၃ ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည်။ ယခုနှစ်ရာသီမှာ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မော်ရင်ဟို၏ ဒုတိယမြောက်ရာသီဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်းမှာ ဒုတိယ ရရှိခဲ့သည်။
    ယခုနှစ်တစ်နှစ်လုံးတွင် တစ်လတာအကောင်းဆုံး နည်းပြဆုကို မရခဲ့သည့် မော်ရင်ဟိုမှာ ရော်နယ်လ်ကိုးမန်း၊ ဂါရီ မောန့်၊ နီဂျဲလ် ပီယာဆန်နှင့် အာဆင်ဝင်းဂါးတို့ကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ချယ်ဆီး ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၄-၀၅နှင့် ၂၀၀၅-၀၆ ဘောလုံးရာသီများတွင်လည်း မော်ရင်ဟိုမှာ အဆိုပါဆုကို ရရှိခဲ့ပြီး ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်သည်။
    PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ဘောလုံးကလောင်ရှင်များအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့် ကွင်းလယ်လူ အေဒင် ဟဇာ့ဒ်မှာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဟဇာ့ဒ်မှာ အသင်းဖော် ဂျွန်တယ်ရီ၊ မာတစ်နှင့် ဖာဘရီဂတ်စ်တို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။
    Ref: Goal
  • ရေတပ်လေယာဉ်ကို မောင်းထုတ်မှုအတွက် တရုတ်ကို အမေရိကန် သတိပေး
    ရေတပ်လေယာဉ်ကို မောင်းထုတ်မှုအတွက် တရုတ်ကို အမေရိကန် သတိပေး
    မေ ၂၂၊ ၂၀၁၅
    M-Media
    us
    – တောင်တရုတ်ပင်လယ် လေပိုင်နက်အတွင်း အမေရိကန်လေယာဉ်များ ကင်းလှည့်မှုအား ထိပ်တိုင်ရင်ဆိုင်မှုနှင့် ပတ်သက်၍ အမေရိကန်က တရုတ်နိုင်ငံအား ယမန်နေ့တွင် သတိပေးလိုက်သည်။
    ဗုဒ္ဓဟူးနေ့က တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တလေကျွန်းစုမှ ဖိုင်ယာရီကရော့စ် ကျောက်တန်များပေါ်တွင် ပျံသန်းနေသော အမေရိကန်ရေတပ်မှ ထောက်လှမ်းရေး လေယာဉ်ပျံ Navy P8-A Poseidon ကို ထိုလေပိုင်နက်မှ ထွက်ခွာရန် တရုတ်စစ်ဘက်က ၈ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သည်။
    အမေရိကန်ရေတပ်ကမူ ယမန်နေ့က ထိုကိစ္စနှင့်ပတ်သက်သည့် ဗီဒီယို ၂ ခုနှင့် အပြန်အလှန်ပြောဆိုမှု အသံဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အသံဖိုင်တွင် မိမိတို့မှာ တရုတ်ရေတပ်ဖြစ်ကြောင်း၊ မိမိတို့၏ စစ်ဘက်ဆိုင်ရာ သတိပေးဇုန်ကို ကပ်လာသောကြောင့်
    ချက်ချင်းထွက်ခွာရန် တောင်းဆိုကြောင်း တရုတ်ဘက်က ပြောကြားခဲ့ပြီး အမေရိကန်ဘက်မှ မိမိတို့မှာ နိုင်ငံတကာရေပိုင်နက်အပေါ်တွင် ပျံသန်းနေခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော်လည်း တရုတ်ရေတပ်က အမေရိကန် ကင်းထောက်လေယာဉ်အား ထပ်မံနှင်ထုတ်ခဲ့သည်။
    ဖိုင်ယာရီ ကရော့စ် ကျောက်တန်းမှာ တရုတ်နိုင်ငံမှ စိုးမိုးရေးလုပ်ဆောင်နေသည့် နေရာလည်းဖြစ်ပြီး ယခုကိစ္စက တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်နှင့် ထိုကြေညာမှုကို လက်မခံသည့် အမေရိကန်တို့အကြား တောင်တရုတ်ပင်လယ်ပေါ်တွင် ထိပ်တိုက်တွေ့သည့် နောက်ဆုံးကိစ္စလည်း ဖြစ်သည်။
