News @ M-Media

Blog

  • အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် ရဲ ၁၁ ဦးကို အာဖဂန်ထောင်ချ

    အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် ရဲ ၁၁ ဦးကို အာဖဂန်ထောင်ချ

    မေ ၁၉၊ ၂၀၁၅
    M-Media

    afgan

    – မတ်လက မြို့တော်ကဘူးလ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုတွင် တားဆီးမှုများ မပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို အာဖဂန်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်သည်။

    ယနေ့တွင် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြစ်မှုမထင်ရှားသဖြင့် လွှတ်ပေးခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်ကို မီးရှို့သည်ဟု သတင်းလွှင့်ကာ အသက် ၂၇ နှစ်အရွယ် ဖာ့က်ဟန်ဒါကို ရိုက်နှက်သက်ဖြတ်မှုတွင် ရဲတပ်ဖွဲ့မှာ သင့်လျော်သည့် တားဆီးဟန့်တားမှုများ မပြုလုပ်ခဲ့ပေ။

    ထိုအမှုအားကျူးလွန်ခဲ့သူ ၄ ဦးကို ကြိုးပေးကွပ်မျက်ရန် တရားရုံးက ယခုလအစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

    သမ္မတရုံးမှ စစ်ဆေးမှုများအရ ဖာ့က်ဟန်ဒါမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်တကယ် မီးရှို့ခဲ့ခြင်းမဟုတ်သည်ကို တွေ့ရှိခဲ့ရသည်။ မိသားစုများကမူ အဆောင်လက်ဖွဲ့များကို မ၀ယ်ရန် ဖာ့က်ဟန်ဒါက သူငယ်ချင်းများအား တိုက်တွန်းခဲ့သောကြောင့် အဆောက်လက်ဖွဲ့ရောင်းသူများက လုပ်ကြံသတင်းလွှင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဖာ့က်ဟန်ဒါမှာ အစ္စလာမ့် ဓမ္မပညာရှင်တစ်ဦးလည်း ဖြစ်သည်။

    ထိုအဖြစ်အပျက်က အာဖဂန်ပြည်သူများကို တုန်လှုပ်စေခဲ့ပြီး ထိုလုပ်ရပ်ကို ဆန့်ကျင်ခြင်းနှင့် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရန် တောင်းဆိုဆန္ဒပြမှုများမှာလည်း နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • ချယ်ဆီး၏ လာမည့်နှစ်ပစ်မှတ်က ထိပ်ဆုံးလေးသင်းဝင်ရန်ဟု မော်ရင်ဟိုပြော

    ချယ်ဆီး၏ လာမည့်နှစ်ပစ်မှတ်က ထိပ်ဆုံးလေးသင်းဝင်ရန်ဟု မော်ရင်ဟိုပြော

    မေ ၁၉၊ ၂၀၁၅
    M-Media

    mrh

    – မိမိတို့အသင်း၏ လာမည့်နှစ် ရည်ရွယ်ချက်မှာ ပရီးမီးယားလိဂ် ဗိုလ်စွဲရန်မဟုတ်ဘဲ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေးသာ ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ယခုနှစ်တွင် ပုံစံကောင်းများ ပြသနိုင်ခဲ့ကာ ရာသီပြီးရန် ၃ ပွဲအလို၌ပင် ပရီးမီးယားလိဂ်ဖလားအား ရရှိခဲ့သည်။ သို့သော်လည်း မော်ရင်ဟိုကမူ လာမည့်နှစ်တွင် မိမိတို့အသင်းမှာ ဖလားအကြောင်းမစဉ်းစားခင် ထိပ်ဆုံးလေးသင်းဝင်အောင်
    အသေအချာလုပ်ရမည်ဟု ပြောကြားခဲ့သည်။

