မေ ၁၄၊ ၂၀၁၅
M-Media
– ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ ဆင်ခြေဖုံးရှိ ဖိနပ်စက်ရုံတွင် ယမန်ေန့က မီးလောင်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၇၂ ဦးရှိပြီး စက်ရုံအတွင်း ပိတ်မိနေသူများလည်း ရှိနေသည်ဟု သိရသည်။
စက်ရုံ၏ ၀င်ပေါက်တွင် ၀ရိန်ဆော်ရာမှ ရုတ်တစ်ရက်ပေါက်ကွဲကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဓာတုဗေဒပစ္စည်းများကြောင့် မီးမှာ လျင်မြန်စွာ ပြန့်နှံ့ခဲ့သည်ဟု တာန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံတွင် အလုပ်သမား ၂၀၀ မှ ၃၀၀ အကြား အလုပ်လုပ်နေကြသည်ဟု စက်ရုံပိုင်ရှင် ဗီအာတို အန်က ဆိုသည်။
မီးဘေးကာကွယ်ရေးဗျူရို BFP မှ ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဂျိုဆေး ဆိုရီယာနို ဂျူနီရာက ရှာမတွေ့သူများမှာ ၆၃ ဦးခန့်ရှိပြီး သေဆုံးသူစာရင်းမှာ မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ကမူ အလောင်းဒါဇင်ပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး အိတ်များဖြင့်ထုတ်ကာ ရင်ခွဲရုံသို့ ပေးပို့ခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါစက်ရုံမှ လုံခြုံရေးဝန်ထမ်းကမူ အဆောက်အဦးထဲတွင် အရေးပေါ်ထွက်ပေါက်မရှိဟု ပြောကြားခဲ့သည်။ စက်ရုံမှ အလုပ်သမား အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။
မီးလောင်ရသည့်အကြောင်းအရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး မျက်မြင်သက်သေများကမူ မီးလောင်မှုဖြစ်ပွားပြီး ကျယ်လောင်သည့်အသံကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
လွတ်မြောက်လာသူများက စက်ရုံအ၀င်အ၀တွင် မီးခိုးလုံးကြီးများဖြင့် ပိတ်နေသောကြောင့် မီးသတ်သမားများက အလုပ်သမားများကို မကယ်တင်နိုင်ခဲ့ဟု ဆိုသည်။ နိုင်ငံအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး နည်းစနစ်များ အကောင်အထည်ဖော်မှု အားနည်းခြင်းကြောင့်
ဖိလစ်ပိုင်တွင် မီးလောင်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.