မေ ၂၂၊ ၂၀၁၅
M-Media
– နိုင်ငံအလယ်ပိုင်း ဟွမ်စ်ပြည်နယ်ရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့အား သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း IS အဖွဲ့ သိမ်းပိုက်ထားသည့် ဧရိယာမှာ ဆီးရီးယားနိုင်ငံ တစ်ဝက်နီးနီး ရှိလာပြီဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ဒီရာ ပြည်နယ်ရှိ ဘော့စ်ရာမြို့မှာ IS လက်ထဲ ကျရောက်ခဲ့ပြီး ဧပြီလအတွင်းက မြို့တော် ဒမက်စကတ်နှင့် ၈ ကီလိုမီတာသာဝေးသည့် ယာရ်မွတ် ပါလက်စတိုင်း ဒုက္ခသည်စခန်းကိုလည်း ၎င်းတို့က သိမ်းပိုက်နိုင်ခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ဖွဲကမူ IS အဖွဲ့မှာ လက်ရျိအချိန်၌ ဆီးရီးယားရှိ ပြည်နယ် ၁၄ ခုတွင် ၉ ခုရှိ ဧရိယာအကျယ်အ၀န်း ၉၅၀၀၀ စကွဲယားကီလိုမီတာကို သိမ်းပိုက်ထားနိုင်ပြီး ထိုပမာဏမှာ နိုင်ငံ၏ တစ်ဝက်နီးပါးရှိသည်ဟု ဆိုသည်။ ထို့ပြင် IS ထိန်းချုပ်ထားသည့် ဒေသများတွင် အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ပါဝင်နေသည်။
ပါလ်မိုင်ရာမြို့ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် IS က လုံးဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများလည်း ထွက်ပြေးနေရကာ အများစုမှာ လမ်းမများပေါ်တွင် သောင်တင်နေကြသည်ဟု မြို့တွင်းမှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့သည်။
ဆီးရီးယားအစိုးရကမူ IS အား လေကြောင်းမှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို တိုက်ခိုက်နေခြင်းကြောင့် အရပ်သားသေဆုံးမှုများလည်း ရှိနေသည်။
“အဲဒီမှာ ဟွမ်စ်နဲ့ ဒါရ် အက်ဇောရ်တို့က ထွက်ပြေးလာတဲ့ လူ ၅၀၀၀၀ အပါအ၀င် လူပေါင် ၁၇၀၀၀၀ နီးပါး လောက်ရှိပါတယ်။ ဒီကဒေသခံတွေကလည်း IS တွေကို မုန်းနေပြီး သူတို့ကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားပါတယ်” ဟု ပါလ်မိုင်ရာမြို့မှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ နက်ဆာရ်က ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက အမေရိကန်နှင့် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြု သူပုန်များနှင့် ဆီးရီးယားအာဏာရှင် အာဆတ်၏ တပ်များ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အီရတ်တွင် ခြေကုပ်ယူထားသည့် IS များ ဆီးရီးယား၌ တန်ခိုးထွားလာခြင်းဖြစ်ပြီး ၎င်းတို့၏ နယ်မြေချဲ့ထွင်လာမှုများကို အစိုးရနှင့် သူပုန်များကပါ တွန်းလှန်နိုင်ခြင်း မရှိတော့ပေ။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.