News @ M-Media

Blog

  • စစ်ကောင်စီလက်မှလွတ်မြောက်ရေး ကြိုးပမ်းပေးသူအားလုံးကို ကန်ဂျာနယ်လစ် ကျေးဇူးတင်

    စစ်ကောင်စီလက်မှလွတ်မြောက်ရေး ကြိုးပမ်းပေးသူအားလုံးကို ကန်ဂျာနယ်လစ် ကျေးဇူးတင်

    နိုဝင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -မြန်မာ အာဏာသိမ်းစစ်ကောင်စီလက်ကနေ လွတ်မြောက်ရေး ကူညီပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်တယ်လို့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာက ပြောကြားလိုက်ပါတယ်။

    ဖန်စတာဟာ မနေ့က အမေရိကန်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ ကန်သံအမတ်ဟောင်း ဘီလ်ရစ်ချန်ဆန်နဲ့အဖွဲ့ နေပြည်တော်လေဆိပ်မှာ သူ့ကိုစောင့်နေတာကို မြင်ရတဲ့တစ်ခဏဟာ ဘ၀မှာ အလွန်ပျော်ရွှင်ရတဲ့အချိန် ဖြစ်တယ်လို့ နယူးယောက်က ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို ရောက်ရှိလာတဲ့ ဖန်စတာက ပြောပါတယ်။

    “လုပ်နိုင်သလောက် လုပ်ပေးခဲ့ကြသူတွေအားလုံးကို ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်။ လုပ်ပေးခဲ့တာတွေအားလုံးဟာ နည်းနည်းဖြစ်ဖြစ်တော့ ထိရောက်မှု ရှိခဲ့ပါတယ်”

    ဖန်စတာဟာ မေလက ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အမှုများစွာနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် အသင်းအဖွဲ့ ဆက်သွယ်မှု ဥပဒေတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပြီး ၃ ရက်အကြာ တနင်္လာနေ့မှာ လွတ်မြောက်ခဲ့တာပါ။

    မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်ဟာ ဖန်စတာလွတ်မြောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    နိုဝင်ဘာလ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ သူ့ခရီးစဉ်မှာ ရစ်ချက်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပါတယ်။

    လေဆိပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဝိုင်းထားတဲ့ ဖန်စတာ မိမိဆီကို လမ်းလျှောက်လာတဲ့ မြင်ကွင်းဟာ အကောင်းဆုံးမြင်ကွင်းဖြစ်တယ်လို့ ရစ်ချက်ဆန်က နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

    “ကျွန်တော့်က သူ့ကို ‘ဒန်နီရေ- ငါမင်းကို အိမ်ပြန်ခေါ်သွားမှာကွ။ အမေရိကန်ကို ဒီနေ့ပဲ ခေါ်သွားမှာ’ လို့ ပြောတယ်။ သူက ‘ကောင်းလိုက်တာဗျာ’ လို့ ပြန်ပြောပါတယ်”

    စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖန်စတာကို ပြန်လွှတ်လိုက်တာဟာ လူသားချင်း စာနာထောက်ထားမှုကြောင့်ဖြစ်ပြီး၊ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းစေလိုတဲ့ဆန္ဒ မပါဘူးလို့ သတင်းဌာနတွေကို မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • ထောင် ၁၁ နှစ်ချထားသည့် အမေရိကန်ဂျာနယ်လစ်ကို စစ်ကောင်စီ ပြန်လွှတ်ပေး

    ထောင် ၁၁ နှစ်ချထားသည့် အမေရိကန်ဂျာနယ်လစ်ကို စစ်ကောင်စီ ပြန်လွှတ်ပေး

    နိုဝင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    ဘီလ် ရစ်ချက်ဆန်နှင့် တွေ့ရသည့် ဖန်စတာ (ဝဲ)

    -ပြီးခဲ့တဲ့တစ်ပတ်က ထောင်ဒဏ် ၁၁ နှစ်ချခဲ့တဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာကို ​စစ်ကောင်စီက ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

