News @ M-Media

Blog

  • လှော်ကားဓာတ်အားပေးစက်ရုံအတွက် စင်ကာပူဘဏ်တစ်ခု ဘဏ္ဍာရေး အကူအညီပေးမည်

    လှော်ကားဓာတ်အားပေးစက်ရုံအတွက် စင်ကာပူဘဏ်တစ်ခု ဘဏ္ဍာရေး အကူအညီပေးမည်

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    UOB

    – United Overseas Bank (UOB) ဘဏ်က ၎င်းတို့မှာ မြန်မာနိုင်ငံ၏ မြင့်တက်လာသော စွမ်းအင်လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးရေး တာဝန်ယူထားသည့် စင်ကာပူအခြေစိုက် Royal GK နှင့် ဘဏ္ဍာရေးသဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟု ယနေ့တွင် ကြေညာခဲ့သည်။

    အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Royal GK မှာ ရန်ကုန်မြို့ လှော်ကားရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ဓာတ်ငွေ့သုံး အင်ဂျင်များ ရှာဖွေတင်သွင်းပေးရန် Myanmar Central Power ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသည်။

    UOB ဘဏ်၏ မဟာဗျူဟာ ဒါရိုက်တာနှင့် နိုင်ငံတကာစီမံခန့်ခွဲရေး အကြီးအကဲဖြစ်သူ မစ္စတာ အီယန်ဝွန်ကမူ မြန်မာနိုင်ငံတွင် စီပွားရေးပြုလုပ်ရေး မိမိတို့ဘဏ်၏ ချဉ်းကပ်မှုမှာ မြန်မာနိုင်ငံ၏ ရေရှည် စီးပွားရေးဖွံ့ဖြိုးမှုအား အထောက်အကူဖြစ်ရန် လိုအပ်သည်ဟု ယူဆရသော စက်ရုံအလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံထားသည့် မိမိတို့၏ မိတ်ဖက်များနှင့် ပူးတွဲဆောင်ရွက်ရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “စက်ရုံအလုပ်ရုံအသစ်တွေနဲ့ နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဖန်တီးရာမှာ စွမ်းအင်ထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံက ဦးစားပေး ဆောင်ရွက်နေတာကြောင့် နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အခြေခံအဆောက်အဦးပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို
    ကူညီဖော်ဆောင်ပေးနေတဲ့ Royal GK တို့လို ကုမ္ပဏီမျိုးတွေကို ဘဏ္ဍာရေးအရ ထောက်ပံ့ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်ပါတယ်” ဟု ဂွန်က ပြောကြားခဲ့သည်။

    အဆိုပါ ဓာတ်အားပေးစက်ရုံမှာ ယခုနှစ် ဇွန်လတွင် ပြီးစီးမည်ဖြစ်ပြီး တစ်နှစ်လျှင် မီဂါဝပ်နာရီပေါင်း ၁၇၅၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

    Royal GK မှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဇေယျမွန်က မိမိတို့၏လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ချဲ့ထွင်လုပ်ကိုင်ရခြင်းနှင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား တောင်းဆိုမှု မြင့်တက်လာခြင်းအား ကူညီပေးဆောင်ရွက်ပေးရခြင်းတို့အတွက် ၀မ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

    “ဒါဟာကျွန်တော်တို့ရဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ UOB ဟာ စင်ကာပူကနေ ရန်ပုံငွေထောက်ပံ့ ကူညီပေးခြင်းဖြင့် ဒီစီမံကိန်းအတွက် အရေးပါလာပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    UOB မှာ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ယခင်ကလည်း ဘဏ္ဍာရေးအထောက်အပံ့များ ပေးဖူးပြီး မွန်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေသည့် စင်ကာပူအခြေစိုက် Asiatech Energy ကုမ္ပဏီကိုလည်း ပြီးခဲ့သည့်နှစ်က ဘဏ္ဍာရေးအထောက်အပံ့များ ပေးခဲ့သည်။

    ထို့ပြင် မန္တလေးတွင် ၁၀၀ မီဂါဝပ် ထွက်သော ဓာတ်အားပေးစက်ရုံ တည်ဆောက်နေသည့် အမေရိကန် အခြေစိုက် APR Energy ကုမ္ပဏီနှင့်လည်း မိတ်ဖက်အဖြစ် ဆောင်ရွက်နေသည်။ UOB မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံ ဗဟိုဘဏ်မှ လုပ်ငန်းလိုင်စင် ချပေးခဲ့သည့် နိုင်ငံခြားဘဏ် ၉ ခုတွင်လည်း ပါဝင်သည်။

