News @ M-Media
Blog
  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ၀တ္ထုတိုနှင့် ကဗျာပြိုင်ပွဲ ပဲန်မြန်မာ မှ စာမူဖိတ်ခေါ်
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ၀တ္ထုတိုနှင့် ကဗျာပြိုင်ပွဲ ပဲန်မြန်မာ မှ စာမူဖိတ်ခေါ်
    မေ ၁၄ ၊ ၂၀၁၅
    M-Media
    သီဟ
    10846247_765451200158914_6920990060772501820_n
    ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်၊ ၀တ္ထုတိုနှင့် ကဗျာပြိုင်ပွဲကို ပဲန်မြန်မာ၏ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများကော်မတီက ကြီးမှူး၍ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်စာမူများကို ပဲန်မြန်မာသို့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ကိုနောက်ဆုံးထား ပေးပို့နိုင်ကြောင်းသိရပါတယ်။
    အောက်ပါစည်းမျဉ်းများအတိုင်းအကျုံးဝင်တဲ့ စာမူတွေကို ပေးပို့နိုင်ကြောင်းသိရပါတယ်။
    ၁။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ပြီးသော၊ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ပွဲများ၊ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများထဲမှ အကြောင်းအရာတစ်ခုခုကို အခြေတည်၍ ခံစားရေးဖွဲ့ထားသော စာမူဖြစ်ရမည်ဖြစ်ပြီး ငြိမ်းချမ်းမည့် ယဉ်ကျေးမှုကို တည်ဆောင်နိုင်ရေးအတွက် ခံစားမှု တွန်းအားပေးနိုင်ရမည်။
    .
    ၂။ ပြိုင်ပွဲဝင်များသည် စာရေးသက် ၅ နှစ်မကျော်သော ကလောင်ရှင်များ ဖြစ်ရမည်။
    .
    ၃။ ပြိုင်ပွဲဝင်စာမူများအနေဖြင့် ၀တ္ထုတိုပြိုင်ပွဲအတွက် အေဖိုးစာရွက်တွင် ဇော်ဂျီဝမ်းဖောင့် ၁၁ ဆိုဒ်ဖြင့် ၃ မျက်နှာမှ ၅ မျက်နှာအတွင်း၊ ကဗျာပြိုင်ပွဲအတွက် အေဖိုးစာရွက်တွင် ဇော်ဂျီဝမ်းဖောင့် ၁၁ ဆိုဒ်ဖြင့် ၁ မျက်နှာမှ ၂ မျက်နှာအတွင်း ဖြစ်ရမည်။
    .
    ၄။ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အပြည်ြ့ပည်ဆိုင်ရာ ငြိမ်းချမ်းချမ်းနေ့ အထိမ်းအမှတ်၊ ၀တ္ထုတိုနှင့်ကဗျာပြိုင်ပွဲ ဆုရရှိထားသည့် ကလောင်ရှင်များအနေဖြင့် ယခုနှစ်(၂၀၁၅ ခုနှစ်)အတွက် ကျင်းပသည့် ပြိုင်ပွဲသို့ ၀င်ရောက်ခွင့်မရှိပါ။
    .
    ပြိုင်ပွဲဝင် စာမူများထဲမှ ၀တ္ထုတို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ကဗျာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု တို့ကို ရွေးချယ်ချီးမြင့်သွားမည်ဖြစ်ပြီး ဆန်ခါတင်ရွေးချယ်ခံရသော ၀တ္ထုတို ၁၅ ပုဒ်နှင့် ကဗျာ ၁၅ ပုဒ်တို့ကို ပဲန်မြန်မာက စာအုပ်ထုတ်ဝေဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရတယ်။
    စာမူပေးပို့ရမည့် လိပ်စာမှာ အမှတ် ၃၁၊ အထက်ပုဇွန်တောင်လမ်း(ပုဇွန်တောင်ဈေးအနီး)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁ -၃၉၆၂၁၁ သို့မဟုတ် အီးမေးလ် – [email protected] ဖြစ်ပါတယ်။
  • ဖိလစ်ပိုင်ဖိနပ်စက်ရုံမီးလောင်မှု လူ ၇၀ ကျော်သေဆုံး
    ဖိလစ်ပိုင်ဖိနပ်စက်ရုံမီးလောင်မှု လူ ၇၀ ကျော်သေဆုံး
    မေ ၁၄၊ ၂၀၁၅
    M-Media
    phili pine
    – ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ ဆင်ခြေဖုံးရှိ ဖိနပ်စက်ရုံတွင် ယမန်ေန့က မီးလောင်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၇၂ ဦးရှိပြီး စက်ရုံအတွင်း ပိတ်မိနေသူများလည်း ရှိနေသည်ဟု သိရသည်။
    စက်ရုံ၏ ၀င်ပေါက်တွင် ၀ရိန်ဆော်ရာမှ ရုတ်တစ်ရက်ပေါက်ကွဲကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဓာတုဗေဒပစ္စည်းများကြောင့် မီးမှာ လျင်မြန်စွာ ပြန့်နှံ့ခဲ့သည်ဟု တာန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံတွင် အလုပ်သမား ၂၀၀ မှ ၃၀၀ အကြား အလုပ်လုပ်နေကြသည်ဟု စက်ရုံပိုင်ရှင် ဗီအာတို အန်က ဆိုသည်။
    မီးဘေးကာကွယ်ရေးဗျူရို BFP မှ ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဂျိုဆေး ဆိုရီယာနို ဂျူနီရာက ရှာမတွေ့သူများမှာ ၆၃ ဦးခန့်ရှိပြီး သေဆုံးသူစာရင်းမှာ မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ အလောင်းဒါဇင်ပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး အိတ်များဖြင့်ထုတ်ကာ ရင်ခွဲရုံသို့ ပေးပို့ခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါစက်ရုံမှ လုံခြုံရေးဝန်ထမ်းကမူ အဆောက်အဦးထဲတွင် အရေးပေါ်ထွက်ပေါက်မရှိဟု ပြောကြားခဲ့သည်။ စက်ရုံမှ အလုပ်သမား အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။
    မီးလောင်ရသည့်အကြောင်းအရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး မျက်မြင်သက်သေများကမူ မီးလောင်မှုဖြစ်ပွားပြီး ကျယ်လောင်သည့်အသံကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    လွတ်မြောက်လာသူများက စက်ရုံအ၀င်အ၀တွင် မီးခိုးလုံးကြီးများဖြင့် ပိတ်နေသောကြောင့် မီးသတ်သမားများက အလုပ်သမားများကို မကယ်တင်နိုင်ခဲ့ဟု ဆိုသည်။ နိုင်ငံအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး နည်းစနစ်များ အကောင်အထည်ဖော်မှု အားနည်းခြင်းကြောင့်
    ဖိလစ်ပိုင်တွင် မီးလောင်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိသည်။
    Ref: Aljazeera
  • အစ္စလာမ်ကိုစော်ကားသည့် ကျောင်းဆရာတစ်ဦးကို ဗြိတိန်က ရာသက်ပန် စာသင်ခွင့်ပိတ်ပင်
    အစ္စလာမ်ကိုစော်ကားသည့် ကျောင်းဆရာတစ်ဦးကို ဗြိတိန်က ရာသက်ပန် စာသင်ခွင့်ပိတ်ပင်
    မေ ၁၄၊ ၂၀၁၅
    M-Media
    aa
    – မွတ်စလင်များမှာ မကောင်းဆိုးဝါးကို ကိုးကွယ်နေသည်ဟူသော ပြောကြားမှုအပါအ၀င် စာသင်ခန်းထဲတွင် အစ္စလာမ်နှင့် မွတ်စလင်များအား အကြိမ်ကြိမ်အခါခါ စော်ကားပြောဆိုခဲ့သော ဗြိတိန်ကျောင်းဆရာတစ်ဦးကို ပညာရေးအဖွဲ့က ရာသက်ပန် ပညာသင်ကြားခွင့် ပိတ်ပင်လိုက်သည်ဟု သိရသည်။
    “အဖွဲ့က ရီဗာရန် ၀က်စ်ရဲ့ အပြုအမူဟာ ဒီနယ်ပယ်မှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအောက်ကို ရောက်သွားတယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါ့ကြောင့် ရီဗာရန်ဝက်စ်ကို ပရော်ဖက်ရှင်နယ်ဆိုင်ရာ လက်သင့်မခံနိုင်တဲ့၊ ဒီနယ်ပယ်ကို ယုံကြည်မှုပျက်ပြားတာမျိုး ဖြစ်လာနိုင်တဲ့ ဒီအပြုအမူအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရီဗာရန် ၀က်စ်ရဲ့ အပြုအမူဟာ သင်ကြားရေးနယ်ပယ်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့အမြင်ကိုလည်း ပျက်ဆီးစေနိုင်ပါတယ်” ဟု သင်ကြားရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာအတွက် အမျိုးသားကောလိပ် NCTL မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးက သူမအနေဖြင့် မြင်းများနှင့် ဓာတ်မတည့်ဟု ပြောဆိုရာ ၀က်စ်က မိမိမှာ မဟာမေဒင်များနှင့် ဓာတ်မတည့်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အခြား ၁၂ နှစ်အရွယ်ကျောင်းသူတစ်ဦးက မွတ်စလင်တစ်ယောက် ဖြစ်ရသည်မှာ မှားယွင်းမှုလားဟု မေးမြန်းရာ ၎င်းက “ဟုတ်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ငါတို့က သူတို့ကို တိုက်နေလို့ပဲ” ဟု ပြန်ပြောခဲ့သည်။
    နိုဝင်ဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော သင်ကြားမှုတွင်လည်း ၀က်စ်က “ခရစ်ယာန်မဟုတ်သော သူများ၏ ဘုရားများမှာ ရိုင်းစိုင်းရက်စက်ပြီး မွတ်စလင်များကလည်း မကောင်းဆိုးဝါးကို ကိုးကွယ်ကြသည်” ဟု ပြောကြားခဲ့သည်။
    အရေးယူခံရပြီးနောက်ပိုင်း ကျောင်းအုပ်ကြီးထံသို့ ရေးသားသည့် စာတွင်လည်း ၀က်စ်က ထပ်မံစော်ကားပြောဆိုခဲ့သည်။ ၀က်စ်မှာ သမ္မာကျမ်းထဲမှ ရိုးရာ ယုံကြည်ချက်များကို ဟောပြောရန်ဟုဆိုကာ အင်္ဂလန်ခရစ်ယာန်အသင်းတော်နှင့် ဆက်သွယ်မှုမရှိဘဲ ၂၀၀၆ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်အသင်းကို ဟိုလ်ဘိခ်ျရှိ အိမ်တစ်အိမ်တွင် အခြေစိုက်ကာ တည်ထောင်ခဲ့သည်။
    အင်္ဂလိပ်ကာကွယ်ရေးအသင်း EDL ကဲ့သို့ပင် BNP မှာ မွတ်စလင်နှင့် ပြောင်းရွှေ့အခြေချလားသူများအား ဆန့်ကျင်သည့် သဘောထားများကို မီးထိုးပေးရန် ပြောင်းရွှေ့အခြေချမှုကို အသုံးချနေသည်။
    Ref: Onislam
  • ဂျူဗီပွဲ ဂိုးမသွင်းနိုင်ခြင်းမှာ ကံမကောင်း၍ဟု ဂါရက်ဘေးလ်ပြော
    ဂျူဗီပွဲ ဂိုးမသွင်းနိုင်ခြင်းမှာ ကံမကောင်း၍ဟု ဂါရက်ဘေးလ်ပြော
    မေ ၁၄၊ ၂၀၁၅
    M-Media
    bale
    – ဂျူဗင်တပ်စ်နှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲတွင် မိမိအနေဖြင့် ဂိုးမသွင်းနိုင်ခြင်းက ကံမကောင်းသောကြောင့် ဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။
    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ၁ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ရီးယဲလ်က ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ပထမအကျော့ ရှုံးနိမ့်ခဲ့စဉ်က ခြေစွမ်းမပြနိုင်ခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည့် ဂါရက်ဘေးလ်မှာ ယခုပွဲတွင် အပိုင်အခွင့်အရေး ၃ ကြိမ်ခန့် ရရှိခဲ့ပြီး ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း မရှိချေ။
    ဘေးလ်ကမူ မိမိအနေဖြင့် ကံမကောင်းခဲ့ဟု ဆိုသည်။
    “ကျွန်တော် တစ်လုံးလောက်သွင်းဖို့တောင် ကံမကောင်းခဲ့ပါဘူး။ (အနောက်မှာ) ကျွန်တော် ထိချက်လွဲခဲ့ပါတယ်။ ဘောလုံးကို ကျွန်တော်မမီလိုက်ပါဘူး။ ကျွန်တော် ဆက်ကြိုးစားတိုင်း များသောအားဖြင့် တစ်လုံးလောက်တော့ ရပါတယ်။ ဒါပေမယ့် ဒီညတော့ အဲဒီလို မဖြစ်ခဲ့ပါဘူး” ဟု ဘေးလ်က ထိုပွဲ၌ အကောင်းဆုံးအခွင့်အရေးဖြစ်သည့် ခေါင်းတိုက်ဂိုးမ၀င်မှုကို ရည်ညွှန်း၍
