News @ M-Media

Blog

  • ကအ်ဘာကျောင်းတော်ရှိ မာတာ့ဖ်ဧရိယာတိုးချဲ့မှု ပြီးစီး

    ကအ်ဘာကျောင်းတော်ရှိ မာတာ့ဖ်ဧရိယာတိုးချဲ့မှု ပြီးစီး

    ဧပြီ ၂၆၊ ၂၀၁၅
    M-Media

    macca

    – မြင့်မြတ်သော ၀တ်ကျောင်းတော်ရှိရာ မက္ကာမြို့တော်သို့ ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီးစဉ် လာရောက်ကြသည့် မြင့်တက်လာသော မွတ်စလင်လူဦးရေအား နေရာချထားပေးနိုင်ရန်အတွက် ကအ်ဘာကျောင်းတော်ဝန်းကျင်ရှိ မာတာ့ဖ်ဧရိယာ (၀တ်ကျောင်းတော်အား လှည့်ပတ်ရသည့် ဧရိယာ) တိုးချဲ့မှု ပြီးစီးခဲ့ပြီဟု သိရသည်။

    ထိုးချဲ့ထားသည့်နေရာကို လာမည့် ရမ်ဇာန်ဥပုလ်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်နာရီလျှင် လူပေါင်း ၁၀၀၀၀၀ ထိုဧရိယာတွင် လှည့်ပတ်နိုင်မည်ဖြစ်သည်။

    “လက်ရှိအချိန်မှာ အခြား ထွေအထွေအဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်။ အဲဒီမှာ အစိုးရရုံးတွေပါမယ်။ ကြီးကြပ်ရေးရုံး၊ လုံခြုံရေးဌာနချုပ်၊ ကျန်းမာရေးဌာန၊ လခြမ်းနီ၊ ပြည်သူကာကွယ်ရေးဌာနနဲ့ အခြားသော ဆက်စပ်တဲ့ ရုံးခန်းတွေ ပါဝင်ပါမယ်။ အဆောက်အဦးတွေရဲ့ ၉၅ ရာခိုင်နှုန်းက ပြီးစီးနေပါပြီ” ဟု မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုရေးရာ ဥက္ကဌရုံးမှ စီမံကိန်း စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်သူ အလ်-ကူရာရှီက ပြောကြားခဲ့သည်။

    နောက်ဆုံးတိုးချဲု့မှုတွင် မြေအောက်ခန်း၊ မြေညီထပ်နှင့် ပထမထပ်များမှ ကြမ်းပြင်များခင်းခြင်းကဲ့သို့ စီမံကိန်း၏ နောက်ဆုံးအဆင့် ဆောင်ရွက်မှုများ ပါဝင်မည်ဖြစ်သည်။ ကအ်ဘာ ၀တ်ကျောင်းတော်၏ မြောက်ဘက်တွင်ရှိသည့် ၀တ်ပြုရန် ဧရိယာများနှင့် အိမ်သာများမှာလည်း လာမည့် ရမ်ဇာန်တွင် အဆင်သင့်ဖြစ်မည် ဖြစ်သည်။

    တိုးချဲု့မှုကို ကအ်ဘာကျောင်းတော်၏ အနောက်မြောက်ဘက် မီတာ ၂၀၀ မှ နောက်ထက် ၄၅၈ မီတာအထိ ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းတော်၏ Shami ဘက်တွင် တိုးချဲု့မှုမှာ ၀တ်ပြုသူပေါင်း ၁ သန်းခန့်ကို နေရာထိုင်ခင်းပေးရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

    စုစုပေါင်း တိုးချဲ့မှုဧရိယာ ၇၅၀၀၀ စကွဲယားမီတာတွင် ၀န်ဆောင်မှုဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လေအေးပေးစက်စနစ်၊ ရေတိုင်ကီများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စနစ်များ၊ ဗဟိုထိန်းချုပ်မှုရှိသည့် သန့်ရှင်းရေးစနစ်နှင့် အိမ်သာပေါင်း ၁၂၅၀၀ ပါဝင်မည်ဖြစ်သည်။