    Ref: Channelnewsasia

  • မြေထဲပင်လယ်ဒုက္ခသည်အရေး မျှဝေတာဝန်ယူကြရန် ကမ္ဘာအား ဘန်ကီမွန်မေတ္တာရပ်ခံ

    မြေထဲပင်လယ်ဒုက္ခသည်အရေး မျှဝေတာဝန်ယူကြရန် ကမ္ဘာအား ဘန်ကီမွန်မေတ္တာရပ်ခံ

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    refugee

    – မြေထဲပင်လယ်သို့ ဖြတ်ကာ ဥရောပသို့ ခိုလှုံရန် ကြိုးစားလာကြသူများ၏ ၀န်ထုပ်ဝန်ပိုးများကို ကမ္ဘာ့နိုင်ငံများမှ အစိုးရများက မျှဝေယူကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အာဖရိကမှ ဒုက္ခသည်များမှာ မြေထဲပင်လယ်ကိုဖြတ်၍ လှေများဖြင့် ဥရောပသို့ ၀င်ရောက်ရန်ကြိုးစားရာတွင် လှေမှောက်၍ သေဆုံးမှု အများအပြားဖြစ်ပွားခဲ့ပြီး နောက်ဆုံးအဖြစ်အပျက်အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လစ်ဗျားကမ်းရိုတန်း၌ ဒုက္ခသည်လှေတစ်စီး နစ်မြုပ်၍ လူ ၇၀၀ ကျော်သေဆုံးမည့် အခြေအနေ ရှိနေသည်။

    ဘန်ကီမွန်ကမူ ထိုသတင်းကြောင့် မိမိနေဖြင့် တုန်လှုပ်ကာ အလွန်အမင်း ၀မ်းနည်းမိခဲ့သည်ဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထိုပြဿနာကို ရင်ဆိုင်ရာတွင် ညီညီညွတ်ညွှတ်ဖြင့် ၀န်ထုပ်ဝန်ပိုးများကို မျှဝေတာဝန်ယူကြရန် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

    ယခုနှစ်အတွင်း မြေထဲပင်လယ်သို့ ဖြတ်ကျော်ရန် ကြိုးစားမှုအတွင်း ဒုက္ခသည်ပေါင်း အနည်းဆုံး ၁၆၀၀ သေဆုံးခဲ့ပြီး ဘန်ကီမွန်က မြေထဲပင်လယ်မှာ ခိုလှုံလိုသူများနှင့် ပြောင်းရွှေ့အခြေချလိုသူများအတွက် ကြောက်စရာအကောင်းဆုံးလမ်းကြောင်း ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစိုးရများအနေဖြင့် ပင်လယ်ပြင်ကယ်ဆယ်ရေး တိုးတက်ရန် ကြိုးစားရုံတင်မကဘဲ စစ်ကြောင့် ထွက်ပြေးရကာ ခိုလှုံရာနှင့် အန္တရာယ်ကင်းရာ နေရာတို့ကို လိုအပ်နေသောသူ အများအပြားအတွက် ခိုလှုံခွင့် သေချာစေရန်လည်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘန်ကီမွန်က အဆိုပါ ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဥရောပကလည်း အဖွဲ့ဝင်နိုင်ငံများ အရေးပေါ်ထိပ်သီးအစည်းအဝေးလုပ်ရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ ဥက္ကဌ ဒေါ်နယ်လ် တက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ချယ်ဆီးလူငယ်ကြယ်ပွင့် ရရှိ

    ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ချယ်ဆီးလူငယ်ကြယ်ပွင့် ရရှိ

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    championship

    – ချန်ပီယရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် ချယ်ဆီးလူငယ်ကြယ်ပွင့် ပက်ထရစ် ဘမ်းဖို့ဒ်မှာ ထိပ်တန်းခြေစွမ်းများကို ပြသနိုင်ခဲ့ပြီးနောက် ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိပြီး ချယ်ဆီးအသင်းကြီးအတွက် မကစားရသေးသော ဘမ်းဖို့ဒ်မှာ ပရီးမီးယားလိဂ်သို့ တက်ရောက်ရန် ကြိုးစားနေကာ တတိယနေရာတွင် ရှိနေသည့် မစ်ဒယ်ဘရော့အသင်းအတွက် ၃၆ ပွဲကစားထား ၁၇ ဂိုး သွင်းယူပေးထားသည်။

    ဘမ်းဖို့ဒ်မှာ အပ်စ်ဝစ်ခ်ျတောင်းမှ ဒါရိုင်လ် မာဖီနှင့် ၀ဒ်ဖို့ဒ်အသင်းမှ ထရွိုင် ဒီနေတို့ကို ကျော်ဖြတ်ကာ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အနာဂတ် ချယ်ဆီးအသင်းတွင် ပါဝင်ခွင့်ရရေး မသေချာသေးပေ။