    “လာမယ့်ရာသီမှာ ဒီနှစ် ၅ သင်းပဲ (ထိပ်ဆုံးမှာ) ရှိမှာပါ။ စပါးက ဒီနှစ်နွေရာသီမှာ ဘာလုပ်မလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သေချာတာက ဒီ ၅ သင်းကြားထဲမှာ တစ်သင်းသင်းဟာ ချန်ပီယံဖြစ်မှာပါ။ ပြီးတော့ တစ်သင်းသင်းဟာလည်း အဆင့် ၅ မှာ ရှိမှာပါ။ ရာသီစတဲ့အခါ ထိပ်ဆုံးလေးသင်း သေချာအောင် ကျွန်တော် လုပ်ရမှာပါ။ ဒါဟာ ပထမအဆင့်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ထဲက တစ်သင်းဟာ (ချန်ပီယံလိဂ်က) ထွက်ရမှာမို့လို့ပါ။ ပြီးခဲ့တဲ့နှစ်က မန်ယူ၊ ဒီနှစ် လီဗာပူးလ်ပါ။ နောက်နှစ်မှာတော့ ချယ်ဆီးမဖြစ်အောင် ကျွန်တော်တို့ သေချာလုပ်ရမှာပါ” ဟု မော်ရင်ဟိုက taklSPORT သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • အသက်ကြီးအမျိုးသားများ ပုံမှန်လေ့ကျင့်ခန်းလုပ်လျှင် သေဆုံးမှုအန္တရာယ်ကို လျော့ချနိုင်

    အသက်ကြီးအမျိုးသားများ ပုံမှန်လေ့ကျင့်ခန်းလုပ်လျှင် သေဆုံးမှုအန္တရာယ်ကို လျော့ချနိုင်

    မေ ၁၈၊ ၂၀၁၅
    M-Media

    health

    – အသက်အရွယ်အိုမင်းသော အမျိုးသားများအနေဖြင့် နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်မှုကို တစ်ပတ်လျှင် ၆ ကြိမ်ပြုလုပ်ပါက သေဆုံးမှုအန္တရာယ် ၄၀ ရာခိုင်နှုန်း လျော့ကျနိုင်သည်ဟုလေ့လာမှုများအရ သိရသည်။

    နော်ဝေနိုင်ငံ အော်စလိုရှိ အားကစားသိပ္ပံကျောင်းမှ ပြုလုပ်သော အဆိုပါလေ့လာမှုတွင် အမျိုးသား ၆၀၀၀ ခန့် ပါဝင်ခဲ့ပြီး လေ့ကျင့်ခန်းများမှာ ပေါ့ပါးသော လေ့ကျင့်ခန်းများ ဖြစ်သော်လည်း လေ့ကျင့်ခန်းလုပ်သူများမှာ မလုပ်သူများထက် အသက် ၅ နှစ်ခန့် ပို၍ နေရသည်ကို တွေ့ခဲ့ရသည်။

    သို့သော်လည်း ပြင်းထန်သော လေ့ကျင့်ခန်းများဖြစ်ပါက သေဆုံးမှုအန္တရာယ်မှာ ၃၇ ရာခိုင်နှုန်းသာ လျော့ကျမည်ဖြစ်ကာ ထိုကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းမှာ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးနှင့် တူညီသော အကျိုးကျေးဇူးကို ရရှိသည်ဟု Britich Medical ဂျာနယ်တွင် ဖော်ပြခဲ့သည်။

    လေ့လာသူများကမူ အသက်အရွယ်ကြီးရင့်သူများအတွက် ပြည်သူ့ကျန်းမာရေး ဗျူဟာများနှင့် လှုပ်ရှားမှုများတွင် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို အဓိကထား ဆောင်ရွက်သင့်သည်ဟု ဆိုပြီး၊ ဆရာဝန်များအနေဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တားဆီးနိုင်မည့် ကျန်းမာရေးပြဿနာ အမြောက်အများကို အာရုံစိုက်ရမည်ဟုလည်း ပြောကြားခဲ့သည်။