    အင်းစိန်ထောင်ရှိရာ ရန်ကုန်ကနေ နေပြည်တော်ကိုပို့ပြီး နယ်နှင်ဒဏ်ပေးလိုက်တာလို့ စစ်ကောင်စီ ရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဖန်စတာလွတ်မြောက်တဲ့ သတင်းကို အတည်ပြုပါတယ်။

    နေပြည်တော်လေဆိပ်က ရင်းမြစ်တစ်ခုက ဖန်စတာ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပေမယ့် ခရီးစဉ်အသေးစိတ်ကို မပြောခဲ့ပါဘူး။

    မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချက်ဆန်က ဖန်စတာဟာ သူ့လက်ထဲရောက်လာပြီး ကာတာကနေတစ်ဆင့် အမေရိကန်ကို ပြန်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရစ်ချန်ဆန်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို အခုလ အစောပိုင်းကစတင်ပြီး ရောက်ရှိနေတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး ကိုဗစ်တိုက်ဖျက်ရေး အပါအဝင် အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးကို လုံး၀မပြောခဲ့ကြောင်း ရစ်ချက်ဆန်က သတင်းထုတ်ပြန်ထားပါတယ်။

    မြောက်ကိုရီးယားလို အမေရိကန်နဲ့ ရန်ဘက်နိုင်ငံတွေမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ရစ်ချက်ဆန်က နာမည်ကျော်ပြီး မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင်က ဖန်စတာ လွတ်မြောက်ရေး စစ်ကောင်စီနဲ့ ညှိနှိုင်းမှာလားဆိုတာကို ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်မပေးခဲ့ပါဘူး။

    Frontier Myanmar ဂျာနယ်လစ် ဖန်စတာကို စစ်ကောင်စီက မေလက ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်ထားကာ တရားစွဲဆိုခဲ့တာပါ။

    ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ဖန်စတာဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ် ခံခဲ့ရပါတယ်။ ဖန်စတာဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဆက်လက်တရားရင်ဆိုင်ရဖွယ် ရှိနေတဲ့အချိန် အခုလို လွတ်မြောက်လာတာ ဖြစ်ပါတယ်။

    Ref: AFP

  • အမေရိကန်လုပ် လက်နက်များဖြင့် တာလီဘန်က စစ်အင်အားပြ

    အမေရိကန်လုပ် လက်နက်များဖြင့် တာလီဘန်က စစ်အင်အားပြ

    နိုဝင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -အမေရိကန်နဲ့ ရုရှားတို့က ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုထားတဲ့ စစ်ရေးပြပွဲတစ်ခုကို တာလီဘန်က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး သူပုန်အဖွဲ့တစ်ခုကနေ အမြဲတမ်းစစ်တပ်တစ်ခုအဖြစ်ပြောင်းဖို့ ကြိုးစားနေတာကို ဖော်ထုတ်ပြသတာလည်း ဖြစ်ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အာဖဂန်အစိုးရ ပြိုလဲစဉ် ဩဂုတ်လမှာ တာလီဘန်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်း တော်တော်များများကိုလည်း ရရှိခဲ့ပါတယ်။

    တပ်သားသစ် ၂၅၀ သင်တန်းဆင်းပွဲနဲ့အတူ မနေ့ကပြုလုပ်တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ အမေရိကန်လုပ် လက်နက်တပ်စစ်သုံးယာဉ် M117 တွေ ပါဝင်ခဲ့ပြီး၊ ရုရှားလုပ် MI-17 ရဟတ်ယာဉ် ပျံဝဲတာကိုလည်း တွေ့ခဲ့ရပါတယ်။ တာလီဘန်စစ်သားတော်တော်များများက အမေရိကန်လုပ် M4 ရိုင်ဖယ်တွေကို ကိုင်ဆောင်ထားပါတယ်။