    စပါးမှ လိဂ်ဝမ်းကလပ် MK Dons သို့ အငှားချထားသော ဒီလီအဲလီမှာလည်း လိဂ်ပြိုင်ပွဲများ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ၎င်းမှာ ဘမ်းဖို့ဒ်နှင့် နသန် ရက်မွန်းတို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။

    အသက် ၁၉ နှစ်အရွယ် အဲလီမှာ ဇန်န၀ါရီလကမှ စပါးအသင်သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သော်လည်း MK Dons သို့ ပြန်လည် အငှားချခြင်း ခံခဲ့ရပြီး အသင်းအတွက် ၁၅ ဂိုးသွင်းပေးခဲ့ကာ ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး လိဂ်ဝမ်းအမှတ်ပေးဇယား၏ တတိယနေရာ ရရှိရေးတွင် ကူညီပေးနိုင်ခဲ့သည်။

    Ref: Goal.com

  • မက္ကဆီကိုရဲများ လက်နက်မဲ့ လူ ၁၆ ဦးကို ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာ

    မက္ကဆီကိုရဲများ လက်နက်မဲ့ လူ ၁၆ ဦးကို ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာ

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    columbia

    – ဇန်န၀ါရီလက နေရာနှစ်ခုတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် လက်နက်မဲ့ လူ ၁၆ ဦးသေဆုံးမှုတွင် မက္ကဆီကိုရဲများက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကိုမီဒီယာများက ယမန်နေ့တွင် ဖော်ပြလိုက်ပြီး သေဆုံးမှုမှာ အချင်းချင်း မှားယွင်ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည်ဟူသော ဖက်ဒရယ်အစိုးရ၏ ပြောကြားမှုများနှင့် ဆန့်ကျင်ကွဲလွဲနေသည်။

    အဆိုပါအဖြစ်အပျက်များမှာ နိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေသည့် မီချိုအာကန်ပြည်နယ်မှ အပတ်ဇင်ဂန်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု Aristegui၊ Noticias၊ Univision နှင့် Proceso စသည့် မီဒီယာများက ယမန်နေ့တွင် အသေးစိတ်ဖော်ပြခဲ့သည်။

    ဖက်ဒရယ်ရဲတပ်ဖွဲ့ကမူ ထိုသို့ဖော်ပြမှုအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ ဖက်ဒရယ်ရဲတပ်ဖွဲ့ကို ကြီးကြပ်ပေးနေသည့် အမျိုးသားလုံခြုံရေးကော်မရှင်က စနေနေ့တွင် ၎င်းတို့မှာ ထိုအဖြစ်အပျက်နှင့် ဆက်စပ်သည့် လျှို့ဝှက်ဗီဒီယိုတစ်ခုကို ရရှိထားပြီး ထိုဗီဒီယိုကိုကြည့်၍ အပတ်ဇင်ဂန်၌ ဖက်ဒရယ်ရဲတပ်ဖွဲ့က အင်အားအလွန်ကျွံသုံးခြင်း သို့မဟုတ် အာဏာအား လွဲသုံးစားလုပ်ခြင်းတို့ ရှိခဲ့သည်ကို တစ်ဦးတစ်ယောက်က တွေတောသုံးသပ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ထိုပစ်ခတ်မှုတွင် သေဆုံးသွားသူ အများစုမှာ ဒေသတွင်း သြဇာကြီးသော လူဆိုးဂိုဏ်းများကို တွန်းလှန်ရန် ဖွဲ့ထားသည့် ရပ်ရွာအဖွဲ့များမှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။ ထိုအဖွဲ့များအား ယမန်နှစ်ကစ၍ ကျေးလက် ရဲတပ်ဖွဲ့သစ်အဖြစ် သတ်မှတ်ပေးခဲ့ပြီးနောက် ရရှိသည့်လစာ နည်းပါးမှုကြောင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ပစ်ခတ်ခဲ့သည်ဟု လွတ်မြောက်လာသူများနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှ ပြောကြားမှုကို ကိုးကား၍ မီဒီယာများက ထည့်သွင်းဖော်ပြခဲ့ကြသည်။

    မျက်မြင်သက်သေများကလည်း သေနတ်ဖြင့် အပစ်ခံရသူများမှာ ဆေးဘက်ဆိုင်ရာ ကုသမှုကို မရရှိကြဘဲ လမ်းမပေါ်တွင် သွေးထွက်လွန်၍ သေဆုံးခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။