    လေ့လာမှုတွင် အလွန်အမင်း ပြင်းပြန်းထန်ထန် လေ့ကျင့်ခန်းလုပ်သော အဖွဲ့မှာ သေဆုံးမှုအန္တရာယ် ၄၉ ရာခိုင်နှုန်း လျော့ကျစေသည်ကို တွေ့ခဲ့ရသည်။

    “ပျမ်းမျှ အသက် ၇၃ နှစ်ရှိတဲ့ အမျိုးသားတွေတောင်မှ လေ့ကျင့်ခန်းလုပ်မယ်၊ တက်တက်ကြွကြွနေမယ်ဆိုရင် ဘာမှမလုပ်တဲ့သူတွေထက် မျှော်မှန်းသက်တမ်းဟာ ၅ နှစ်လောက် ပိုပါတယ်” ဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

    Ref: Telegraph

  • အစ္စလာမ်အမည်ခံ အစွန်းရောက်အဖွဲ့များကို ရှုတ်ချဆန့်ကျင်သော ဓမ္မသတ်တစ်ခုကို ပါကစ္စတန် အိုလမာအစ္စလာမ့်ဓမ္မပညာရှင်များ ထုတ်ပြန်

    အစ္စလာမ်အမည်ခံ အစွန်းရောက်အဖွဲ့များကို ရှုတ်ချဆန့်ကျင်သော ဓမ္မသတ်တစ်ခုကို ပါကစ္စတန် အိုလမာအစ္စလာမ့်ဓမ္မပညာရှင်များ ထုတ်ပြန်

    မေ ၁၉၊ ၂၀၁၅
    M-Media

    paki

    – စစ်သွေးကြွအုပ်စုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် ပါကစ္စတန်မှ အစ္စလာမ့် ဓမ္မပညာရှင် ၂၀၀ ကျော်က အသေခံတိုက်ခိုက်မှုများအားလုံးမှာ အစ္စလာမ်နှင့် ဆန့်ကျင်သောလုပ်ရပ်ဖြစ်သည်ဟု ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်လိုက်သည်။

    “ဒီလက်နက်ကိုင်အုပ်စုတွေကို တိုက်ဖျက်ဖို့ အစ္စလာမ်အစိုးရ (ပါကစ္စတန်အစိုးရဟာ) အောင်မြင်မှာ သေချာပါတယ်” ဟု လာဟိုးမြို့တွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့သည့် အိုလမာအစ္စလာမ့် သာသာနာ့ပညာရှင်များ ညီလာခံတွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဓမ္မသတ်တွင် ရေးသားဖော်ပြထားသည်။

    IS၊ တာလီဘန်၊ အလ်ကိုင်းဒါး၊ ဘိုကိုဟရမ်နှင့် ဂျီဟဒ်အဖွဲ့ဟုခေါ်သော အခြားအဖွဲ့များအားလုံး၏ နောက်ကွယ်တွင်ရှိသော ခံယူချက်များမှာ လိမ်ညာလှည့်စားမှုသာ ဖြစ်သည်ဟု ညီလာခံသို့ တက်ရောက်လာသော ပညာရှင်များက ပြောကြားခဲ့သည်။

    အဆိုပါဓမ္မသတ်ကို မောင်လာနာ ဇီယာအွလ် ဟက် နက်ရှ်ဘန်က မီဒီယာများသို့ ထုတ်ပြန်ခဲ့ပြီး အစ္စလာမ့်နှင်ဆန့်ကျင်သော လုပ်ရပ်များကို ဆောင်ရွက်နေသည့် အဆိုပါအုပ်စုများနှင့် ၎င်းတို့၏ အတွေးအခေါ်များမှာ အသိဥာဏ်နည်းပါးမှုနှင့် ပညာမဲ့မှုတို့အပေါ် အခြေခံသောကြောင့် အပြစ်အနာအဆာများ ရှိနေသည်ဟုလည်း ဓမ္မသတ်တွင် ဖော်ပြထားသည်။

