ဧပြီ ၂၆၊ ၂၀၁၅
M-Media
– ယခုအချိန်မှစ၍ ဘာစီလိုနာအသင်း၏ ပွဲတိုင်းမှာ ဖိုင်နယ်ပွဲကဲ့သို့ ဖြစ်နေသည်ဟု အသင်း၏ ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာက ယမန်နေ့ အက်စပန်ညိုအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရသည့်ပွဲပြီးနောက် ပြောကြားခဲ့သည်။
ဒုတိယပိုင်း ပွဲချိန်တော်တော်များများကို ၁၀ ယောက်ဖြင့် ကစားခဲ့ရသော်လည်း ဘာစီလိုနာမှာ နေးမာနှင့် မက်ဆီတို့၏ ဂိုးများဖြင့် ၂ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်ထက် တစ်ပွဲအသာ ၅ မှတ်ဖြင့် လာလီဂါဇယားအား ဦးဆောင်ထားသည်။
လက်ရှိတွင် ဘာစီလိုနာမှာ ဖလားသုံးလုံး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး အင်နီယေစတာကမူ နောက်ပိုင်းပွဲများမှာ အရေးကြီးသည်ဟု ဆိုသည်။
“ဒီနိုင်ပွဲဟာ အမှတ်ပေးဖလားအတွက် နောက်ထပ်ခြေလှမ်းကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ အခုကျန်တဲ့ပွဲတွေအားလုံးဟာ နောက်ဆုံးဗိုလ်လုပွဲတွေလိုပါပဲ။ လာလီဂါဖလားရဖို့အတွက် ကျန်ပွဲတွေအားလုံးကို နိုင်ဖို့လိုပါတယ်” ဟု အင်နီယေစတာက Canal Plus သို့ ပြောကြားခဲ့သည်။
ဘာစီလိုနာဥက္ကဌ ဘာတိုမြူကမူ အက်စပန်ညိုနှင့်ပွဲ ကစားပုံအတွက် ဝေဖန်ခဲ့ပြီး ဘိုင်ယန်နည်းပြဟောင်း ဂွာဒီယိုလာကိုင်တွယ်နေသည့် ဘိုင်ယန်မြူးနှစ်နှင့် မေလတွင်ကစားရမည့် ချန်ပီယံလိဂ် ဆီမီးအတွက်လည်း စိတ်လှုပ်ရှားနေသည်။
“အက်စပန်ညိုနဲ့ပွဲက လွယ်ကူတဲ့ပွဲတော့ မဟုတ်ခဲ့ပါဘူး။ လာလီဂါထိပ်ဆုံးမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ဟာ တစ်ပွဲပြီးတစ်ပွဲ အမှတ်တွေ ယူသွားရပါမယ်။ ဘိုင်ယန်နဲ့ပွဲမှာလည်း အကောင်းဆုံးလုပ်ဖို့ ကြိုးစားရပါမယ်။ ပက်ပ် ဂွါဒီယိုလာက ဘာစီလိုနာရဲ့လူဖြစ်ပြီး ဘာကာပရိတ်သတ်တွေက သူ့ကို လေးစားသမှုနဲ့ တစ်ခဲနက်ကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်”
Ref: Goal.com
Leave a Reply
You must be logged in to post a comment.