    တာလီဘန်ဟာ သူတို့အစိုးရကို နိုင်ငံတကာက လက်ခံလာအောင် ကြိုးစားနေသလို တပ်ဖွဲ့ကိုလည်း အမြဲတမ်းစစ်တပ်အဖြစ် အသွင်ပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမားတွေ အရင်ဝတ်နေကြ ရိုးရာ အင်္ကျီရှည်နဲ့ ဘောင်းဘီနေရာမှာ ပုံမှန်စစ်ယူနီဖောင်းအစားထိုးသွားမှာဖြစ်ပြီး၊ အာဖဂန်အစိုးရဟောင်းလက်ထက်က လေယာဉ်မှူးတွေနဲ့ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူခန့်အပ်သွားမယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

    ၂၀၀၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်က အာဖဂန်အစိုးရကိုပေးတဲ့ စစ်ရေးအကူအညီတန်ဖိုးဟာ ဒေါ်လာ ၂၈ ဘီလီယံဖိုးလောက် ရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်သုံးယာဉ်၊ အမှောင်ခွင်း ကိရိယာ၊ ​လေယာဉ်တွေ၊ ထောက်လှမ်းရေးစနစ်တွေ စသဖြင့် ပါဝင်ပါတယ်။

    တာလီဘန်က အာဖဂန်ကိုသိမ်းပိုက်ချိန် အာဖဂန်စစ်သားတွေဟာ လေယာဉ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ခိုလှုံသွားခဲ့ပေမယ့်၊ လေယာဉ်တစ်ချို့ကို တာလီဘန်က ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ အသုံးပြုနိုင်လဲဆိုတာ မသိရပါဘူး။

    အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာ လေယာဉ် အစီး ၇၀နဲ့လက်နက်တပ် စစ်သုံးယာဉ်တစ်ချို့ကို ဖျက်ဆီးခဲ့ပြီး၊ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း သုံးလို့မရအောင် လုပ်ခဲ့ပါတယ်။

    Ref: Reuters

  • နေရပ်မြန်မာနိုင်ငံကို ပြန်သည့်အချိန်အထိ ရိုဟင်ဂျာဒုက္ခသည်များကို တူရကီ ကူညီမည်

    နေရပ်မြန်မာနိုင်ငံကို ပြန်သည့်အချိန်အထိ ရိုဟင်ဂျာဒုက္ခသည်များကို တူရကီ ကူညီမည်

    နိုဝင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်တဲ့အချိန်အထိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တူရကီက ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ် မွတ်စ်တာဖာ အိုစမန် သူရန်က ပြောကြားလိုက်ပါတယ်။

    သူရန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဆက်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဒီကနေ့စတင်ကာ ၂ ရက်ကြာ သွားရောက်ပြီး တူရကီအစိုးရနဲ့ ပြင်ပ အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ရှုမှာ ဖြစ်ပါတယ်။

    မြန်မာ့စစ်တပ်ရဲ့ ခေတ်အဆက်ဆက် ဖိနှိပ်အကြမ်းဖက်မှုကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးလာရပြီး လက်ရှိမှာ ၁.၂ သန်းလောက် ဒုက္ခသည်အဖြစ် ခိုလှုံနေရပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ကမ္ဘာကြီးဟာ ရိုဟင်ဂျာတွေအပေါ် ပိုမို အာရုံစိုက်လာကြပါတယ်။

    ရိုဟင်ဂျာတွေ ဒုက္ခစရောက်တည်းက တူရကီနိုင်ငံဟာ အကူအညီတွေပေးခဲ့ပြီး ရိုဟင်ဂျာတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သိက္ခာရှိရှိ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ရေး ကုလသမဂ္ဂ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒုက္ခသည်စခန်းကို ရောက်လာတဲ့ သူရန်က ပြောကြားခဲ့ပါတယ်။

    တူရကီအခြေစိုက် အကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ တူရကီ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TIKA)၊ သဘာ၀ဘေးစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (AFAD), Diyanet ဖောင်ဒေးရှင်း၊ တူရကီလခြမ်းနီအဖွဲ့တို့ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းပညာ စသဖြင့် နယ်ပယ်စုံ ကူညီပေးနေတာ ဖြစ်ပါတယ်။

    တူရကီဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဆေးရုံတစ်ခုကိုလည်း ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆင့်မြင့် ကုသရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အဲဒီဆေးရုံမှာ တစ်ပြိုင်နက်တည်း လူပေါင်း ၃၀ တက်ရောက်နိုင်ပြီး၊ အရေးပေါ်အခြေအနေတွေမှာ လူ ၅၀ အထိ ကုသပေးနိုင်မှာဖြစ်ပါတယ်။

    စတင်ဖွင့်လှစ်ပြီးခဲ့ကတည်းက အဲဒီဒီဆေးရုံမှာ ရိုဟင်ဂျာ ၂ သောင်းလောက်ကို ကုသပေးနိုင်ခဲ့ပြီး နေ့စဉ် လူနာတွေကို လက်ခံ ကုသပေးနေပါတယ်။

    Ref : Anadolu Agency

  • စစ်ကောင်စီက မီဒီယာအပေါ် ဖိနှိပ်မှုကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဝေဖန်

    စစ်ကောင်စီက မီဒီယာအပေါ် ဖိနှိပ်မှုကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဝေဖန်

    နိုဝင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အမေရိကန် ဂျာနယ်လစ်ကို နှစ်ရှည်ထောင်ဒဏ်ချလိုက်တာဟာ စစ်ကောင်စီက မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်နေမှုရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ် ဘာချလက်က ပြောပါတယ်။

    Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင်အသင်းအဖွဲ့ ဆက်သွယ်မှုဥပဒေတွေနဲ့ မနေ့က ထောင်ဒဏ် ၁၁ နှစ် ချလိုက်ပါတယ်။ ဖန်စတာဟာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထပ်မံ တရားရင်ဆိုင်ရအုံးမှာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မီဒီယာလွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်ခဲ့ပြီး လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်သိမ်းတာ၊ ရာနဲ့ချီတဲ့ မီဒီယာသမားတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဘာချလက်က ဖက်ဆီးထားတဲ့ ဂျာနယ်လစ်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုခဲ့ပါတယ်။

    “ဖေ​ဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ပြီး ဂျာနယ်လစ်တွေ တိုက်ခိုက်ခံရတယ်။ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်အာဏာရှင် တွန်းလှန်မှုတွေ ဖော်ထုတ်တင်ပြဖို့ ဂျာနယ်လစ်တွေရဲ့ ကြိုးပမ်းမှုကို စစ်ခေါင်းဆောင်တွေဟာ ပေါ်ပေါ်ထင်ထင်ပဲ ဖိနှိပ်လာပါတယ်။ အရင် စစ်အာဏာရှင်တွေလက်ထက်က မြင်ခဲ့ရတဲ့ သတင်းထိန်းချုပ်မှု၊ ဆင်ဆာဖြတ်မှုနဲ့ ဝါဒဖြန့်မှု ပုံစံကိုအလျင်အမြန်ပဲ ပြန်ရောက်သွားပါတယ်”

    စစ်ကောင်စီက အခုအချိန်အထိ ဖမ်းဆီးထားတဲ့ ဂျာနယ်လစ်ပေါင်း ၄၇ ဦးရှိပြီး၊ ၂၀ က ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

    ဖန်စတာကို တံခါးပိတ် ကြားနာစစ်ဆေးတာမျိုးဟာ မျှတတဲ့ တရားစီရင်မှု မဟုတ်သလို၊ မီဒီယာဖိနှိပ်မှုကြောင့် လွတ်လပ်ပြီး တိကျတဲ့ သတင်းအချက်အလက်ပေါ် မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းမှာ မလုံခြုံမှု တိုးလာစေတယ်လို့လည်း ဘာချလက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဂျာနယ်လစ်တွေကို ဖိနှိပ်ညှင်းပမ်းတာ၊ အင်တာနက်ပိတ်တာ၊ လွတ်လပ်စွာ အွန်လိုင်းသုံးစွဲမှုနဲ့ အချက်အလက်ရယူနိုင်မှုကို ကန့်သတ်တာတွေကြောင့် အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေ ရရှိဖို့ ခက်ခဲလာပါတယ် ”

    Ref: Reuters