    မီချိုအာကန်ဆိုင်ရာ ဖက်ဒရယ်အစိုးရ၏ လုံခြုံရေးကော်မရှင်နာမင်းကြီး အလ်ဖရက်ဒို ကတ်စ်တီလိုက ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်မှာ ရပ်ရွာအဖွဲ့ဝင်များ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။ ကတ်စ်တီလိုမှာ ပြည်နယ်တွင်း အကြမ်းဖက်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟူသော ဖိအားကြောင့် ဇန်န၀ါရီလက ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

    ပြီးခဲ့သည့်နှစ် စက်ဘာလက ပြည်နယ်တစ်ခုတွင် မူးယစ်ဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး အသတ်ခံလိုက်ရသည့် ကျောင်းသား ၄၃ ဦး ကိစ္စတွင်လည်း မက္ကဆီကိုရဲများမှာ အဆိုပါ ကျောင်းသားများကို ဖမ်းဆီး၍ မူးယစ်ဂိုဏ်း၏လက်ထဲသို့ အပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    Ref: Reuters

  • ဗီလာမှာ နိုင်ပွဲနှင့် ထိုက်တန်သည်ဟု ရော်ဂျာပြော

    ဗီလာမှာ နိုင်ပွဲနှင့် ထိုက်တန်သည်ဟု ရော်ဂျာပြော

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    liverpool

    – ယမန်နေ့ FA ဖလားပွဲတွင် မိမိတို့အသင်းမှာ အလွန်အမင်း အနိုင်ရချင်ခဲ့သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့ပြီး ပြိုင်ဘက်ဗီလာအသင်း၏ အနိုင်ရမှုမှာ ထိုက်တန်သည်ဟု ၀န်ခံခဲ့သည်။

    ဆီမီးဖိုင်နယ်ဖြစ်သည့် ထိုပွဲတွင် လီဗာပူးလ်မှာ ကော်တင်ဟို၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဗီလာအသင်းမှ ခရစ္စတီယန် ဘန်တီကီနှင့် ဖာဘီယန် ဒဲလ်ဖ်တို့၏ ချေပဂိုးများကို ခွင့်ပြုခဲ့ရကာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ထိုကဲ့သို့ ရှုံးနိမ့်ခြင်းက လီဗာပူးလ်အသင်းအား ဖလားလက်မဲ့ရာသီဖြစ်ရန် ကျိန်းသေခဲ့ပြီး ရော်ဂျာမှာလည်း ၁၉၅၀ ခုနှစ် နောက်ပိုင်း ၃ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့သည့် ပထမဆုံး လီဗာပူးလ်နည်းပြအဖြစ် စာရင်းဝင်သွားခဲ့သည်။ ရော်ဂျာကမူ အသင်းနေဖြင့် ထိုခံစားမှုကို အသင်းပိုကောင်းလာရေးအတွက် အသုံးချသွားမည်ဟု ဆိုသည်။

    “ရေကုန်ရေခန်းတိုက်ပွဲဝင်သွားမယ်လို့ ကျွန်တော်တို့ သန္ဓိဌာန်ချထားခဲ့တာပါ။ ပြိုင်ပွဲနှစ်ခုမှာ (ဗိုလ်စွဲဖို့) နီးစပ်ခဲ့ပေမယ့် အဆင့်တစ်ခုရောက်အောင် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ အနာဂတ်အတွက် ဒီကနေ သင်ယူနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတစ်လေ အနိုင်ရလိုစိတ် သိပ်များနေနိုင်ပြီး အနိုင်ရစေမယ့် အာရုံစူးစိုက်မှုကနေ အဝေးရောက်သွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေ ဒီနေ့မှာ ကျခဲ့တယ်လို့ ထင်ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ရော်ဂျာက ဗီလာမှာ အစကောင်းခဲ့ပြီး ၎င်းတို့ ပြုသမျှကို မိမိတို့က နုခဲ့ရကြောင်း၊ ဗီလာမှာ အနိုင်နှင့် ထိုက်တေန်ပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လီဗာပူလ်းမှာ ယမန်နှစ်က ခြေစွမ်းကောင်းများ ပြသခဲ့ပြီး ပရီးမီးယားလိဂ်တွင် ဒုတိယနေရာကို ရရှိခဲ့သည်။ ရော်ဂျာကမူ ယခုနှစ်တွင် အသင်းသားများ၌ ထိုကဲ့သို့ စူးစိုက်မှု လျော့ကျသွားခဲ့သည်ဟု ၀န်ခံခဲ့သည်။

    Ref: Goal.com