    အရှေ့အာရှဆိုင်ရာ အမေရိကန် သံတမန် ဒန်နီယဲလ် ရက်ဆဲလ်ကမူ အမေရိကန် ကင်းထောက်လေယာဉ်များ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံကာလေပိုင်နက်တွင် ပျံသန်းခြင်းမှာ ပုံမှန်ဖြစ်ပြီး သင့်တော်သည့်လုပ်ရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသာမကဘဲ နိုင်ငံအားလုံး၏
    ရေကြောင်းနှင့် လေကြောင်းခရီးသွားလာမှု အခွင့်အရေးများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက စပရက်တလေကျွန်းအား မိမိတို့ကသာ အငြင်းပွားဖွယ်မရှိ ပိုင်ဆိုင်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Foxnews
  • ပါလက်စတိုင်းအား အသိအမှတ်ပြုရေး ဂရိလွှတ်တော် မဲခွဲမည်
    ပါလက်စတိုင်းအား အသိအမှတ်ပြုရေး ဂရိလွှတ်တော် မဲခွဲမည်
    မေ ၂၂၊ ၂၀၁၅
    M-Media
    palestine
    – ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန်အတွက် လွှတ်တော်အတွင်း မဲခွဲမှုကို ဂရိအစိုးရက မကြာမီ ပြုလုပ်သွားမည်ဟု သိရသည်။
    “ပါလက်စတိုင်းအား အသိအမှတ်ပြုရေးဟာ လာမယ့်သီတင်းပတ်တွေမှာလုပ်မယ့် လွှတ်တော်အစည်းအဝေးကဏ္ဍမှာ ပါသွားမှာပါ” ဟု ဂရိအာဏာရပါတီ ဆီရီဇာ၏ သတင်းရင်းမြစ်ကို ကိုးကား၍ Spuntnik သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    အဆိုပါ မဲခွဲမှုတွင် ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်လည်း ပါဝင်ရန် မျှော်လင့်ထားသည်ဟု အာဏာရပါတီက ဆိုသည်။ ယခုလအစောပိုင်းက ဗာတီကန်မှာ နိုင်ငံအချင်းချင်း သဘောတူစာချုပ်တွင် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။
    အမေရိကန်၊ အစ္စရေးနှင့် ဥရောပ နိုင်ငံအချို့မှလွဲ၍ တစ်ကမ္ဘာလုံးနီးပါးမှာ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဥရောပ နိုင်ငံအချို့မှာလည်း သဘောထားများ ပြောင်းလာကြသည်။
    ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပါလက်စတိုင်းအား အဖွဲ့ဝင်မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် မဲခွဲကာ အသိအမှတ်ပြုခဲ့သည်။
    ဆွီဒင်နိုင်ငံကမူ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့တွင် ပါလက်စတိုင်းအား တရားဝင် အသိအမှတ်ပြုခဲ့ပြီး၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြစ်သစ်နှင့် စပိန်တို့ရှိ လွှတ်တော်အမတ်များက ပါလက်စတိုင်းအား အသိအမှတ်ပြုရေးအတွက် အစိုးရအား တိုက်တွန်းခဲ့ကြသည်။ ထို့ပြင် ဂျာမနီအပါအ၀င် ဥရောပနိုင်ငံအချို့တွင်လည်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး တိုက်တွန်းဆော်သြမှုများ မြင့်တက်လာသည်။
    ဒုတိယကမ္ဘာစစ်ကြောင့် အရှေ့ဥရောပမှ ထွက်ပြေးလာခဲ့သည့် ဂျူးများမှာ အမေရိကန်နှင့် အနောက်နိုင်ငံတစ်ချို့၏ အကူအညီဖြင့် ပါလက်စတိုင်းနယ်မြေအတွင်း ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ပါလက်စတိုင်းများမှာ မိမိတို့၏ နယ်မြေအတွင်းမှာပင် နိုင်ငံမဲ့ ဖြစ်ခဲ့ရသည်။
