News @ M-Media

Blog

  • နိုင်ငံတကာ သတင်းတို (မေ ၁၃၊ ၂၀၁၅)

    မေ ၁၃၊ ၂၀၁၅
    M-Media

    ဂါဇာစစ်ရာဇ၀တ်မှုအတွက် အစ္စရေးအား ICC သတိပေး
    ………………………………………………

    ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာအား အစ္စရေးက တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အစ္စရေးနှင့် ပါလက်စတိုင်းတို့မှ သတင်းအချက်အလက်များကို မရရှိသေးဘဲ ထိုအချက်အလက်များကို မိမိအား ပေးအပ်ရန်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှ တရားသူကြီး ဖာတူ ဘန်ဆူဒါက ပြောကြားလိုက်သည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုတွင် စစ်ရာဇ၀တ်မှုများ
    ကျူးလွန်ခြင်းရှိခဲ့သည်ဆိုသော ပါလက်စတိုင်း၏ စွပ်စွဲမှုအတွက် ပြည့်ဝသည့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရမလားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟုလည်း အစ္စရေးအား သတိပေးခဲ့သည်။

    လက်ထပ်ရန်ငြင်းပယ်သည့် အိန္ဒိယအမျိုးသမီးကို ရွာက ဒဏ်ရိုက်
    ……………………………………………

    အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်ရှိ ရွာတစ်ရွာတွင် အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက အမျိုးသားတစ်ဦးအား လက်ထပ်ရန် ငြင်းပယ်ခဲ့သည့်အတွက် အဆိုပါမိန်းကလေးနှင့် မိသားစုတို့ကို ရပ်ရွာကောင်စီက ၀ိုင်းကျင်ခဲ့ပြီး ဒဏ်ငွေ ရူပီး ၁.၆ သန်း
    (ကန်ဒေါ်လာ ၂၅၀၀၀) ဒဏ်ရိုက်ခဲ့သည်။ ထိုအမျိုးသားနှင့် လက်ထပ်ရန် အသက် ၁၁ လ အရွယ်ကတည်းက မိဘများမှ သဘောတူထားခြင်းဖြစ်ပြီး ထိုအမျိုးသမီးမှာ အသက် ၁၆ နှစ်အရွယ်မှ ထိုကိစ္စကို သိခဲ့ခြင်းဖြစ်သည်။

    ဘူရန်ဒီတွင် စစ်တပ်အာဏာသိမ်း
    ………………………………….

    အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ သမ္မတအဖြစ် တတိယသက်တမ်းကို ထမ်းဆောင်ရန် ကြိုးစားနေသည့် သမ္မတ ပီရီ အန်ကူရန်ဇီဇာကို ဖြုတ်ချလိုက်ပြီဟု ဘူရန်ဒီ စစ်တပ်က ယနေ့တွင် ကြေညာလိုက်သည်။ ထိုသတင်းကို ရုပ်သံမှ ကြေညာခဲ့ပြီးနောက် ဘူရန်ဒီပြည်သူများက လမ်းမများပေါ်သို့ထွက်၍ အောင်ပွဲခံခဲ့ကြသည်။