    အစ္စလာမ်ကပြောသည့် ဂျီဟဒ်မှာ မကောင်းမှုများ၊ မတရားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ကိုယ်၊ နှုတ်၊ နှလုံး ၃ ပါးစလုံးဖြင့် ဆန့်ကျင်တွန်းလှန်ခြင်းကို ခေါ်ဝေါ်ခြင်းဖြစ်ပြီး အဆိုပါ မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှုများကို တွန်းလှန်းရာတွင် ငြိမ်းချမ်းသည့် နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်၍ မရတော့မှ အင်အားသုံးဖြေရှင်းမှုကို ချွင်းချက်အဖြစ် ခွင့်ပြုထားခြင်းဖြစ်သည်။ ထိုကဲ့သို့ အင်အားသုံး၍ ဖြေရှင်းရာတွင်လည်း မွတ်စလင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အသေအချာ တင်းတင်းကျပ်ကျပ် ပြဌာန်းသတ်မှတ်ထားသည်။

    တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ)က မွတ်စလင်များအတွက် အကောင်းဆုံးသော ဂျီဟဒ်မှာ မိမိစိတ်နှလုံးအတွင်းရှိသည့် စိတ်ရိုင်းများအား ချိုးနှိမ်ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။

    လက်ရှိ ဂျီဟဒ်အဖွဲ့များမှာ ဂျီဟဒ်ကြေညာနိုင်သည့် အခြေအနေများကို ဂရုမစိုက်ဟုလည်း အဆိုပါ ဓမ္မသတ်တွင် ဖော်ပြထားသည်။ အိုလမာ သာသနာ့ပညာရှင်များမှာ ဂိုဏ်းကနတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အဆိုပါ အဖွဲ့များကိုလည်း ရှုတ်ချခဲ့ပြီး စာရိတ္တပျက်ပြားခြင်းဟူသော အပြစ်ကို ကျူးလွန်သည်နေသူများဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဂိုဏ်းကနအုပ်စုအမည်ဖြင့် သတ်ဖြတ်ခြင်းကို အစ္စလာမ်က ခွင့်ပြုထားခြင်းမရှိဟုလည်း ပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်မဟုတ်သူများ၏ ၀တ်ပြုကိုးကွယ်ရာနေရာများကို ကာကွယ်ပေးရန်မှာ အစ္စလာမ့်နိုင်ငံများအတွက် မလုပ်မနေရ တာဝန်ဖြစ်သည်ဟုလည်း အဆိုပါ ဓမ္မသတ်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ပိုလီယိုကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ခြင်းသောသူများမှာ လမ်းလွဲနေသူများဟု သမုတ်ခဲ့သည်။

    “အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေကို သတ်ဖြတ်တာဟာ အဆိုးဝါးဆုံး ရာဇ၀တ်မှုတွေပါပဲ”

    ညီလာခံသို့ တက်ရောက်လာသည့် အိုလမာ သာသနာ့ပညာရှင်များမှာ မေလ ၂၂ ရက်နေ့ကို အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်သော “ငြိမ်းချမ်းရေးနှင့် မေတ္တာတရားမျှဝေရာနေ့” အဖြစ် သတ်မှတ်ခဲ့ပြီး ထိုနေ့တွင် နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း လေးသိန်းခန့်တွင် တရားမဲ့သတ်ဖြတ်မှုများကို ဆန့်ကျင်သည့် ဒေသနာတော်များကို ဟောကြားသွားမည်ဟု မောင်လာနာ နက်ရှ်ဘန်ဒီက ထည့်သွင်းပြောကြားခဲ့သည်။

    ပုံဖျက်ဝါဒဖြန့်မှုကို တုန့်ပြန်မည်

    တာလီဘန်နှင့် IS ကဲ့သို့သော အစွန်းရောက်အဖွဲ့စည်းများက အစ္စလာမ့်သွန်သင်ချက်များအား ပုံဖျက်ဝါဒဖြန့်မှုကို တုန့်ပြန်မည့် အိုလမာဘုတ်အဖွဲ့ကို ဖွဲ့စည်းမည်ဟု နက်ရှ်ဘန်ဒီက ပြောကြားခဲ့သည်။