    တိုးချဲ့မှုအစိတ်ပိုင်းအဖြစ် ကအ်ဘာကျောင်းတော်တည်ရှိရာ မစ်ဂျစ်ဒ် အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အတွင်းတွင်လည်း နေရောင်ကာအမိုးများကို ထည့်သွင်းတပ်ဆင်ခဲ့သည်။

    လွန်ခဲ့သည် နှစ်များအတွင်း ဆော်ဒီအစိုးရမှာ ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီး လာရောက်ကြသူများ အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် ကအ်ဘာကျောင်းတော်၊ မတ်စ်ဂျစ်ဒ် အလ်-ဟရမ်နှင့် မက္ကာမြို့တို့အား တိုးချဲု့မှုများ၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

    Ref: Onislam

  • ယူကေရှိ စာစောင်အချို့ နာဇီတို့ ၀ါဒဖြန့်သကဲ့သို့ ဖြစ်နေဟု ကုလလူ့အခွင့်အရေး အကြီးအကဲ ပြော

    ယူကေရှိ စာစောင်အချို့ နာဇီတို့ ၀ါဒဖြန့်သကဲ့သို့ ဖြစ်နေဟု ကုလလူ့အခွင့်အရေး အကြီးအကဲ ပြော

    ဧပြီ ၂၆၊ ၂၀၁၅
    M-Media

    uk

    – ပြောင်းရွှေ့အခြေချလာသူများကို “ပိုးဟပ်များ” ဟု ခေါ်ဝေါ်သမုတ်သည့် The Sun ကဲ့သို့သော ယူကေရှိ စာစောင်များမှာ နာဇီများက ၎င်းတို့ သတ်ဖြတ်မျိုးဖြုတ်ချင်သူများအပေါ် မီဒီယာဖြင့် တိုက်ခိုက်ခဲ့သည့် အမှောင်လွှမ်းသော နေ့ရက်များကို ပြန်လည်အမှတ်ရစေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇီအစ် ရာအဒ် အလ် ဟူစိန်က ပြောကြားလိုက်သည်။

    “နာဇီမီဒီယာတွေက သူတို့သခင်တွေ သတ်ဖြတ်သုတ်သင်ချင်ကြတဲ့သူတွေကို ကြွက်တွေ၊ ပိုးဟပ်တွေအဖြစ် ပုံဖော်ခဲ့ကြပါတယ်” ဟု ဇီအစ်က ဆိုပြီး ပြီးခဲ့သည့် ကြာသာပတေးနေ့က ထုတ်ဝေသော The Sun သတင်းစာတွင် ကေတီ ဟော့ပ်ကင်းဆိုသူ ရေးသားခဲ့သော ဆောင်းပါးကို ထောက်ပြခဲ့သည်။

    ထိုဆောင်းပါင်းတွင် သူမက “မမှားအောင်လုပ်ကြပါ။ ဒီပြောင်းရွှေ့အခြေချသူတွေဟာ ပိုးဟပ်တွေလိုပါပဲ” ဟု ရေးသားဖော်ပြခဲ့ပြီး ဥရောပသို့ ပြောင်းရွှေ့အခြေချသူများကို စော်ကားပြောဆိုသည့် အရေးအသား များစွာကိုလည်း ရေးသားခဲ့သည်။ ထိြု့ပင် မြေထဲပင်လယ်ကိုဖြတ်၍ ၀င်ရောက်လာသူများအား တားဆီးရန်အတွက် စစ်သင်္ဘောများကိုပင် ထားရှိရမည်ဟု ထည့်သွင်း ရေးသားခဲ့သည်။