    Ref: News Agencies

  • လူမှုအကျိုးပြု ကနေဒါမွတ်စလင်အမျိုးသမီးတစ်ဦး ဂုဏ်ပြုဆု ချီးမြှင့်ခံရ

    လူမှုအကျိုးပြု ကနေဒါမွတ်စလင်အမျိုးသမီးတစ်ဦး ဂုဏ်ပြုဆု ချီးမြှင့်ခံရ

    မေ ၁၃၊ ၂၀၁၅
    M-Media

    canada

    – ဘ၀သက်တမ်းတစ်လျှောက်လုံး လူမှုအကျိုးပြုလုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကျည်ရေးတို့ကို ဆောင်ရွက်ခဲ့သည့် ကနေဒါနိုင်ငံ အိုတာဝါမြို့ရှိ မွတ်စလင်အမျိုးသမီး ဒေါက်တာဖူဒါမှာ မြို့တော်ဝန်မှ ပေးအပ်ချီးမြှင့်သော City Builder ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    “ကျွန်မ နှစ်ပေါင်းများစွာ အတူတွဲ ဆောင်ရွက်ခဲ့တဲ့ လူတစ်ဦးချင်းစီ၊ အဖွဲ့တွေနဲ့ပါ သက်ဆိုင်တဲ့ ဒီလိုအသိအမှတ်ပြုမှု ခံရတာကို ကျေးဇူးတင်မိသလို ဘ၀င်လည်း မမြင့်ပါဘူး။ လူတွေ အတူတကွ အလုပ်လုပ်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နားလည်လာကြပြီး လူသားထုအကျိုးရှိဖို့ဆိုတဲ့ သူတို့ရဲ့ ဘုံရည်ရွယ်ချက်ကိုလည်း နားလည် သဘောပေါက်လာကြပါတယ်။ ဒါဟာ ကျွန်မတို့ မြို့အတွက် ကနေဒါတစ်နိုင်ငံလုံးအတွက် ကျွန်မတို့ ငံ့လင့်နေတဲ့ ငြိမ်းချမ်းရေးတံတားတွေ ခင်းပေးတာလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာ ဖူဒါက ပြောကြားခဲ့သည်။

    အဆိုပါ ဂုဏ်ပြုဆုကို ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အိုတာဝါမြို့တော်ဝန် ဂျင်မ်ဝပ်စတန်နှင့် ဘေကွန် ဟေး ဆိုင်ရ်ဗီလီရပ်ကွက်မှ အကြီးအကဲ တင်မ် တီယာနေးတို့ တက်ရောက်ခဲ့ကြသည်။

    ဒေါက်တာဖူဒါမှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ၁၉၆၉ ခုနှစ်က အီဂျစ်နိုင်ငံမှ ကနေဒါသို့ ပြောင်းရွှေ့လာခဲ့ကာ ကနေဒါတွင် ဓာတုဗေဒ အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ပီအိက်ခ်ျဒီဘွဲ့ ရရှိခဲ့သည်။

    CANMET Energy Technology Centre နှင့် ကနေဒါ သဘာဝ သယံဇာတဌာနတို့တွင် အလုပ်လုပ်ခဲ့သည့် ဒေါက်တာဖူဒါမှာ ၂၀၀၅ ခုနှစ်တွင် အနားယူခဲ့သည်။

    သူမ၏ အသက်မွေးဝမ်းကြောင်း ကာလတစ်လျှောက်တွင် အစိုးရဌာနအမျိုးမျိုးရှိ အကြံပေးကော်မတီများတွင် စေတနာ့ဝန်ထမ်း ၀င်ရောက် တာဝန်ထမ်းဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ကနေဒါတော်ဝင်ရဲတပ်ဖွဲ့တို့တွင် အစ္စလာမ့်ရေးရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    ဘာသာပေါင်းစုံညီညွတ်ရေး အသိပညာပေးသူအဖြစ်လည်း ဒေါက်တာဖူဒါက ဆောင်ရွက်ခဲ့ပြီး ပြောင်းရွှေ့အခြေချသူများ ကနေဒါလူ့အဖွဲ့အစည်းတွင် ၀င်ဆံ့ရေး၊ ၎င်းတို့ လူ့အဖွဲ့အစည်းတာဝန်ကို ထမ်းဆောင်နိုင်ရေးတို့ အတွက်လည်း ကူညီလုပ်ဆောင်ပေးခဲ့သည်။ ထို့ပြင် လေးစားမှုနှင့် လူ့အဖွဲ့အစည်းတန်ဖိုး တိုးတက်လာရေးတို့အတွက်လည်း ဆောင်ရွက်ခဲ့သည်။

    မြို့တော်ဝန်၏ “City Builder” ဆုမှာ ထူခြားသည့် စေတနာ့ဝန်ထမ်း စိတ်ဓာတ် သို့မဟုတ် အတုယူလောက်သည့် အလုပ်များမှတစ်ဆင့် အိုတာဝါအား လက်ရှိနှင့် နောင်အနာဂတ်အတွက် ပိုမိုကောင်းမွန်သော နေရာအဖြစ် ဆောင်ရွက်ရာတွင် ထူးခြားသည့် စိတ်နှစ်မြှုပ်မှုရှိသော တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စု သို့မဟုတ် အသင်းအဖွဲ့တို့အား အသိမှတ်ပြုသည့်အခါ
    ချီးမြှင့်သည့် ဆုလည်းဖြစ်သည်။