    ထို့ပြင် “အကြမ်းဖက်ဝါဒ ရှင်းလင်းရေးနှင့် တိုင်းပြည်ကာကွယ်ရေး” ဟု မည်ပေးထားသည့် အစီအစဉ်တစ်ခုကိုလည်း ပါကစ္စတန် အိုလမာ သာသနာ့ပညာရှင်များက ဆောင်ရွက်သွားမည်ဖြစ်သည်။

    IS အပါအ၀င် အစ္စလာမ်အမည်ခံ အစွန်းရောက်အကြမ်းဖက်အဖွဲ့များကို အစ္စလာမ့်အချက်အချာဖြစ်သော ဆော်ဒီ၊ အစ္စလာမ်ဓမ္မပညာရေးတွင် ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် အီဂျစ်မှ အလ်အဇ်ဟာရ်၊ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ အိန္ဒိယ နိုင်ငံတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်နိုင်ငံများ၊ အစ္စလာမ့်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    Ref: Onislam

  • ရိုဟင်ဂျာ လူမျိုးပြုန်းအောင် လုပ်နေလို့ဆို

    ရိုဟင်ဂျာ လူမျိုးပြုန်းအောင် လုပ်နေလို့ဆို

    085928-e96e6ef4-fc6b-11e4-9fac-f9da0f3d8e0c
    မြန်မာ အစိုးရ ရဲ့ ရိုဟင်ဂျာ တွေ အပေါ် ထားတဲ့ သဘောထားတွေ ၊ ပြုမူနေ တာတွေ ဟာ လူမျိုးပြုန်း အောင် လုပ်တဲ့ လုပ်ဆောင်ချက် တွေ လိုမျိုး ဖြစ်နေကြောင်း တွေ့ရှိ ရတယ် လို့ လန်ဒန် က Queen Mary University of London က သုတေသန တွေ့ရှိချက် ကို မူတည်ပြီး ပြောကြား လိုက်ပါတယ်။
    .
    ရခိုင် ပြည်နယ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ တွေ ကို လူမျိုးပြုန်းအောင် သတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာ တော့ မရှိပါဘူး။
    .
    အဲဒီ သုတေသီ ထဲက တယောက်ဖြစ်တဲ့ မစ္စ Alicia de la Cour Venning က နိုင်ငံအစိုးရ တခုက ဦးစီးပြီး ရာဇဝတ် တခု လုပ်ဆောင် နေသလားဆိုတဲ့ ဆန်းစစ်မှု ဘောင်နဲ့ ကြည့်တဲ့အခါ အစိုးရဟာ လူမျိုးအုပ်စု တခု ကို ပစ်မှတ် ထားပြီး လူသား အဖြစ်က နှိမ့်ချ ပြုမူ နေတာတွေ ကို အချိန်ကာလ တခု အတော် ကြာကြာ တွေ့လာခဲ့ရတယ် လို့ ဆိုပါတယ်။
    .
    ဒါဟာ လူမျိုးတုံးအောင် လုပ်ခဲ့တဲ့ ရဝမ်ဒါလို၊ ဂျာမနီ မှာလို အဖြစ်တွေ နဲ့ဆင်တူ ပါတယ်။
    .
    နောက်ပြီး ရိုဟင်ဂျာတွေ ဟာ အပြင်ကလူတွေ၊ ဘင်္ဂါလီက ခိုးဝင် လာတဲ့သူတွေ လို့ သတ်မှတ်ပြီး မြန်မာ လူ့အသိုင်းအဝိုင်း မှာ ဝင်လို့ မရအောင် ခွဲခြား ထားတယ်၊ ချိုးနှိမ် ဆက်ဆံတာ။ အခြေခံ လူ့အခွင့်အရေး တွေ မရဘူး။ သူတို့ရဲ့ စခန်းတွေ ထဲကနေ၊ ရွာတွေ ထဲက အပြင်ကို ထွက်ဖို့ ဆိုတာ လည်း ပိတ်ပင်တာ ခံရသလို အဲလိုလုပ်မယ် ဆိုရင် ခြိမ်းခြောက် တာတွေ ၊ အကြမ်းဖက်တာတွေ က ကြုံနေရတယ်။