    “အခေါင်းပုံတွေကို ကျွန်မကိုပြစမ်းပါစေ။ ရေထဲမှာမြောနေတဲ့ လူသေအလောင်းတွေကို ပြစမ်းပါစေ။ တာယောလေးထိုးပြီး ၀မ်းနည်းစရာကောင်းတဲ့ ပိန်ပိန်လိန်လိန်လေးတွေကို ပြစမ်းပါစေ။ ကျွန်မ ဂရုမစိုက်ပါဘူး” ဟု ဟော့ကင်းက သူမ၏ ဆောင်းပါးတွင် ရေးသားခဲ့ပြီး ပြောင်းရွှေ့အခြေချသူများမှာ နျူကလီးယားဗုံးကို အသက်သွင်းကြသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

    အဆိုပါ သတင်းစာအား အာဖရိကမှ ဒုက္ခသည်တစ်ထောင်နီးပါး တင်ဆောင်လာပြီး မြေထဲပင်လယ်တွင် နစ်မြုပ်သွားသည့် လစ်ဗျားမှသင်္ဘော မမြုပ်ခင် နာရီပိုင်းအလိုတွင် ဖြန့်ချီခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောနစ်မြုပ်မှုတွင် လူပေါင်း ၈၀၀ ခန့်သေဆုံးခဲ့သည်။

    “ဒီလိုရေးပုံသားပုံမျိုးတွေဟာ သိသိသာသာကို လှုံ့ဆော်တာမျိုးဖြစ်ပြီး လက်မခံနိုင်စရာပါပဲ။ အထူးသဖြင့် တစ်နိုင်ငံလုံးဖြန့်တဲ့ သတင်းစာမျိုးမှာ ဖော်ပြတာမျိုးပါ။ The Sun အယ်ဒီတာအဖွဲ့က ဒီလိုဆောင်းပါးမျိုးကို ဖော်ပြဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ပြီးတော့ ဒါဟာ ဥပဒေကို ချိုးဖောက်တာ တွေ့ပြီဆိုရင် သူတို့တွေဟာ စာရေးသူနဲ့အတူ တာဝန်ယူရပါမယ်” ဟု ဇီအစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဟော့ပ်ကင်း၏ အဆိုပါဆောင်းပါးမှာ ချက်ခြင်းလက်ငင်း ပေါ်ထွက်လာခြင်းမဟုတ်ဘဲ ဆယ်စုနှစ်နှင့်ချီ၍ ရှိနေပြီး တားမြစ်ထိန်းချုပ်ခြင်း မရှိခဲ့သည့် နိုင်ငံခြားသားဆန့်ကျင်ရေး စော်ကားမှုများ၊ လွဲမှားသော သတင်းအချက်အလက်နှင့် ပုံဖျက်မှုတို့၏ ရလဒ်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကာ ဗြိတိန်၏ Daily Express သတင်းစာမှာ ထိုကဲ့သို့ပင်ဖြစ်သည်ဟု ဆိုသည်။

    “ပြောင်းရွှေ့အခြေချလာသူတွေနဲ့ ခိုလှုံလာသူတွေအပေါ် ယူကေက စာစောင်တွေ နှုတ်နဲ့ ကြောက်စရာကောင်းလှတဲ့ အနိုင်ကျင့်တာမျိုးဟာ ဥပဒေအောက်မှာ စိန်ခေါ်မှုမရှိဘဲနဲ့ တော်တော်ကြာကြာ ဆက်သွားနေပါတယ်”

    ဇီအစ်မှာ လွတ်လပ်စွာပြောဆိုခွင့်နှင့် အမုန်းတရားတို့ကိုလည်း ဥပေဒရှုထောင့်မှ ချပြခဲ့သည်။