    အလုပ်မှ အနားယူသွားခဲ့ပြီးနောက် ဒေါက်တာ ဖူဒါမှာ ပရဟိတလုပ်ငန်းနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် ချို့တဲ့သည့် လူ့အဖွဲ့အစည်းများကို ကူညီရာတွင်လည်းကောင်း၊ ယဉ်ကျေးမှု ပေါင်းကူးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတို့တွင်လည်းကောင်း၊ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများ ဆက်ဆံရေးတွင်လည်းကောင်း၊ အကူအညီပေးရေး လုပ်ငန်းများတွင်လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်သည်။

    ဒေါက်တာဖူဒါမှာ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီး၏ Diamond Jubilee ဆုတံဆိပ်၊ အွန်တာရီယိုပြည်နယ်၏ Leading Women Building Communities ဆုတံဆိပ်တို့အပါအ၀င် အသိအမှတ်ပြု ဂုဏ်ပြုဆုတံဆိပ် မြောက်များစွာကို ရရှိခဲ့သည်။

    Ref: Onislam

  • တရုတ်ရဲတပ်ဖွဲ့ သံသယရှိသူများအား ညှင်းပန်း နှိပ်စက် မှုများ ရှိနေ

    တရုတ်ရဲတပ်ဖွဲ့ သံသယရှိသူများအား ညှင်းပန်း နှိပ်စက် မှုများ ရှိနေ

    မေ ၁၃၊ ၂၀၁၅
    M-Media

    – ရဲတပ်ဖွဲ့၏  ညှင်းပန်း နှိပ်စက် မှုများကို တရုတ်နိုင်ငံမှ နှိမ်နင်းခဲ့သည်မှာ ၆ နှစ်ကြာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ တရုတ်ရဲတပ်ဖွဲ့က ထိန်းသိမ်းခံရသူများကို ရိုက်နှက် ညှင်းပန်း မှုများ ရှိနေသေးသည်ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။
    .
    ယနေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာမှာ တရုတ်နိုင်ငံအတွင်း ညှင်းပန်း နှိပ်စက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အသေးစိတ် စုံစမ်းမေးမြန်းခြင်း မပြုမီ ၆ လအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
    .
    တရုတ်အစိုးရမှာ ထိပ်တန်းတာဝန်ရှိသူများ၏ တရားရေးဆိုင်ရာ အလွဲသုံးစားလုပ်မှုများ အပေါ် ပြည်သူများ၏ မကျေနပ်မှုကို ပြေလျော့စေရန် ဆောင်ရွက်နေပြီး တရုတ်တရားရုံးချုပ်ကလည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်သေ အထောက်အထားရရှိရန် ညှင်းပန်း နှိပ်စက် ခြင်းကို ရပ်တန့်ရေးအတွက် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ချပြခဲ့သည်။
    .
    “ရာဇ၀တ်မှုတွေကို ၀န်ခံဖို့ ရဲတပ်ဖွဲ့က သံသယရှိသူတွေကို ညှင်းပန်း နှိပ်စက် နေကြပြီး တရားရုံးတွေကလည်း ညှင်းပန်း မှုကြောင့် ၀န်ခံခဲ့တဲ့သူတွေကို အပြစ်တွေပေးနေပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    .
    သံသယရှိသူများမှာ ရဲတပ်ဖွဲ့၏ စစ်ကြောမှုအတွင်း လျှစ်စစ် နံပါတ်တုတ်ဖြင့် အရိုက်ခံရခြင်း၊ ငရုတ်ရည်ဖြင့် အပက်ခံရခြင်းနှင့် မအိပ်ရအောင် လုပ်ခြင်းတို့အပါအ၀င် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက် ခံခဲ့ရကြောင်း ယခင်က ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသူများ၏ ပြောကြားမှုများကို ကိုးကား၍ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    .
    ရဲတပ်ဖွဲ့ကို ကိုင်တွယ် စီမံနေသော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကမူ အဆိုပါ အစီရင်ခံစာအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။
    .
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ ချန်ယင်းက တရုတ်နိုင်ငံ၏ ဥပဒေတွင် ညှင်းပန်း နှိပ်စက် မှု၊ အင်အားသုံး ၀န်ခံထွက်ဆိုခိုင်းမှုတို့ကို တားမြစ်ထားပြီး ထိုသို့ ဆောင်ရွက်သူများကိုလည်း အပြစ်ပေးရန် ပြဌာန်းထားသည်ဟု ပြောကြားခဲ့သည်။
    .
    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အဆိုပါ အစီရင်ခံစာမှာ တရုတ်ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခံရသူများ၊ ၎င်းတို့၏ မိသားစုများ၊ ရှေ့နေများ၊ ယခင် အရာရှိဟောင်းများနှင့် တရုတ်တရားရုံးမှ အမိန့်ချမှတ်မှုများကို ဆန်းစစ်လေ့လာနေသူ စုစုပေါင်း ၄၈ ဦးတို့၏ အင်တာဗျူးကို အခြေခံ၍ ရေးသားခဲ့ခြင်းဖြစ်သည်။
    .
    Ref: Reuters

