News @ M-Media

နီပေါငလျင်သေဆုံးမှုတွင် ဂူးဂဲလ်အကြီးအကဲတစ်ဦး ပါဝင်

ဧပြီ ၂၆၊ ၂၀၁၅
M-Media

google head

– နီပေါလ်ငလျင်ကြောင့် ဧ၀ရတ်တောင်၌ ရေခဲထုများပြိုကျပြီး သေဆုံးသူ ၁၈ ဦးတွင် Google X မှ အကြီးအကဲဖြစ်သူ ဒန် ဖရက်ဒင်ဘာ့ဂ်လည်း ပါဝင်ခဲ့ပြီး နိုင်ငံခြားသား ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

အသက် ၃၃ နှစ်အရွယ် ဖရက်ဒင်ဘာ့ဂ်မှာ Jagged Globe စူးစမ်းလေ့လာရေးအသင်းနှင့်အတူ ဧ၀ရတ်တောင်သို့ ရောက်ရှိနေခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် ဖရက်ဒင်ဘာ့ဂ်၏ မိသားစုများက ပြောကြားခဲ့သည်။ ဖရက်ဒင်ဘာ့ဂ်မှာ ဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖရက်ဒင်ဘာ့ဂ်မှာ မောင်းသူမဲ့ကား၊ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှု၊ Google မျက်မှန်နှင့် မျက်ကပ်မှန်တို့ကဲ့သို့သော ပစ္စည်းများကို တီထွင်ထုတ်လုပ်သည့် Google X သုတေသနအဖွဲ့ကို ဦးဆောင်သူဖြစ်သည်။ ၎င်း၏ ညီမဖြစ်သူက ဖရက်ဒင်ဘာ့ဂ်သေဆုံးကြောင်းကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယစစ်တပ် တောင်တက်အဖွဲ့မှာ ဧ၀ရတ်တောင်ပေါ်တွင် အလောင်း ၁၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယမန်နေ့တွင် အတည်ပြုပြောဆိုခဲ့သည်။ နီပေါ ခရီးသွားလာရေး ၀န်ကြီးဌာနကမူ တောင်အောက်ခြေ စခန်းများရှိ တဲ ၂ လုံးမှာ ဒဏ်ရာရနေသော တောင်တက်သမားများဖြင့် ပြည့်နှက်နေသည်ဟုဆိုပြီး ငလျင်လှုပ်ခတ်သည့်အချိန်တွင် နိုင်ငံခြားသာ ၄၀၀ ခန့်အပါအ၀င် တောင်တက်သူ ၁၀၀၀ခန့်မှာ တောင်ခြေစခန်း၊ သို့မဟုတ် တောင်ပေါ်တွင် ရှိနေသည်ဟုဆိုသည်။

တောင်ပေါ်မှ ရေခဲများ ပြိုဆင်းခဲ့ပြီးနောက် ပျောက်ဆုံးနေသူများမှာ ရာနှင့်ချီ၍ ရှိနေသည်။ နီပေါရှိ ရှေးဟောင်းမြို့ ခတ္တာမန်ဒူမြို့အား ဗဟိုပြု၍ ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ၂၂၀၀ ကျော်သွားခဲ့ပြီး ဆက်လက် မြင့်မားမည့် အလားအလာရှိနေသည်။

Ref: RT

Comments

Leave a Reply