    “လူမှုရေးနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ရဲ့ အပိုဒ် ၁၉ မှာ အာမခံပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျွန်တော်ဟာ မဆုတ်မနစ် ဖြန့်ဝေပညာပေးသူ တစ်ယောက်ပါ။ ဒါပေမယ့် ဒါဟာ ချွင်းချက်မဲ့တော့ မဟုတ်ပါဘူး။ အဲဒီသဘောတူညီချက်ရဲ့ အပိုဒ် ၂၀ မှာ “ခွဲခြားဆက်ဆံမှု၊ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုတို့အတွက် လှုံ့ဆော်မှုကို ဖြစ်စေသည့် အမျိုးသားရေး၊ လူမျိုးရေးနှင့် ဘာသာရေးအမုန်းတရားများ မည်သည့်ဖြန့်ဝေမှုမျိုးကိုမဆို ဥပဒေဖြင့် တားဆီးရမည်” လို့ ရေးသားထားပါတယ်” ဟု ပြောကြားခဲ့သည်။

    Ref: RT

  • နီပေါငလျင်သေဆုံးမှုတွင် ဂူးဂဲလ်အကြီးအကဲတစ်ဦး ပါဝင်

    နီပေါငလျင်သေဆုံးမှုတွင် ဂူးဂဲလ်အကြီးအကဲတစ်ဦး ပါဝင်

    ဧပြီ ၂၆၊ ၂၀၁၅
    M-Media

    google head

    – နီပေါလ်ငလျင်ကြောင့် ဧ၀ရတ်တောင်၌ ရေခဲထုများပြိုကျပြီး သေဆုံးသူ ၁၈ ဦးတွင် Google X မှ အကြီးအကဲဖြစ်သူ ဒန် ဖရက်ဒင်ဘာ့ဂ်လည်း ပါဝင်ခဲ့ပြီး နိုင်ငံခြားသား ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

    အသက် ၃၃ နှစ်အရွယ် ဖရက်ဒင်ဘာ့ဂ်မှာ Jagged Globe စူးစမ်းလေ့လာရေးအသင်းနှင့်အတူ ဧ၀ရတ်တောင်သို့ ရောက်ရှိနေခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် ဖရက်ဒင်ဘာ့ဂ်၏ မိသားစုများက ပြောကြားခဲ့သည်။ ဖရက်ဒင်ဘာ့ဂ်မှာ ဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

    ဖရက်ဒင်ဘာ့ဂ်မှာ မောင်းသူမဲ့ကား၊ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှု၊ Google မျက်မှန်နှင့် မျက်ကပ်မှန်တို့ကဲ့သို့သော ပစ္စည်းများကို တီထွင်ထုတ်လုပ်သည့် Google X သုတေသနအဖွဲ့ကို ဦးဆောင်သူဖြစ်သည်။ ၎င်း၏ ညီမဖြစ်သူက ဖရက်ဒင်ဘာ့ဂ်သေဆုံးကြောင်းကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယစစ်တပ် တောင်တက်အဖွဲ့မှာ ဧ၀ရတ်တောင်ပေါ်တွင် အလောင်း ၁၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယမန်နေ့တွင် အတည်ပြုပြောဆိုခဲ့သည်။ နီပေါ ခရီးသွားလာရေး ၀န်ကြီးဌာနကမူ တောင်အောက်ခြေ စခန်းများရှိ တဲ ၂ လုံးမှာ ဒဏ်ရာရနေသော တောင်တက်သမားများဖြင့် ပြည့်နှက်နေသည်ဟုဆိုပြီး ငလျင်လှုပ်ခတ်သည့်အချိန်တွင် နိုင်ငံခြားသာ ၄၀၀ ခန့်အပါအ၀င် တောင်တက်သူ ၁၀၀၀ခန့်မှာ တောင်ခြေစခန်း၊ သို့မဟုတ် တောင်ပေါ်တွင် ရှိနေသည်ဟုဆိုသည်။

    တောင်ပေါ်မှ ရေခဲများ ပြိုဆင်းခဲ့ပြီးနောက် ပျောက်ဆုံးနေသူများမှာ ရာနှင့်ချီ၍ ရှိနေသည်။ နီပေါရှိ ရှေးဟောင်းမြို့ ခတ္တာမန်ဒူမြို့အား ဗဟိုပြု၍ ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ၂၂၀၀ ကျော်သွားခဲ့ပြီး ဆက်လက် မြင့်မားမည့် အလားအလာရှိနေသည်။