  • အရန်ကစားသမားဘ၀ကို ရှောင်ရှားလို၍ အသင်းပြောင်းခြင်းဟု ဂျရတ်ပြော

    အရန်ကစားသမားဘ၀ကို ရှောင်ရှားလို၍ အသင်းပြောင်းခြင်းဟု ဂျရတ်ပြော

    မေ ၁၃၊ ၂၀၁၅
    M-Media

    gerrard

    – မိမိအနေဖြင့် အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ရခြင်းမှာ လီဗာပူးလ်၌ ပုံမှန်ကစားရမှု ဆုံးရှုံးခြင်းကို ရှောင်ရှားရန်ဖြစ်သည်ဟု လီဗာပူလ်းကွင်းလယ်လူ ဂျရတ်က ပြောကြားလိုက်သည်။

    အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည် ဂျရတ်မှာ ၁၇ နှစ်ကြာကစားခဲ့သည့် လီဗာပူးလ်ကစားသမားဘ၀အား အဆုံးသတ်တော့မည်ဟု ယခုနှစ် ဇန်န၀ါရီလက ကြေညာခဲ့သည်။ ထို့နောက် သိပ်မကြာခင်မှာပင် အမေရိကန် မေဂျာလိဂ်ကလပ်ဖြစ်သော အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူခဲ့သည်။

    ဂျရတ်ကမူ ထိုကဲ့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ရခြင်းမှာ လီဗာပူးလ်၌ အဖြည့်ခံကစားသမား ဖြစ်လာမည့်အရေးကို မလိုလားသောကြောင့်ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

    “ကျွန်တော်ဟာ လူစားဝင်ကစားသမားတစ်ယောက်နဲ့ ၀န်းကျင်အပြောင်းအလဲ ဖြစ်လာတော့မှာပါ။ ကျွန်တာ့်အတွက်ကတော့ တနင်္လာနေ့မနက်မှာ အလုပ်သွားမယ်။ ထူးခြားတဲ့လူအချို့၊ မိတ်ဆွေကောင်းအချို့နဲ့အတူ တိုက်ဝင်ဖို့အတွက် ပြင်ဆင်ဖို့ စနေနေ့အထိ ကျွန်တော် အလုပ်လုပ်နေမယ်။ ဒါဟာ ကျွန်တော့်ရဲ့ ၀န်းကျင်ပါပဲ။ နည်းပြက ရုံးခန်းကိုခေါ်ပြီး ဒီလိုအခြေအနေမျိုးဟာ ပြောင်းလဲတော့မယ်။ ပိုပြီးအကန့်အသတ်တွေ ရှိလာတော့မယ်လို့ ပြောလာရင် အဲဒီအချိန်မှာ ဆုံးဖြတ်ချက် ချမှတ်ရတတ်ပါတယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လူစားဝင်ကစားသမားတစ်ယောက် ဖြစ်လာတာဟာ အရင်လို ၀န်းကျင်မျိုး မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဒီနှစ်မှာ အကြောင်းအရာတွေက ပြောင်းလဲသွားတာပါ” ဟု ဂျရတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဂျရတ်မှာ လာမည့် စနေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် လီဗာပူးအသင်းနှင့် နောက်ဆုံးအိမ်ကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်ပြီး ၎င်းကမူ မိမိ၏ စိတ်ခံစားမှုကို ထိန်းချုပ်ထားရန် ခက်ခဲကြောင်း၊ မိမိ၏ နောက်ဆုံး အန်ဖီးလ်ပွဲစဉ်ကို အနိုင်ဖြင့် မှတ်တမ်းတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • တွန်းအား