    နောက်ပိုင်းတွင် အစ္စရေးက ပါလက်စတိုင်း၏ နယ်မြေများကို နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ကန့်ကွက်မှုများကြားမှပင် နည်းမျိုးစုံဖြင့် တိုးချဲ့သိမ်းပိုက်ခဲ့သည်။
    ပါလက်စတိုင်းကမူ ၁၉၆၇ စစ်ပွဲအပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သတ်မှတ်ပေးခဲ့သည့် နယ်မြေများကို စုပေါင်းကာ နိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးစားနေသော်လည်း အစ္စရေးက နည်းအမျိုးမျိုးဖြင့် အနှောက်အယှက်ပေးနေသောကြောင့် ကြန့်ကြာနေရသည်။
    Ref: PressTV
  • ဒီဂီယာနေရာအတွက် ပီတာချက်နှင့်အစားထိုးရန် ပေါလ်စခိုးလ်ပြော
    ဒီဂီယာနေရာအတွက် ပီတာချက်နှင့်အစားထိုးရန် ပေါလ်စခိုးလ်ပြော
    မေ ၂၂၊ ၂၀၁၅
    M-Media
    c
    – အားထားရသော ဂိုးသမား ဒီဂီယာမှာ အသင်းမှထွက်ခွာပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ချယ်ဆီးဂိုးသမား ပီတာချက်အား ခေါ်ယူသင့်သည်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
    အသင်းတွင် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ဒီဂီယာမှာ ယခုနှစ်နွေရာသီတွင် ရီးယဲလ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ မန်ယူကလည်း အသင်းတွင် ဆက်ရှိနေရန် အစွမ်းကုန် ကြိုးစားနေသည်။
    ဗန်ဂါးလ်ကမူ ဒီဂီယာ အသင်းမှထွက်ခွာပါက အစားထိုးရန် ဂိုသမားများကို လျာထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။ ဗန်ဂါးလ်၏ လျာထားဂိုးသမားစာရင်းတွင် ချယ်ဆီးမှထွက်ခွာတော့မည့် ပီတာချက်လည်း ပါဝင်ပြီး
    “တကယ်လို့ ဒီဂီယာထွက်မယ်ဆိုရင် ယူနိုက်တက်ဟာ ပီတာချက်ကို ခေါ်သင့်ပါတယ်။ ၂၀၀၅ ခုနှစ် အက်ဒွင် ဗန်ဒါးဆား အသင်းကိုရောက်လာတဲ့အချိန်က အကျိုးသက်ရောက်မှုကို ကျွန်တော်မှတ်မိပါတယ်။ ပီတာရှမိုက်ကယ် အသင်းက ထွက်သွားပြီးတဲ့နောက် လောက်လောက်လားလားရှိတဲ့ ဂိုးသမားတစ်ယောက်ရှာဖို့ ယူနိုက်တက်က ရုန်းကန်ခဲ့ရပြီး
    ဖေဘီယန်ဘားသက်ဇ်က အနီးစပ်ဆုံး ကျွန်တော်တို့ရလိုက်တဲ့ ဂိုးသမားပါ” ဟု ပေါလ်စခိုးလ်က Independent သတင်းစာတွင် ရေးသားခဲ့သည်။
    ဗန်ဒါးဆားရောက်ရှိလာပြီးနောက် အသင်း၏ အောင်မြင်မှုများကို ပေါလ်စခိုးလ်က ထောက်ပြခဲ့ပြီး ဗန်ဒါးဆားမှာ မန်ယူသို့ရောက်စဉ်က အသက် ၃၅ နှစ်ရှိနေသော်လည်း ပီတာချက်ကမူ ၃၃ နှစ်သာ ရှိသေးကြောင်း၊ မန်ယူအတွက် နောက်ထပ် ၆ နှစ်ခန့် ကစားပေးနိုင်သည့် အလားအလာရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ပီတာချက်မှာလည်း ယခုနှစ်နွေရာသီတွင် ချယ်ဆီးမှ ထွက်ခွာတော့မည်ဖြစ်ပြီး အေးဂျင့် ဗစ်တာ ကိုလာကမူ ချက်မှာ မန်ယူ သို့မဟုတ် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်သည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    ဗန်ဂါလ်းမှာ ဒီဂီယာနေရာတွင် အသင်းဟောင်း အေဂျက်မှ နယ်သာလန် ဂိုးသမား စီလက်ဆန်အား အစားထိုးရန် ပိုဖြစ်နိုင်သည်ဟု သတင်းများက ဖော်ပြကြသည်။