    Ref: RT

  • ဘာကာ၏ နောက်ပိုင်းပွဲတိုင်းမှာ အရေးကြီးသည်ဟု အင်နီယေစတာ ပြော

    ဘာကာ၏ နောက်ပိုင်းပွဲတိုင်းမှာ အရေးကြီးသည်ဟု အင်နီယေစတာ ပြော

    ဧပြီ ၂၆၊ ၂၀၁၅
    M-Media

    baca

    – ယခုအချိန်မှစ၍ ဘာစီလိုနာအသင်း၏ ပွဲတိုင်းမှာ ဖိုင်နယ်ပွဲကဲ့သို့ ဖြစ်နေသည်ဟု အသင်း၏ ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာက ယမန်နေ့ အက်စပန်ညိုအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရသည့်ပွဲပြီးနောက် ပြောကြားခဲ့သည်။

    ဒုတိယပိုင်း ပွဲချိန်တော်တော်များများကို ၁၀ ယောက်ဖြင့် ကစားခဲ့ရသော်လည်း ဘာစီလိုနာမှာ နေးမာနှင့် မက်ဆီတို့၏ ဂိုးများဖြင့် ၂ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်ထက် တစ်ပွဲအသာ ၅ မှတ်ဖြင့် လာလီဂါဇယားအား ဦးဆောင်ထားသည်။

    လက်ရှိတွင် ဘာစီလိုနာမှာ ဖလားသုံးလုံး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး အင်နီယေစတာကမူ နောက်ပိုင်းပွဲများမှာ အရေးကြီးသည်ဟု ဆိုသည်။

    “ဒီနိုင်ပွဲဟာ အမှတ်ပေးဖလားအတွက် နောက်ထပ်ခြေလှမ်းကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ အခုကျန်တဲ့ပွဲတွေအားလုံးဟာ နောက်ဆုံးဗိုလ်လုပွဲတွေလိုပါပဲ။ လာလီဂါဖလားရဖို့အတွက် ကျန်ပွဲတွေအားလုံးကို နိုင်ဖို့လိုပါတယ်” ဟု အင်နီယေစတာက Canal Plus သို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာဥက္ကဌ ဘာတိုမြူကမူ အက်စပန်ညိုနှင့်ပွဲ ကစားပုံအတွက် ဝေဖန်ခဲ့ပြီး ဘိုင်ယန်နည်းပြဟောင်း ဂွာဒီယိုလာကိုင်တွယ်နေသည့် ဘိုင်ယန်မြူးနှစ်နှင့် မေလတွင်ကစားရမည့် ချန်ပီယံလိဂ် ဆီမီးအတွက်လည်း စိတ်လှုပ်ရှားနေသည်။

    “အက်စပန်ညိုနဲ့ပွဲက လွယ်ကူတဲ့ပွဲတော့ မဟုတ်ခဲ့ပါဘူး။ လာလီဂါထိပ်ဆုံးမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ဟာ တစ်ပွဲပြီးတစ်ပွဲ အမှတ်တွေ ယူသွားရပါမယ်။ ဘိုင်ယန်နဲ့ပွဲမှာလည်း အကောင်းဆုံးလုပ်ဖို့ ကြိုးစားရပါမယ်။ ပက်ပ် ဂွါဒီယိုလာက ဘာစီလိုနာရဲ့လူဖြစ်ပြီး ဘာကာပရိတ်သတ်တွေက သူ့ကို လေးစားသမှုနဲ့ တစ်ခဲနက်ကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်”

    Ref: Goal.com

  • ရုရှားဟက်ကာများ အိမ်ဖြူတော်ကွန်ယက်ကိုဖောက်၍ အိုဘားမား၏ အီးမေးလ်များကိုပါ ဖတ်သွား