    တွန်းအား

    မေ ၁၃ ၊ ၂၀၁၅
    M-Media
    ကောင်းလွန်းရေးသည်။
    .motivation
    Motivation ဟာ ဘာလဲလို့ မေးလာရင် အလွယ်ဆုံး အရိုးရှင်းဆုံးဖြေနိုင်တာက “တွန်းအား” ပါပဲ.. လုပ်ချင်ကိုင်ချင်စိတ် ပေါ်လာအောင် လုပ်နိုင်တဲ့ “တွန်းအား” ကို Motivation လို့ ခေါ်ပါတယ်..။
    .
    ကောင်းပါပြီ ဒါဆိုရင် ဘယ်အရာတွေက တွန်းအားကို ဖြစ်စေပါသလဲ..

    လူဆိုတာ ခံစားတတ်တယ်.. တုန့်ပြန်တတ်တယ်..။ လူ့စိတ်ဟာ အချိန်တိုင်းပြောင်းလဲနေတယ်..။ အချိန်ပြည့် အလုပ်ထဲမှာ ချည်းပဲ အာရုံစိုက်မနေနိုင်ဘူး..။ အလုပ်လုပ်ချင်စိတ် ပေါ်တဲ့ အခါပေါ်တယ်.. မပေါ်တဲ့ အခါ မပေါ်ဘူး..။ ဒါကြောင့် Productivity ဆိုတဲ့ ထုတ်လုပ်နိုင်စွမ်းဟာ တသမတ်တည်း ရှိမနေနိုင်ဘူး .. အတက်အကျရှိမယ်..။ ဒါပေမယ့် အားလုံးပေါင်းပြီး ပျမ်းမျှ ယူလိုက်ရင်တော့ သတ်မှတ်စံချိန်အတွင်းမှာ ဘောင်ဝင်ဖို့ လိုတယ်..။
    .
    ဒါဆို အလုပ်ကို လုပ်ချင်စိတ်ရှိတဲ့ အချိန်မှာ ပိုလုပ်ပြီး လုပ်ချင်စိတ်မရှိတဲ့ အချိန်မှာ မလုပ်ပဲနားနေလို့ ရပါ့မလား..။ ဒါလဲသဘာဝ မကျပြန်ဘူး..။ ဒီတော့ လုပ်ချင်စိတ်ရှိလာအောင် လုပ်ရတော့မှာပေါ့ .. “တွန်းအား” တခုခု ရှိရတော့မှာပေါ့..။ အဲဒါဟာ Motivation ပါပဲ.။
    .
    ကဲ …. ဘယ်လိုလုပ်ကြမလဲ..။ ပထမဆုံး Motivation ကို အမျိုးအစား ခွဲရပါမယ်..။
    .
    ၁။ Incentive ( မက်လုံး )
    —————————-
    Money is the best incentive လို့ ပြောလေ့ရှိကြပါတယ်..။ ရာခိုင်နှုန်းအတော်များများ မှန်ပါတယ်..။ နောက်ထပ် Incentive တစ်ခုက Promotion ပါ..။ ကိုယ်လုပ်လို့ ရလာတဲ့ ရလဒ် ပေါ်ကနေ ကိုယ်လဲအကျိုးအမြတ်ခံစားခွင့်ရှိတယ် ဆိုတာ သိလာရင် အဲဒီအသိဟာ Motivation ကို အလိုအလျောက်ဖြစ်စေပါတယ်..။ တခါ.. အလုပ်ကြိုးစားပမ်းစားလုပ်သူကို ရာထူးတိုးပေးတယ် ဆိုတာကလဲ Motivation ပါပဲ..။ လူဟာ အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်..။ ကြိုးစားသူ အတွက် ရာထူးတိုးပေးခြင်းဖြင့် အသိအမှတ်ပြု နိုင်ပါတယ်..။
    .