    ပြောကြားခဲ့သည်။
    ယခုနှစ်တွင် အတက်၊ အကျများ ရှိခဲ့သော်လည်း ခြုံ၍ဆိုရလျှင် မိမိအနေဖြင့် ကောင်းကောင်းကစားနိုင်ကြောင်း၊ မိမိကြိုက်နှစ်သက်သည့် အရေးပါသော အခွင့်ရေးများ ရခဲ့သလောက် ဂိုးမသွင်းနိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “ဒါပေမယ့် ယေဘူယျကစားပုံကတော့ ကောင်းခဲ့ပါတယ်။ အဆုံးသတ်ကတော့ အဲဒီလောက်မကောင်းခဲ့ဘူး။ ပြီးတော့ နောက်နှစ်အတွက် လုပ်စရာတစ်ခုခု ရှိပါတယ်။ ဒါက ကျွန်တော့်ကို ကျဆုံးစေမှာမဟုတ်ဘဲ ပိုပြီး တောင့်တင်းစေမှာပါ။ ပြီးတော့ ဒီရာသီကနေ ကျွန်တော်သင်ယူပြီး၊ ဒါကိုလည်း ရဲရဲဝင့်ဝင့် ရင်ဆိုင်သွားမှာပါ”
    Ref: Dailymail
  • ရိုဟင်ဂျာများကို ဖိနှိပ်မှုအတွက် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများက ပြတ်ပြတ်သားသားပြောရမည်ဟု မလေးရှားပြော
    ရိုဟင်ဂျာများကို ဖိနှိပ်မှုအတွက် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများက ပြတ်ပြတ်သားသားပြောရမည်ဟု မလေးရှားပြော
    မေ ၁၄၊ ၂၀၁၅
    M-Media
    jdbang14e
    – ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုကို မြင့်တက်လာစေသည့် လှေဖြင့်ထွက်ပြေးသူများတွင် အရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာသော ရိုဟင်ဂျာများအား ဖိနှိပ်မှုကို ရပ်တန့်ရန်အတွက် မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများက ပြတ်သားစွာပြောရမည်ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀မ် ဂျူနိုက်ဒီ တူအန်ကူ ဂျာဖာရ်က ပြောကြားလိုက်သည်။
    အစိုးရ၏ ခွဲခြားဆက်ဆံမှုကို ခံနေရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပစ်မှတ်ထားခံခဲ့ရသည့် ရိုဟင်ဂျာများအား မြန်မာအစိုးရ၏ ဆက်ဆံမှုများကြောင့် အရှေ့တောင်အာရှတွင် ဒုက္ခသည်ပြဿနာ တိုးလာခြင်းဖြစ်သည်ဟုလည်း ဂျာဖာရ်က ထည့်သွင်းပြောကြားခဲ့သည်။
    “ဒီ ရိုဟင်ဂျာပြည်သူတွေကို ဆက်ဆံတဲ့နည်းလမ်းက မြန်မာနိုင်ငံမှာ ပြဿနာရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ပြည်သူတွေကို သူတို့ လူပီသစွာဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ မြန်မာနိုင်ငံကို ကျွန်တော်တို့ ပြတ်ပြတ်သားသားပြောဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေကို လူသားတွေလို ဆက်ဆံဖို့ လိုအပ်သလို့ သူတို့ကို အရမ်း ဖိနှိပ်ချုပ်ချယ်လို့ မရပါဘူး” ဟု ဂျာဖာရ်က ဆိုသည်။
    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြောင်းရွှေ့အခြေချသူများကို တင်ဆောင်လာသည့် စက်လှေများ နစ်မြုပ်နိုင်သည့်အန္တရာယ် မရှိပါက မိမိတို့အနေဖြင့် အဆိုပါစက်လှေများကို ပင်လယ်ထဲသို့ ပြန်လွှတ်မည်ဟု မလေးရှားက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၎င်းတို့ နယ်နမိတ်သို့ ၀င်ရောက်လာသည့် လှေစီးဒုက္ခသည်များအား ရိက္ခာများတင်ပေးကာ ပင်လယ်ထဲသို့ ပြန်လွှတ်ခဲ့သည်။
    Ref: Straitstimes