    .
    ဒီလို လုပ်ဆောင်တာတွေ က အစိုးရက တိုက်ရိုက်ဖြစ်စေ၊ အာဏာပိုင် တွေ ရဲ့ခွင့်ပြုချက်တွေ နဲ့ ပတ်သက် ဆက်နွယ်နေတာ တွေ က လုပ်နေ တာပါ။ ဒါကြောင့် အစိုးရ ကိုယ်တိုင် က လူမျိုးပြုန်းအောင် ပြုမူနေတာ လို့ ကောက်ချက်ချ လို့ ရပါတယ် လို့ ဖြေပါတယ်။
    .
    မြန်မာအစိုးရ ကတော့ ဒီ လူတွေ ကို နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်မှာ အခြေချ နေထိုင် ခဲ့တဲ့ သူတွေ လို့မသတ်မှတ် ထားပါဘူး။ သူတို့ ဟာ ဘင်္ဂလားဒေ့ရှ် က လွန်ခဲ့တဲ့ ဆယ်စုနှစ် တွေမှာ တရားမဝင် ရွှေ့ပြောင်း လာသူ တွေ လို့ သတ်မှတ် ထားပြီး သူတို့အနေနဲ့ ဒီလူတွေ အပေါ်မတရား ပြုမူတာတွေ မရှိဘူး လို့ အမြဲ ပြောခဲ့ပါတယ်။
    .
    အခု သုတေသီ အဖွဲ့ အနေနဲ့ ကတော့ သမိုင်းကြောင်း အရ ဒီလူတွေ ဘယ်လို ဘယ်အချိန် က ရောက်လာတယ် ဆိုတာ ကို ငြင်းခုံမှုတွေ အများအပြား ရှိပေမယ့် သူတို့ ကတော့ လက်ရှိ ရှိနေတဲ့ ရိုဟင်ဂျာ တွေ ရဲ့ အခြေအနေ ကိုသာ ဦးတည် လေ့လာခဲ့တာ လို့ဆိုပါတယ်။
    .
    သူတို့ဟာ ခွဲခြားဖိနှိပ်ခံရ တာတွေ အမှန်ပဲ ရှိနေတဲ့အတွက် အဲဒါ တွေ ကို အစိုးရ က ဖြေရှင်း ဆောင်ရွက် သင့်တယ် လို့လည်း သူက ပြောပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့ အဲဒီ ပြုမူ ဆောင်ရွက်ချက် တွေ ကို ပေခံရင်း အဲဒီမှာ ဆက်နေ မလား နဲ့ အဲဒီနေရာ ကနေ ထွက်ပြေး မလား ဆိုတဲ့ လမ်း ၂ ခု ကလွဲလို့ ဘာမှ မရှိတဲ့ အကြောင်းလည်း ပြောပါတယ်။
    .
    အခုဒီ သုတေသနပြုချက် ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အထူးသဖြင့် မြန်မာအစိုးရ က ရိုဟင်ဂျာတွေ အပေါ် သဘောထား ပြုမူ ချက်တွေ ပြောင်းလဲလာစေဖို့ တွန်းအား တခု ဖြစ်စေလိမ့်မယ် လို့ သုတေသီ အယ်လစ်ရှာ က ရည်မှန်း ပေမယ့် မြန်မာ အစိုးရ အနေနဲ့ က တော့ ဒီအရေး နဲ့ပတ်သက်ပြီး နားထောင်လေ့ မရှိတာ ကို တွေ့နေရ ပါတယ်။
    .
    BBC မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .
    ဓါတ်ပုံ အညွှန်း- အင်ဒိုနီးရှားမှ ကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည်များ

    http://www.bbc.com/burmese/burma/2015/05/150518_rohingya_genocide