    ၂။ Fear (လှန့်လုံး)
    ———————
    မက်လုံးဟာ Motivation ကို ဖြစ်စေသလို ခြောက်လုံး လှန့်လုံးတွေကလဲ Motivation ကို ဖြစ်စေပါတယ်..။ Incentive နဲ့ Fear ဟာ Carrot and Stick ပါပဲ..။ ချော့လို့မရရင် ခြောက်ရတော့တာပေါ့..။ အပြစ်ဒဏ်ကို ပြပြီး ခြိမ်းခြောက်တာဟာ Fear ပါပဲ..။ Negative consequences of motivation လို့လဲပြောပါတယ်..။ သတ်မှတ်ထားတဲ့ ပြီးမြောက်စရာ တခုကို မပြီးမြောက်ရင် အပြစ်ဒဏ်တခုခုက လာတော့မယ်ဆိုတာကလည်း “တွန်းအား” ကိုဖြစ်စေပါတယ်..။
    .
    ၃။ Achievement (အောင်မြင်မှု)
    ———————————
    တခုခုကို အောင်မြင်အောင်လုပ်နိုင်တာကလဲ “တွန်းအား” ကို ဖြစ်စေတာပါပဲ..။ သုတေသန တစ်ခုအောင်မြင်တာမျိုး.. ပစ္စည်း တခုခု တီထွင်အောင်မြင်လိုက်တာမျိုး..။ ဒီဇိုင်းအသစ်တစ်မျိုး ဖန်တီးလိုက်နိုင်တာမျိုးဟာ ဆက်ပြီးလုပ်ချင်ကိုင်ချင်စိတ်ကို နှိုးဆွ တိုက်တွန်းပေးတဲ့ “တွန်းအား” ပါပဲ..။ အဲဒီအောင်မြင်မှုကို ကိုယ့်အထဲမှာတင် ကြိတ်ဂုဏ်ယူနေမယ့် အစား အပြင်ကို ထုတ်ပြလိုက်လို့ အပြင်က ၀ိုင်းပြီး အားပေးချီးကျူးကြမယ်ဆိုရင် အလွန်အရှိန်ကောင်းတဲ့ “တွန်းအား” ကိုရမှာပါ..။
    .
    ၄။ Growth (ကြီးထွားခြင်း)
    ————————
    ကိုယ်တခုခု လုပ်ပြလိုက်နိုင်ရင် ကိုယ့်အပေါ်ယုံကြည်မှုပိုလာကြမယ်..။အဲဒီအခါမှာ ပိုပြီး ရင့်ကျက်လာမယ်.. ရင့်ကျက်လာတာနဲ့ အမျှ ကြီးထွားလာမယ်..။ အဲဒါဟာ “တွန်းအား” ပါပဲ..။ ကြီးထွားခြင်းနဲ့ ရင့်ကျက်ခြင်းဟာ အမြဲတွဲနေတာတော့ မဟုတ်ဘုး..။ ကြီးထွားပြီး မရင့်ကျက်တာလဲရှိပါတယ်..။ “နုထွားကြီး” လို့ အပြောခံရတာကို ကျေနပ်မနေသင့်ပါဘူး..။ အဲဒါဟာ တနည်းအားဖြင့် “မရင့်ကျက်သေးဘူး” လို့ အပြောခံရတယ်လို့ မှတ်ပါ..။ ထွားကြိုင်းသန်မာလာခြင်းနဲ့ အတူ ရင့်ကျက်ခြင်းက တပါတည်း ပါလာမှသာ တကယ့် Growth ကို ရမှာဖြစ်ပါတယ်.. အဲဒီ Growth ရဖို့ ကတော့ အသိပညာဗဟုသုတ စုဆောင်းခြင်းကနေ ရနိုင်ပါတယ်..။ အဲဒါတွေ အလွယ်တကူရနိုင်အောင် ဖန်တီးပေးထားတာကလည်း “တွန်းအား” ကိုဖြစ်စေတာပါပဲ..။