    ရုရှားဟက်ကာများ အိမ်ဖြူတော်ကွန်ယက်ကိုဖောက်၍ အိုဘားမား၏ အီးမေးလ်များကိုပါ ဖတ်သွား

    ဧပြီ ၂၆၊ ၂၀၁၅
    M-Media

    Illustration file picture shows a man typing on a computer keyboard in Warsaw

    – ပြီးခဲ့သည့်နှစ်က အိမ်ဖြူတော်ကွန်ပျူတာစနစ်၏ အရေးပါသော အစိတ်အပိုင်းများအတွင်းသို့ ၀င်ရောက်ခဲ့သည့် ရုရှားဟက်ကာများမှာ အိုဘားမား၏ လုံးခြုံရေးအဆင့် မမြှင့်ထားသော အီးမေလ်းများကို ဖတ်ရှုခဲ့ကြသည်ဟု နယူးယောက် တိုင်းမ်စ်က အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားမှုများကို ကိုးကား၍ ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “သမ္မတရဲ့ ကိုယ်ပိုင်အီးမေးလ်အကောင့် ဟက်ခံရတယ်ဆိုတဲ့ အထောက်အထားတော့ မရှိဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် မစ္စတာအိုဘားမားရဲ့ ဆက်သွယ်မှုအချို့ဟာ ဟက်ကာတွေက ရယူသွားတဲ့ အချက်အလက်တွေထဲမှာ ပါဝင်တယ်ဆိုတာကတော့ စုံစမ်းမှုရဲ့ တွေ့ရှိချက်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်” ဟု နယူးယောက်တိုင်မ်းစ်က ဆိုသည်။

    အိမ်ဖြူတော်ကလည်း ၎င်းတို့၏ ကွန်ပျူတာစနစ် ဖောက်ထွင်းခံရကြောင်းကို ယခုလ အစောပိုင်းက အတည်ပြုခဲ့ပြီး အဆိုပါဖောက်ထွင်းခံရမှုမှာ ပြီးခဲ့သည့်နှစ်ကဖြစ်ကြောင်း၊ လျှို့ဝှက်အချက်အလက်များကို ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

    နယူးယောက်တိုင်းမ်စ်ကမူ အဆိုပါ ဖောက်ထွင်းခံရမှုမှာ လူသိရှင်ကြား ထုတ်ပြန်ထားသည်ထက် ပို၍ အနှောက်အယှက်ဖြစ်စရာနှင့် စိုးရိမ်စရာကောင်းနေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် လျှို့ဝှက်ကွန်ပျူတာကွန်ယက်များ မထိခိုက်သော်လည်း ဖောက်ထွင်းခံလိုက်ရသည့် ကွန်ပျူတာစနစ်တွင် သံတမန်များနှင့် အီးမေးလ်အသွားအပြန်များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများနှင့် ဥပဒေများ၊ သမ္မတရုံးဆိုင်ရာ အချိန်ဇယားများနှင့် ပေါ်လစီရေးရာ ဆွေးနွေးမှုများကဲ့သို့ အရေးပါသည့် သတင်းအချက်လက်များ ပါဝင်သသည်ဟု ဆိုသည်။

    တာဝန်ရှိသူများကမူ အိုးဘားမား၏ အီးမေးလ် အစောင်မည်မျှကို ဟက်ကာများ ခိုးဖတ်သွားသည်နှင့် ထိုအီးမေလ်းများ၏ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း၊ သမ္မတ၏ ကိုယ်ပိုင်အီးမေးလ်လိပ်စာမှာ ဖောက်ထွင်းခံရပုံမရကြောင်း၊ ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်ခံရမှု၏ အတိမ်အနက်ကို အိမ်ဖြူတော် အကြီးတန်းအရာရှိများက လအနည်းငယ်အရင်ကပင် သိရှိခဲ့ကြောင်း စသဖြင့် နယူးယောက်တိုင်းမ်စ်က ထည့်သွင်းရေးသားခဲ့သည်။

    အိမ်ဖြူတော် တာဝန်ရှိသူများကမူ ထိုသတင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Reuters