    Ref: Goal
  • ဆီးရီးယားနိုင်ငံ တစ်ဝက်နီးပါးကို IS က ထိန်းချုပ်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ပြော
    ဆီးရီးယားနိုင်ငံ တစ်ဝက်နီးပါးကို IS က ထိန်းချုပ်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ပြော
    မေ ၂၂၊ ၂၀၁၅
    M-Media
    sy
    – နိုင်ငံအလယ်ပိုင်း ဟွမ်စ်ပြည်နယ်ရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့အား သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း IS အဖွဲ့ သိမ်းပိုက်ထားသည့် ဧရိယာမှာ ဆီးရီးယားနိုင်ငံ တစ်ဝက်နီးနီး ရှိလာပြီဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် မတ်လအတွင်းကလည်း ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ဒီရာ ပြည်နယ်ရှိ ဘော့စ်ရာမြို့မှာ IS လက်ထဲ ကျရောက်ခဲ့ပြီး ဧပြီလအတွင်းက မြို့တော် ဒမက်စကတ်နှင့် ၈ ကီလိုမီတာသာဝေးသည့် ယာရ်မွတ် ပါလက်စတိုင်း ဒုက္ခသည်စခန်းကိုလည်း ၎င်းတို့က သိမ်းပိုက်နိုင်ခဲ့သည်။
    ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ဖွဲကမူ IS အဖွဲ့မှာ လက်ရျိအချိန်၌ ဆီးရီးယားရှိ ပြည်နယ် ၁၄ ခုတွင် ၉ ခုရှိ ဧရိယာအကျယ်အ၀န်း ၉၅၀၀၀ စကွဲယားကီလိုမီတာကို သိမ်းပိုက်ထားနိုင်ပြီး ထိုပမာဏမှာ နိုင်ငံ၏ တစ်ဝက်နီးပါးရှိသည်ဟု ဆိုသည်။ ထို့ပြင် IS ထိန်းချုပ်ထားသည့် ဒေသများတွင် အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ပါဝင်နေသည်။
    ပါလ်မိုင်ရာမြို့ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် IS က လုံးဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများလည်း ထွက်ပြေးနေရကာ အများစုမှာ လမ်းမများပေါ်တွင် သောင်တင်နေကြသည်ဟု မြို့တွင်းမှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့သည်။
    ဆီးရီးယားအစိုးရကမူ IS အား လေကြောင်းမှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို တိုက်ခိုက်နေခြင်းကြောင့် အရပ်သားသေဆုံးမှုများလည်း ရှိနေသည်။
    “အဲဒီမှာ ဟွမ်စ်နဲ့ ဒါရ် အက်ဇောရ်တို့က ထွက်ပြေးလာတဲ့ လူ ၅၀၀၀၀ အပါအ၀င် လူပေါင် ၁၇၀၀၀၀ နီးပါး လောက်ရှိပါတယ်။ ဒီကဒေသခံတွေကလည်း IS တွေကို မုန်းနေပြီး သူတို့ကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားပါတယ်” ဟု ပါလ်မိုင်ရာမြို့မှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ နက်ဆာရ်က ပြောကြားခဲ့သည်။
    ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက အမေရိကန်နှင့် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြု သူပုန်များနှင့် ဆီးရီးယားအာဏာရှင် အာဆတ်၏ တပ်များ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အီရတ်တွင် ခြေကုပ်ယူထားသည့် IS များ ဆီးရီးယား၌ တန်ခိုးထွားလာခြင်းဖြစ်ပြီး ၎င်းတို့၏ နယ်မြေချဲ့ထွင်လာမှုများကို အစိုးရနှင့် သူပုန်များကပါ တွန်းလှန်နိုင်ခြင်း မရှိတော့ပေ။
    Ref: Aljazeera