    ၅။ Power (အာဏာ)
    ———————-
    အာဏာကလည်း “တွန်းအား” တစ်ခုပါပဲ..။ အာဏာရှိတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို သူတို့ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်ပြီးမြောက်စေချင်တာကို ပြီးမြောက်အောင် စွမ်းဆောင်လို့ရပါတယ်..။ အမှတ်စဉ် ၂ မှာ တင်ပြခဲ့တဲ့ Fear နဲ့ ခပ်ဆင်ဆင်ပါပဲ..။ အာဏာဟာ လိုရာပြီးမြောက်စေတဲ့ တန်ခိုးရှိပါတယ်..။ ကြိုက်တာ မကြိုက်တာ အသာထားလို့ အာဏာနဲ့ ဆင့်ပြီဆိုရင် ဘယ်သူမှ နေလို့ မရပါဘူး..။ ဒါကြောင့်မို့ ဒါဟာ သိပ်မကောင်းလှပေမယ့် “တွန်းအား” တခု ဖြစ်တယ်ဆိုတာကိုတော့ လက်ခံရမှာပါ..။
    .
    ၆။ Social (လူမှုနယ်ပယ်)
    —————————
    လူမှုဆက်ဆံရေး ကောင်းခြင်းဟာလဲ “တွန်းအား” တစ်ခုဖြစ်ပါတယ်..။ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ခြင်းဟာ Influence (သြဇာ) ကိုဖြစ်ပေါ်စေပါတယ်..။ အဲဒီအာဏာမဟုတ်တဲ့ သြဇာကပဲ အလုပ်တွေကို ပြီးမြောက်စေတဲ့ “တွန်းအား” ကို ဖြစ်စေတာပါပဲ..။
    .
    ကဲ… အလုပ်ပြီးမြောက်စေမယ့် “တွန်းအား” ခြောက်မျိုး အကြောင်းပြောလိုက်ပါပြီ..။ ကိုယ့်လုပ်ငန်းခွင်မှာ ဘာကို သုံးမလဲဆိုတာကိုတော့ လုပ်ငန်းရှင်များနဲ့ လုပ်ငန်းကို ဦးဆောင်သူများ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ..။ ကိုယ်ကြိုက်တာ တစ်မျိုးထဲ ရွေးပြီးသုံးလို့ရသလို သင့်တော်ရာတွေကို အလှည့်ကျ သုံးပြီး “တွန်းအား” ကို ဖန်တီးလို့လဲ ရပါတယ်..။
    .
    တွန်းအားခြောက်မျိုးထဲမှာ နောက်ဆုံး နံပါတ်ခြောက်ကတော့ အခြေအနေ အမျိုးမျိုးမှာ သုံးလို့ရပါတယ်..။ “တွန်းအား” တွေကို ဖန်တီးရတာဟာ ဦးဆောင်သူတွေပါ..။ သူတို့ကိုယ်တိုင်လဲ “တွန်းအား” လိုပါတယ်..။ သူတို့လိုတဲ့ တွန်းအားကို ဘယ်သူ့ဆီကမှ မျှော်လင့်လို့ မရနိုင်သူတွေမို့ ကိုယ့်ကိုယ်ကိုပဲ တွန်းအားပေးရပါတယ်..။ အဲဒီအတွက် အကောင်းဆုံးနည်းလမ်း ကတော့ လူတွေနဲ့ ကောင်းမွန်ပြေပြစ်စွာဆက်ဆံခြင်းပါပဲ..။
    .
    ဟန်ဆောင်မှုကင်းတဲ့ ချစ်ခင်ရင်းနှီးမှုတွေကို ထူထောင်ရပါမယ်.။ ကိုယ့်လက်အောက်ငယ်သားတွေနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံရပါမယ်..။ သူတို့နဲ့ ရင်းနှီးခြင်းဟာ ကိုယ့်လုပ်ငန်းမှာ အကျိုးမယုတ်ဘူးဆိုတာ ယုံကြည်ရပါမယ်..။ သူတို့အပေါ်ယုံကြည်ခြင်းကြောင့် သူတို့ အလုပ်ပိုလုပ်ကြပါလိမ့်မယ်..။ လူ့စည်း ဘီလူးစည်းတော့ခွဲထားရမှာပေါ့..။ အလုပ်သမားတွေကို အရောဝင်ခြင်းဟာ ကိုယ့်ကိုယ်ရေးကိုယ်တာ သာယာမှုအတွက်မဖြစ်စေပဲ.. အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးမြောက်အောင် လုပ်နိုင်စေဖို့ဖြစ်ပါတယ်..။ မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြီး အော်ဟစ်ဆူပူနေတဲ့ ခေါင်းဆောင်ရဲ့ အောက်မှာ ဘယ်သူမှ မပျော်ပါဘူး..။ မတတ်သာလို့ လုပ်နေရတာပါ..။ ဒါကြောင့်မို့ “တွန်းအား” အမျိုးမျိုးရှိတဲ့ အထဲမှာ အသင့်တော်ဆုံး နည်းလမ်းကို ရွေးပြီး ကိုယ့်လုပ်ငန်း ပြီးမြောက်အောင်မြင် အောင် ဆောင်ရွက်နိုင်ကြပါစေ..။
    .
    ချစ်ခင်စွာဖြင့်
    ကောင်းလွန်း